ဂီတလောကမှာ အနုပညာရှင်တစ်ဦးဖြစ်လာဖို့ဆိုတာဟာ လွယ်ကူတဲ့အရာမဟုတ်ဘဲ မွေးရာပါ ပါရမီနဲ့ အပတ်တကုပ် ကြိုးစားမှုတွေရှိမှသာ လူအများနှစ်သက်လက်ခံတဲ့ ဂီတ ပညာရှင်တစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်။

နာမည်ကျော် လူကြိုက်များတဲ့ ဂီတပညာရှင်တစ်ဦးဖြစ်လာသည့်တိုင်အောင် အချို့ဟာ အလွန်ငယ်ရွယ်သေးပြီး လင်းလက်နေဆဲမှာပဲ ကြွေလွင့်ခဲ့ရတာဟာ ဂီတလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးဖြစ်ခဲ့ပြီး ဇွန်လမှာ ကြွေလွင့်ခဲ့ရတဲ့ ဂီတကြယ်ပွင့် ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

Dee Dee Ramone

Photo: Survivingthegoldenages

၅။ ဒီးဒီး ရာမုန်း

Ramones ရော့ခ်ဂီတတီးဝိုင်းကို တည်ထောင်တဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဒီးဒီး ရာမုန်းဟာ အောင်မြင်ကျော်ကြားတဲ့ အမေရိကန် ဂီတ ပညာရှင်ဖြစ်ပြီး “53rd & 3rd”, “Chinese Rock”, “Commando”, “Wart Hog”, “Rockaway Beach”, “Poison Heart” နဲ့ “Bonzo Goes To Bitburg”တို့လို လူသိများကျော်ကြားတဲ့သီချင်းတွေကို ကိုယ်တိုင်ရေးဖွဲ့ သီဆိုခဲ့တာဖြစ်ပါတယ်။ ဒီးဒီး ရာမုန်းဟာ မူလ ဒရမ်မာ ဂျိုဝီ ရာမုန်းက ပင်တိုင်အဆိုရှင်တာဝန်ကို မယူခင် တီးဝိုင်းရဲ့ ပင်တိုင်အဆိုရှင်ဖြစ်ခဲ့ပြီး တီးဝိုင်းကို ရပ်နားခဲ့တဲ့ ၁၉၉၆ ခုနှစ်အထိ သီချင်းတွေ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီးဒီးဟာ ဆယ်ကျော်သက်အရွယ်ကတည်းက သုံးစွဲခဲ့တဲ့ ဘိန်းဖြူကို မသုံးရမနေနိုင်အောင် စွဲလမ်းခဲ့ပြီး ၂၀၀၂ ခုနှစ် ဇွန်လ ၅ ရက်နေ့ အသက် ၅၀ အရွယ်မှာ ဆေးလွန်ပြီး ကွယ်လွန်ခဲ့ပါတယ်။

Vinnie Paul

Photo: Alternativenation.net

၄။ ဗင်နီ ပေါလ်

ဗင်းဆင့် ပေါလ် အက်ဘော့တ်လို့ အမည်ရတဲ့ ဗင်နီ ပေါလ်ဟာ ဟဲဗီးမက်တယ်တီးဝိုင်းဖြစ်တဲ့ Pantera ရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဒရမ်မာဖြစ်ပါတယ်။ ဒါ့အပြင် ဗင်နီဟာ Hellyeah တီးဝိုင်းရဲ့အဖွဲ့ဝင်အဖြစ် ၂၀၀၆ ခုနှစ်ကနေ ကွယ်လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်အထိ ဖျော်ဖြေပေးခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ၎င်းရဲ့ ညီဖြစ်သူ ဒိုင်းဘက် ဒဲရဲနဲ့အတူ Damageplan လို့အမည်ရတဲ့ ဟဲဗီးမက်တယ်တီးဝိုင်းကို တည်ထောင်ခဲ့ပါသေးတယ်။ ရော့ခ် ဂီတသတင်းဌာနအများအပြားက ဗင်နီ ပေါလ်ကို တသက်တာအကောင်းဆုံး မက်တယ် ဒရမ်မာတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာ လပ်စ် ဗေးဂတ်စ်က နေအိမ်မှာ နှလုံးသွေးကြောပိတ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

Paul "Tonka" Chapman

Photo: Universal881.com

၃။ ပေါလ် ချက်ပ်မန်း

ပေါလ် ချက်ပ်မန်းဟာ UFO နဲ့ Lone Star တို့လို တီးဝိုင်းတွေမှာ ဖျော်ဖြေခဲ့တာကြောင့် လူသိများကျော်ကြားတဲ့ ဝေးလ်လူမျိုး ရော့ခ် ဂီတာသမားဖြစ်ပြီး ၎င်းရဲ့ ဖျက်ဆီးပစ်လို့မရနိုင်တဲ့ အရည်အသွေးတွေကြောင့် ‘Tonka'(ကြီးမြတ်သော)ဆိုတဲ့ နာမည်ပြောင်ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ပေါလ် ချက်ပ်မန်းဟာ ၂၀၂၀ ခုနှစ် ဇွန်လ ၉ ရက်နေ့ ၎င်းရဲ့ ၆၆ နှစ်ပြည့်မွေးနေ့မှာပဲ ကွယ်လွန်သွားခဲ့ပြီး သား ၂ ယောက်၊ သမီးတစ်ယောက်၊ မြေး ၉ ဦး၊ မြေးမ ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။

Photo: Rock Celebrities

၂။ ဟီလာ စလိုဗက်

အစ္စရေး-အမေရိကန်နွယ်ဖွား ဂီတပညာရှင် ဟီလာ စလိုဗက်ဟာ ၁၉၈၃ ခုနှစ်မှာ ဖလီး၊ ကီးဒစ်၊ အိုင်းရွန်းစ်တို့နဲ့အတူ ကမ္ဘာကျော် တီးဝိုင်းဖြစ်လာမယ့် လော့စ် အိန်ဂျလိစ်ရော့ခ်ဂီတအဖွဲ့ Red Hot Chili Peppers ကို တည်ထောင်ခဲ့ပြီး ပင်တိုင်ဂစ်တာသမား ဖြစ်ပါတယ်။ ဟီလာ စလိုဗက်ဟာ ၁၉၈၄ မှာ အဖွဲ့ကို စွန့်ခွာခဲ့တာကြောင့် Red Hot Chili Peppers ဟာ ၎င်းမပါဝင်ဘဲ ပွဲဦးထွက်အယ်လ်ဘမ်ကို အသံသွင်းခဲ့ရပြီး ၁၉၈၅ ခုနှစ်မှာ အဖွဲ့နဲ့ ပြန်လည်ပူးပေါင်းခဲ့ပြီးနောက် Freaky Styley(၁၉၈၅)၊ The Uplift Mofo Party Plan(၁၉၈၇) အယ်လ်ဘမ် ၂ ခုကို အသံသွင်းခဲ့ပါတယ်။

ဟီလာ စလိုဗက်ဟာ မူးယစ်ဆေးကို အရူးအမူးစွဲလမ်းခဲ့ပြီး အကြိမ်ပေါင်းများစွာ ဖြတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ ၁၉၈၈ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ ဆေးလွန်သေဆုံးခဲ့ရပါတယ်။ ၁၉၆၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဟီလာ စလိုဗက်ဟာ ကွယ်လွန်ချိန်မှာ အသက် ၂၆ နှစ်အရွယ်သာ ရှိသေးပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့မှာ Red Hot Chili Peppers ရဲ့အဖွဲ့ဝင်အဖြစ် Rock and Roll Hall of Fame ထဲကို ထည့်သွင်းဂုဏ်ပြုခံခဲ့ရပြီး ၎င်းရဲ့ ညီဖြစ်သူက ကိုယ်စား လက်ခံရယူပေးခဲ့ရပါတယ်။

Michael Jackson

Photo: DW

၁။ မိုက်ကယ် ဂျက်ဆင်

ပေါ့ပ် ဂီတ ရဲ့ဘုရင်လို့ သတ်မှတ်ခြင်းခံခဲ့ရတဲ့ မိုက်ကယ် ဂျက်ဆင်ဟာ တစ်ကမ္ဘာလုံး မသိသူမရှိလောက်အောင် ထင်ပေါ်ကျော်ကြားခဲ့တဲ့ အမေရိကန် အဆိုတော်၊ တေးရေးဆရာ၊ အကသမားဖြစ်ပါတယ်။ မိုက်ကယ်ဂျက်ဆင်ဟာ ဆယ်စုနှစ် ၄ ခုကျော် ဂီတ လောကမှာ လျှမ်းလျှမ်း တောက် အောင်မြင်ခဲ့ပြီး ဂရမ်မီ ၁၅ ဆု၊ ဘရစ်တ်ဆု ၆ ဆု၊ ရွှေကမ္ဘာလုံးဆုတစ်ခုနဲ့ ဂင်းနစ် ကမ္ဘာ့စံချိန် ၃၉ ခုကို ရရှိခဲ့တာဖြစ်ပါတယ်။ မိုက်ကယ် ဂျက်ဆင်ဟာ လန်ဒန်မှာ ၎င်းရဲ့ This Is It ရှိုးကို ပထမဆုံး မကျင်းပမီ ၃ ပတ်တောင်မလိုတော့တဲ့ ၂၀၀၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ propofol နဲ့ benzodiazepine ဆေးတွေကို အလွန်အကျွံသုံးစွဲမှုကြောင့် နေအိမ်မှာ နှလုံးရပ် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

Featured Photo: Rolling Stone