ကမ္ဘာတလွှားက ဘောလုံးပရိသတ်တွေ ရင်ခုန်စွာ စောင့်မျှော်နေကြတဲ့ ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကြီးကတော့ လာမယ့် နိုဝင် ဘာလ ၂၀ ရက်နေ့ တနင်္ဂနွေနေ့မှာ စတင်သွားတော့မှာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဘောလုံးလောကရဲ့ ဩဇာလွှမ်းမိုးမှု အရှိဆုံး ပြိုင်ပွဲကြီးတစ်ခုဖြစ်သလို ၄ နှစ်မှ ၁ ကြိမ် ကျင်းပရတဲ့အတွက် ကစားသမားတွေရော ပရိသတ်တွေပါ အားသွန်ခွန်စိုက် ယှဉ်ပြိုင်အားပေးသွားကြမှာ အသေအချာပါပဲ။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနား ၊ ဘရာဇီး ၊ ပေါ်တူဂီ ၊ အင်္ဂလန် အပါအဝင် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ အသင်းစာရင်းတွေ ထွက်ပေါ်နေပြီဖြစ်သလို ဘောလုံးပရိသတ်တွေ စောင့်ကြည့်ရမယ့် နာမည်ကြီးထိပ်တန်းကစားသမားတွေလည်း ရှိနေပါတယ်။ ဒီထဲကမှ ယခုနှစ် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အတွင်း သေချာပေါက် စောင့်ကြည့်ရမယ့် ကစားသမား ၅ ဦး ကို ပြောပြပေးချင်ပါတယ်။

ဟယ်ရီကိန်း (အင်္ဂလန်)

Photo : The Sun

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကတော့ ဒီနှစ်စောင့်ကြည့်ရမယ့် ကစားသမားတွေထဲမှာ ထိပ်ဆုံးက ရှိနေပါတယ်။ ဟယ်ရီကိန်းဟာ ပျမ်းမျှအားဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ပွဲမှာ သွင်းဂိုးတစ်ဂိုး သွင်းယူထားသူ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းအတွက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ ဝိန်းရွန်းနီရဲ့  ၅၃ ဂိုးစံချိန်ကိုလိုက်မှီဖို့ နိုင်ငံတကာသွင်းဂိုး ၂ ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။

ရောဘတ် လီဝန်ဒေါ့စကီး (ပိုလန်)

Photo : Bayern Strikes

အသက် ၃၄ နှစ်အရွယ် ဝါရင့်ကစားသမား ရောဘတ် လီဝန်ဒေါ့စကီး ကလည်း ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အတွင်း စောင့်ကြည့်ရမယ့် ကစား သမား ၅ ဦး စာရင်းမှာ ပါဝင်ပါတယ်။ လီဝန်ဒေါ့စကီးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဂျာမန်ဘွန်ဒက်လီဂါမှာ ၇ ရာသီကြာ သွင်းဂိုးအများဆုံးကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ဘာစီလိုနာအသင်းကို ပြောင်းရွေ့လာခဲ့ပြီးနောက်မှာလည်း ပထမဆုံး ပွဲဦးထွက်ရာသီအတွက် ၁၉ ပွဲမှာ ၁၈ ဂိုး အထိ သွင်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ – ၂၀၂၁ ရာသီမှာလည်း တစ်ဦးတည်း ၄၁ ဂိုးအထိသွင်းယူထားပြီး ထာဝရအကောင်းဆုံး ဂိုးသွင်းနတ်ဘုရားဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားသူ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီ (အာဂျင်တီးနား)

Photo : The Japan Times

ပီအက်စ်ဂျီ ဂန္ထဝင်ကစားသမား လီယွန်နယ် မက်ဆီကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ဘောလွန်းဒီအော ၇ ဆု ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ မက်ဆီဟာ ဆယ်ကျော်သက်အရွယ် ဘာစီလိုနာအသင်းကို စတင်ရောက်လာကတည်းက ဥရောပဘောလုံးလောကရဲ့ မှတ်တမ်းများစွာကို ချိုးဖျက်နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့်လည်း ကမ္ဘာ့ဖလားချန်ပီယံဆုကို တစ်ကြိမ်မှ ရယူထားနိုင်ခြင်း မရှိသေးပါဘူး။ ဒီနှစ်ဟာ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ လည်းဖြစ်တဲ့အတွက် အထူးခြားဆုံး စွမ်းဆောင်ရည်တွေနဲ့ မှတ်တမ်းသစ်တစ်ခု ရေးထိုးသွားမလားဆိုတာတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ကိုင်လီယန် အမ်ဘာပေ (ပြင်သစ်)

Photo : Goal.com

မျိုးဆက်သစ် ဘောလုံးကစားသမားတွေထဲမှာ မက်ဆီရဲ့ခြေစွမ်းကို အမှီလိုက်နိုင်တယ်လို့ လူပြောများတဲ့ အထွန်းတောက်ဆုံး ကြယ်တစ်ပွင့်ဖြစ်လာသူ အမ်ဘာပေ ဟာလည်း ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သေချာပေါက် စောင့်ကြည့်ရမယ့် ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်သားဟာ လက်ရွေးစင်အသင်းအတွက် ၂၈ ဂိုး သွင်းယူပေးထားပါတယ်။ အမ်ဘာပေဟာ ဖျက်လက်သွက်လက်တဲ့ ဘောလုံးကစားဟန် ၊ လျင်မြန်တဲ့ပြေးနှုန်းနဲ့ ကွင်းထဲမှာ စွယ်စုံရတဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ နာမည်ကြီးလာခဲ့ပြီး ပီအက်စ်ဂျီ အသင်းအတွက် ပြင်သစ်လိဂ်ချန်ပီယံဆု ၅ ကြိမ် နဲ့ ပြင်သစ်လက်ရွေးစင်အသင်း ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံဆု ဆွတ်ခူးခဲ့ရာမှာလည်း အဓိက စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို (ပေါ်တူဂီ)

Photo : The Irish Sun

ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် ခရစ္စတီယာနို ရော်နယ်ဒို ကလည်း ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ စောင့်ကြည့်ရမယ့် ကစားသမားတွေထဲက တစ်ဦးဆိုတာ သေချာပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သလိုလက်ရွေးစင်အသင်းအတွက် သွင်းဂိုးပေါင်း ၁၁၇ ဂိုးအထိ သွင်းယူပေးထားပါတယ်။ ရော်နယ်ဒိုဟာ တီထွင်ဖန်တီးမှုရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကမ္ဘာက စောင့်ကြည့်နေတာကို နှစ်သက်သူဖြစ်တဲ့အတွက် ဒီနှစ်မှာလည်း အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ ပေါ်တူဂီအသင်းအတွက် မှတ်တိုင်ကောင်းတွေ စိုက်ထူနိုင်မလားဆိုတာ ရင်ခုန်စရာပဲ ဖြစ်ပါတယ်။

အထက်ပါ ကစားသမားတွေအပြင် လူကာမိုဒရစ် (ခရိုအေးရှား) ၊ ပယ်ဒရီ (စပိန်) ၊ နေမာ (ဘရာဇီး) ၊ ဗာဂျီလ်ဗန်ဒိုက် (နယ်သာလန်) နဲ့ ဂါရတ်ဘေးလ် (ဝေးလ်) တို့ဟာလည်း ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ အတွင်း စောင့်ကြည့်ရမယ့် ကစားသမားစာရင်းမှာ ပါဝင်ပါတယ်။

Featured Photo : KreedOn