ဆယ်စုနှစ်တစ်စုစီမှာ အအောင်မြင်ဆုံး အဆိုတော် အနည်းဆုံး ၁၀ ယောက်ထက်မနည်း ပေါ်ထွက် လေ့ရှိပါတယ်။ တချို့ ဂန္ထဝင် အဆိုတော်ကြီးတွေဆိုရင် ဆယ်စုနှစ်တွေ ဘယ်လောက်ပဲပြောင်းလဲပါစေ ၊ ခေတ်ပေါ်တေးဂီတတွေ ဘယ်လောက်ပဲ တိုးတက်ထွန်းကားလာပါစေ သူတို့ဖန်တီးခဲ့တဲ့ ဂီတအနုပညာနဲ့ သီချင်းတွေဟာ ဒီနေ့အထိတိုင် လူတိုင်းရဲ့ ပါးစပ်ဖျားမှာ သီဆိုနေကြတဲ့အထိ အောင်မြင်မှု ရရှိနေကြဆဲ ဖြစ်ပါတယ်။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ အနုပညာရှင်တွေ များစွာထဲကမှ ၈၀ ခုနှစ် တွေရဲ့ အကောင်းဆုံး ပေါ့ပ်စတား ၅ ဦး အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Billy Joel

 

Source : Billy Joel

Billy Joel ဟာ လှပတဲ့ သီချင်းအေးအေးလေးတွေနဲ့တွဲပြီး လူသိများကျော်ကြားတဲ့ အမေရိကန်အဆိုတော် ၊ တေးဆရာနဲ့ စန္ဒယားပညာရှင်တစ်ဦး ဖြစ်ပါတယ်။ Piano Man ၊ Vienna ၊ New York State of Mind စတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီး ၁၉၇၁ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ ပေါ့ပ်နဲ့ ရော့ခ် စတူဒီယိုအယ်လ်ဘမ် ၁၂ ချပ် ၊ ၂၀၀၁ ခုနှစ်မှာ ဂန္တဝင်တေးရေး အယ်လ်ဘမ်တစ်ချပ်ကို ထုတ်ဝေခဲ့ပါတယ်။ ၈၀ ခုနှစ်ဝန်းကျင်က ထွက်ခဲ့တဲ့ Joel ရဲ့ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး တေးအယ်လ်ဘမ်တွေကတော့ Glass Houses (1980) ၊ The Nylon Curtain (1982) ၊ An innocent Man (1983) ၊ The bridge (1986) နဲ့ Storm Front (1989) တို့ပဲ ဖြစ်ပါတယ်။ Billy Joel ဟာ ယူအက်ရဲ့ စတုတ္ထမြောက် ရောင်းအားအကောင်းဆုံး တစ်ကိုယ်တော် အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပြီး ၈၀ ခုနှစ် တွေထဲကထင်ရှားတဲ့ နာမည်ကြီး ပေါ့ပ်စတား တစ်ဦးလည်း ဖြစ်ပါတယ်။

(၂) Michael Jackson

 

Source : Michael Jackson

၈၀ ခုနှစ်တွေရဲ့ အကောင်းဆုံး ပေါ့ပ်စတား တွေအကြောင်းပြောရင် ချန်ထားခဲ့လို့မရတဲ့သူ တစ်ဦးက အမေရိကန် အဆိုတော် Michael Jackson ပဲဖြစ်ပါတယ်။ MJ ကိုတော့ သူရဲ့ အမိုက်စား Moonwalk ကကွက်တွေ ၊ ပေါ့ပ်သီချင်းတွေနဲ့ တွဲပြီးလူသိများပါတယ်။ MJ ရဲ့ သီချင်းတွေဟာ ဆယ်စုနှစ်များစွာကို ကျော်လွန်လာခဲ့ပေမယ့် ဒီနေ့ထိ လူကြိုက်များနေဆဲဖြစ်ပြီး နားထောင်လိုက်တိုင်းမှာ ခန္ဓာကိုယ်က အလိုလို ကခုန်နေမိတဲ့အထိ မြူးမြူးကြွကြွနဲ့ ဆန်းသစ်တဲ့ ခံစားမှုကို ရရှိခံစားစေပါတယ်။ Thriller (1982) နဲ့ Bad (1987) တေးအယ်လ်ဘမ်တွေကတော့ ၈၀ ခုနှစ်ဝန်းကျင်က ထွက်ခဲ့တဲ့ MJ ရဲ့ လူကြိုက်အများဆုံး အယ်လ်ဘမ်တွေဖြစ်ပြီး ၈၀ ခုနှစ် ရဲ့ အအောင်မြင်ဆုံး ပေါ့ပ်စတားတစ်ဦးလည်း ဖြစ်ပါတယ်။

(၃) Celine Dion

Source : Celine Dion

Celine Dion ကတော့ Titanic ရုပ်ရှင်ထဲက My Heart Will Go On ဇာတ်ဝင်တေးကို သီဆိုပေးခဲ့တဲ့ ကနေဒါအဆိုတော် တစ်ဦးဖြစ်ပါတယ်။ သူမကို အဲ့ဒီခေတ် မီဒီယာတွေက “Queen of Power Ballads” လို့ ရည်ညွှန်းပြောဆိုလေ့ ရှိကြပါတယ်။ ၈၀ ခုနှစ် မှာ သူမရဲ့ပထမဆုံး ပွဲဦးထွက် အယ်လ်ဘမ်ထွက်ခဲ့ပြီး အဲ့ဒီခေတ်ကာလတွေအတွင်းက သူမရဲ့ တေးအယ်လ်ဘမ်အားလုံးဟာ ပြင်သစ်ဘာသာစကားနဲ့သာ သီဆိုထားတာ ဖြစ်ပါတယ်။ La voix du bon Dieu (1981) ၊ Céline Dion chante Noël (1981) ၊ Tellement j’ai d’amour… (1982)
Les chemins de ma maison (1983) ၊ Chants et contes de Noël (1983) ၊ Mélanie (1984) ၊ C’est pour toi (1985) နဲ့ Incognito (1987) စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပါတယ်။

(၄) Elton John

Source : Elton John

၈၀ ခုနှစ် တွေထဲမှာ နောက်ထပ်ကျော်ကြားတဲ့ အဆိုတော်တစ်ဦးကတော့ Elton John ဖြစ်ပါတယ်။ John ဟာ Rock ၊ Pop-Rock ၊ Glam Rock နဲ့ Soft Rock စတဲ့ဂီတအမျိုးအစားတွေ သီဆိုပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ၁၉၈၇ ခုနှစ်ကလွဲပြီး ကျန်တဲ့နှစ်တွေမှာ တစ်နှစ်ကို တေးအယ်လ်ဘမ်တစ်ချပ်စီ ထွက်ခဲ့တဲ့ နာမည်ကြီး အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ 21 at 33 (1980) ၊ The Fox (1981) ၊ Jump Up! (1982) ၊ Too Low for Zero (1983) ၊ Breaking Hearts (1984) ၊ Ice on Fire (1985) ၊ Leather Jackets (1986) ၊ Reg Strikes Back (1988) နဲ့ Sleeping with the Past (1989) စတဲ့ တေးအယ်လ်ဘမ်တွေ ပါဝင်ပါတယ်။

(၅) Frank Sinatra

Source : Frank Sinatra

အမေရိကန်အဆိုတော် Frank Sinatra ဟာလည်း ၈၀ ခုနှစ် တွေအတွင်းက အကောင်းဆုံး ပေါ့ပ်စတား တစ်ဦး ဖြစ်ပါတယ်။ ၈၀ ခုနှစ် အတောအတွင်း Trilogy: Past Present Future (1980) ၊ She Shot Me Down (1981) နဲ့ L.A. Is My Lady (1984) စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပြီး လူကြိုက်များကျော်ကြားတဲ့ ဂန္ထဝင်အဆိုတော်ကြီးတစ်ဦး ဖြစ်ပါတယ်။

Featured Photo : New York Post