အချိန်ခရီးသွား (Time Traveller) လို့ ကိုယ့်ကိုယ်ကို ဆိုထားတဲ့ TikTok အသုံးပြုသူတစ်ဦးက ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘယ်အသင်း အနိုင်ရမယ်ဆိုတာကို ဗီဒီယိုဖိုင်နဲ့တကွ ဟောကိန်းထုတ်လိုက်ပါတယ်။

Photo : LADbible

ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပြီးခဲ့တဲ့ အပတ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ပြိုင်ဆိုင်မှုအပြင်းအထန်ဆုံး ဗိုလ်လုပွဲစဉ်ကို ရောက်ဖို့ အချိန် ၃ ပတ်ခန့်သာ လိုပါတော့တယ်။ ယခုအခါ TikTok အသုံးပြုသူတစ်ဦးဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်အသင်းက ဗိုလ်စွဲမယ်ဆိုတာကို ရုပ်သံမှတ်တမ်းနဲ့တကွ သုံးပတ်ကြိုတင်ပြီး ဖွင့်ဟလိုက်တာ ဖြစ်ပါတယ်။

@worldcuptimetraveller နာမည်နဲ့ TikTok အသုံးပြုသူဟာ ပြီးခဲ့တဲ့ နွေရာသီ ယူရို ၂၀၂၀ ဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းက အီတလီကို ရှုံးနိမ့်လိမ့်မယ်လို့ ခန့်မှန်းခဲ့ဖူးပြီ ယခုတစ်ခါမှာလည်း နောက်ထပ်ကြီးမားတဲ့ ဟောကိန်းထုတ်ချက်တစ်ခုနဲ့အတူ ပြန်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာမှာ မျှဝေထားတဲ့ ဗီဒီယိုဖိုင်မှာတော့ ဘရာဇီးက ကာတာ ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ပြင်သစ်ကို ၂ – ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပုံရိပ်တွေကို ပြသခဲ့ပါတယ်။ ဒီထဲမှာ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းငိုက်စိုက် ကျနေတဲ့ ပြင်သစ်တိုက်စစ်မှူး အိုလီဗီယာဂီရော့နဲ့ ဘရာဇီး ကစားသမားတွေရဲ့ အကြီးအကျယ်အောင်ပွဲခံနေတဲ့ ပုံရိပ်တွေကို မြင်တွေ့ခဲ့ရပါတယ်။

Photo : The Sun

ဂိုးသွင်းယူမှု ဂရပ်ဖစ်တွေကလည်း ယခုပြိုင်ပွဲရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မြင်တွေ့နေရတဲ့ ပုံစံတွေနဲ့ အတိအကျ တူညီနေကာ ရစ်ချာလီဆင်နဲ့ မာကွီဟိုတို့က နည်းပြတီတေးရဲ့ ဘရာဇီးအသင်းအတွက် ဂိုးသွင်းယူပေးခဲ့တဲ့ ကစားသမားတွေ ဖြစ်ကြပြီး ပြင်သစ်အတွက် ဂိုးသွင်းပေးခဲ့သူကတော့ အန်တွိုင်ဂရစ်ဇ်မန်း ဖြစ်တယ်လို့ အချိန်ခရီးသွား ဆိုသူက ဖော်ပြခဲ့ပါတယ်။

ဗီဒီယိုရဲ့ ခေါင်းစဉ်မှာတော့ “၂၀၂၂ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဘရာဇီးက ပြင်သစ်ကို အနိုင်ရရှိပါလိမ့်မယ်။ ကျွန်တော်က အချိန်ခရီးသွား တစ်ယောက်ပါ။ အရင်နှစ်တွေကလို အကူအညီဖြစ်မယ် ထင်ပါတယ်” လို့ ရေးသားထားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ အဆိုပါ ဗီဒီယိုဖိုင်အပေါ် ပရိသတ်တွေရဲ့ တုံ့ပြန်မှုတွေကလည်း အရမ်းကိုမြန်ဆန်ခဲ့ပြီး ပရိသတ်တစ်ယောက်က “ ဒါက ဘယ်လို့ ဒီလောက်အစစ်နဲ့ တူနေရတာလဲ ” လို့ မှတ်ချက်ပေးခဲ့ကာ နောက်ထပ် ပရိသတ်တစ်ယောက်ကလည်း “ နောက်တစ်ခါ သူထပ်မှန်ခဲ့ရင်တော့ဖြင့်” လို့ တုန့်ပြန် ရေးသားခဲ့ပါတယ်။

ဒါပေမယ့်လည်း ရစ်ချာလီဆန်က ပထမဂိုး သွင်းယူပြီးနောက် ဘရာဇီးကစားသမားတွေ အောင်ပွဲခံနေတဲ့ ဗီဒီယိုဖိုင်ဟာ အမှန်တကယ် ဆားဘီးယားနဲ့ပွဲတုန်းက သွင်းယူခဲ့တဲ့ ဂိုးအတွက် အောင်ပွဲခံပုံရိပ်တွေသာ ဖြစ်တယ်လို့ မျက်စိလျင်တဲ့ ပရိသတ်တွေက ထောက်ပြပြောဆိုနေကြပါတယ်။

Photo : SPORTbible

အခုလက်ရှိ အုပ်စုအဆင့်မှာ ကမ္ဘာ့ဖလား ချန်ပီယံအသင်းကို ခန့်မှန်းဖို့က တကယ့်လက်တွေ့မှာ မဖြစ်နိုင်သေးပေမယ့် ဘရာဇီးနဲ့ ပြင်သစ်နှစ်သင်းစလုံးကတော့ ဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ ရေပန်းအစားဆုံး အသင်းတွေ ဖြစ်နေပါတယ်။ ကွီး ပရိသတ်တွေရော ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်အသင်းက ချန်ပီယံဖြစ်မယ်လို့ ထင်ပါသလဲ ?

Featured Photo : SPORTbible