ဥရောပချန်ပီယံ အီတလီ ဟာ ကမ္ဘာ့ဖလား Play-Off ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မြောက်မက်ဆီဒိုးနီးယားကို အိမ်ကွင်းမှာ ၁ – ၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နှစ်ကြိမ်ဆက် ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ အင်္ဂလန်ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံနေရပါတယ်။


Photo : Daily Mail

တစ်ချို့ပရိသတ်တွေက အီတလီရဲ့ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့မှုနဲ့ ပတ်သတ်ပြီး မယုံနိုင်လောက်စရာ ကပ်ဘေးဆိုက်မှုတစ်ခုလို့ ပြောဆိုခဲ့ကြသလို၊ အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်းနဲ့ ဘောလုံးပွဲသုံးသပ်သူ ဂယ်ရီ လိုင်နီကာ ကလည်း ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ မှတ်ချက်ပေးခဲ့ပါတယ်။

တစ်ချို့ပရိသတ်တွေကတော့ အင်္ဂလန်ကို အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၀ ဖိုင်နယ် ပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်အပြီး အီတလီလက်ရွေးစင် လီယိုနာဒို ဘိုနူချီက ကင်မရာရှေ့သွားပြီး It’s coming Rome လို့ပြောခဲ့တဲ့အပေါ်  ပြန်ပြီးလက်စားချေခဲ့ကြတာ ဖြစ်ပါတယ်။

လိုင်နီကာက ” ဥရောပချန်ပီယံကနေ Play-Off ဖိုင်နယ်အဆင့်တောင် မတက်နိုင်ခဲ့တာက အီတလီအတွက်တော့ ဆိုးရွားလွန်းတဲ့ ရှုံးပွဲတစ်ခုပါပဲ” သူရဲ့ တွစ်တာလူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo : Daily Mail

နာမည်ကြီး အီတလီ အပြောင်းအရွှေ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း ” အီတလီကတော့ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားကို လွဲချော်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေလည်း ထပ်ပြီး ထွက်ခွာခဲ့ရပြန်ပါပြီ ၊ မယုံနိုင်စရာ ကံဆိုးမှုကြီးပါပဲ” လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ အင်္ဂလန်ပရိသတ်တွေက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယနှစ်ဆက်တိုက် ဝင်ခွင့်မရရှိခဲ့တဲ့ အီတလီအသင်းကို လူမှုကွန်ယက်ပေါ်မှာ လှောင်ပြောင်ခဲ့ကြပြီး ပရိသတ်တစ်ဦးက ” အီတလီကတော့ ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက် လွဲချော်ခဲ့ပြီး၊ ဒီအားကစားက တကယ့်ကိုမယုံနိုင်စရာပဲ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

တချို့ပရိသတ်တွေကလည်း အီတလီရဲ့ ရှုံးနိမ့်ခဲ့မှုကို Memes တွေ Gifs တွေနဲ့ လှောင်ပြောင်ခဲ့ကြပြီး It’s coming Rome လို့ပြောခဲ့တဲ့ အီတလီနောက်ခံလူ လီယိုနာဒို ဘိုနူချီကို ” ဒီတစ်ခေါက်ရော ရောမကို မလာတော့ဘူးလားလို့ ” တစ်ကြော့ပြန် လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အီတလီအသင်းဟာ လွန်ခဲ့တဲ့ ၄ နှစ်ကလည်း ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီး ၁၉၅၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

Photo : Daily Mail

ဥရောပချန်ပီယံအသင်းဟာ သမိုင်းကြောင်းကို ပြန်စတင်ဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် မြောက်မက်စီဒိုးနီးယား ကစားသမား အလက်ဇန္ဒား ထရက်ဂျ်ကော့ဗ်စကီးက ပွဲကစားချိန် ၉၂ မိနစ်မှာ အီတလီးသားတွေအတွက် ကြေကွဲရတဲ့ နောက်ကျသွင်းဂိုး သွင်းယူခဲ့တာကြောင့် ၁ – ၀ ဂိုးရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

အီတလီနည်းပြ ရော်ဘတ် တိုမန်စီနီရဲ့ အသင်းဟာ လွန်ခဲ့တဲ့ ၈ လက ဝင်ဘာလေက ယူရို ၂၀၂၀ ဖိုင်နယ်မှာ အင်္ဂလန်ကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာတော့ အရှုံးနဲ့ လက်ပြနှုတ်ဆက်သွားခဲ့ရပြီ ဖြစ်ပါတယ်။

Featured Photo : Daily Mail