မန်ချက်စတာ ယူနိုက်တက်အသင်း တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဟာ ငယ်ဘဝကလပ် စပို့တင်းလစ္စဘွန်းကို ပြန်လာဖို့ နီးစပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၃၇ နှစ်အရွယ် ဝါရင့်ကစားသမားဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ဆက်တိုက်ထွက်ပေါ်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကစားရမယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ချင်နေတာကြောင့် ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ စိတ်အားပြင်းပြနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုကတော့ ပေါ်တူဂီကြယ်ပွင့်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဖြစ်နိုင်ခြေနည်းတယ်လို့ Sportsmail သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Photo : talkSPORT

CaughtOffside ကတောာ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညနေက သူတို့ရဲ့တွစ်တာ လူမှုကွန်ယက်စာမျက်နှာမှာ “ ခရစ္စတီယာနို ရော်နယ်ဒို ကို စပို့တင်းလစ္စဘွန်းက ခေါ်ယူဖို့ အလွန်အနီးစပ်နေပါပြီ။ ကလပ်အသင်းအနေနဲ့ မနက်ဖြန်ကစပြီး ပြင်ဆင်မှုတွေ လုပ်သွားပါမယ်။ ဆွေးနွေးညှိနှိုင်းမှုတွေက ၉၉ ရာခိုင်နှုန်းလောက် ပြီးမြောက်နေပါပြီ။ ဂျော့မန်းဒက်စ်ကလည်း အဖြေတစ်ခုရှာဖို့ ကြိုးစားလုပ်ဆောင် နေပါတယ်။ စပို့တင်းလစ္စဘွန်း အသင်းကလည်း ရော်နယ်ဒိုပြန်လာဖို့အတွက် ရက်သတ္တပတ်များစွာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါပြီ” လို့ ရေးသားခဲ့ပါတယ်။

မကြာခင်မှာပဲ ရော်နယ်ဒိုဟာ လေ့ကျင့်ရေးဆင်းနေတဲ့ ပုံတစ်ပုံနဲ့အတူ သူ့ရဲ့ အင်စတာဂရမ်မှာ “ အာရုံစိုက်ပြီး အလုပ်ဆက် ကြိုးစားနေတယ် ” လို့ တင်သွားခဲ့ပါတယ်။ ဒီပို့စ်ဟာ လီဗာပူးကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ရော်နယ်ဒိုရဲ့ သတင်းနှစ်ပတ်ကျော်အကြာမှ ပထမဆုံးပြန်တင်ခဲ့တဲ့ ဆိုရှယ်မီဒီယာ ပို့စ်တစ်ခုဖြစ်ပြီး လူပေါင်း ၂.၃ သန်း Liked လုပ်ခဲ့ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးဟာ ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့တဲ့ စိတ်ပျက်စရာ ရာသီအစနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ဒီနွေရာသီအစောပိုင်းထဲက အသင်းကနေ ထွက်ခွာလိုကြောင်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ နေမလား ၊ သွားမလားဆိုတဲ့ အပြောင်းအရွှေ့ဇာတ်လမ်းဟာ နည်းပြသစ် အဲရစ်တန်ဟတ်အတွက်လည်း ရာသီအစ ရုန်းကန်နေရဆဲကာလမှာ အသင်းရဲ့စည်းလုံးမှုပိုင်းကိုပါ ထိခိုက်မှုတွေ ရှိစေခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကို ခေါ်ယူချင်တဲ့ သင့်တော်တဲ့ အသင်းရှာမတွေ့ခဲ့ပဲ ချဲလ်ဆီးအသင်းက အပြောင်းအရွေ့အတွက် သွေးအေးသွားခဲ့ပြီး အက်သလက်တီကို မက်ဒရစ်အသင်းကလည်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကြောင့် လက်ရှောင်သွားခဲ့ပါတယ်။

စပို့တင်းလစ္စဘွန်းအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပေါ်တူဂီလိဂ်မှာ အဆင့် ၂ ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရရှိထားကာ တော့တင်ဟမ် စပါး ၊ ဖရန့်ဖတ် ၊ မာဆေးလ်တို့နဲ့ အုပ်စုတစ်စုထဲ ကျနေတာကြောင့် ရော်နယ်ဒိုအနေနဲ့ ပေါ်တူဂီမြို့တော်ကို ပြန်လာတာဟာ ပိုပြီးအဓိပ္ပါယ်ရှိတယ်လို့ ခံစားရစေမှာ သေချာပါတယ်။

ဒါပေမယ့် နည်းပြရူဘင်အာမိုရီရဲ့ အသင်းဟာ ရော်နယ်ဒိုရဲ့ မြင့်မားလှတဲ့ လုပ်ခလစာနဲ့ ပတ်သတ်ပြီး ပေးချေနိုင်ခြင်း ရှိမရှိဆိုတာအတွက် မေးခွန်းများစွာရှိနေပြီး ယူနိုက်တက် သတင်းရင်းမြစ်တစ်ခုကတော့ အဆိုပါအပြောင်းအရွှေ့မှာ ဖြစ်လာနိုင်ဖွယ်မရှိကြောင်း အတည်ပြုခဲ့ပါတယ်။


Photo : The Daily Star

ပေါ်တူဂီလက်ရွေးစင် ကစားသမားဟာ ၂၀၀၃ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ယူနိုက်တက် အသင်းကို မပြောင်းရွှေ့မီ စပို့တင်းမှာ တစ်ရာသီ ကစားခဲ့ပါတယ်။ ယူနိုက်တက်က ထွက်ခွာပြီး ရီရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်အသင်းတွေမှာ ပြောင်းရွှေ့ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ယူနိုက်တက်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပုဂ္ဂိုလ်ရေးရာ ကိစ္စတွေကြောင့် ယူနိုက်တက်ရဲ့ ရာသီကြို ခရီးစဉ်တွေကို လွဲချော်ခဲ့ပြီးနောက် ဘရန်ဖို့ဒ်အသင်းနဲ့ ဒီရာသီဒုတိယမြောက်ပွဲစဉ်မှာ ပွဲထွက်လူစာရင်းထဲ ပြန်လည်ပါဝင်ခဲ့ပေမယ့် ဘရန်ဖို့ဒ်အသင်းကို ၄ – ၀ ဂိုးရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။

ခါးသီးတဲ့ပြိုင်ဘက် လီဗာပူးနဲ့ ထိပ်တိုက် ပွဲစဉ်မှာတော့ ပွဲထွက်လူစာရင်းထဲကနေ ပြန်လည်ချန်လှပ်ခံခဲ့ရပြီး ပွဲချိန်နောက်ဆုံး ၄ မိနစ်မှ လူစားလဲပါဝင် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အသင်းက ၂ – ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ရော်နယ်ဒို မပါပဲနဲ့လည်း ယူနိုက်တက်အနေနဲ့ နိုင်ပွဲဖော်ဆောင်နိုင်တယ်ဆိုတာကို ပြသသွားခဲ့တာဖြစ်ကြောင့် ရော်နယ်ဒိုရဲ့ အနာဂတ်ဟာ အသင်းမှာဆက်ရှိနေဖို့ ပိုပြီး မသေချာသလောက် ဖြစ်သွားခဲ့ပါပြီ။

Featured Photo : Daily Mail