ဘရာဇီးလ် လက်ရွေးစင်အသင်း နည်းပြ က ပီအက်စ်ဂျီ ကြယ်ပွင့်တိုက်စစ်မှူး နေမာ ရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

Neymar

Photo: ESPN

အသက် ၃၀ အရွယ် ဘရာဇီးလ် တိုက်စစ်မှူးဟာ ယခုရာသီ ၎င်းရဲ့ စွမ်းဆောင်ရည်အတွက် ပီအက်စ်ဂျီပရိသတ်တွေနဲ့ ပြင်သစ်မီဒီယာတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီ ကြယ်ပွင့်တိုက်စစ်မှူးဟာ ယခုရာသီ အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ဥရောပကို စတင်ရောက်ရှိခဲ့ပြီးကတည်းက အဆိုးရွားဆုံးရာသီကို ဖြတ်သန်းနေရကြောင်း ကိန်းဂဏန်းတွေက ဖော်ပြနေတာဖြစ်ပါတယ်။

ဘရာဇီးလ် ကြယ်ပွင့်တိုက်စစ်မှူးရဲ့ ခြေစွမ်းဟာ လက်ရွေးစင်အသင်းနည်းပြ တီထီအတွက် စိုးရိမ်စရာတွေဖြစ်စေဲ့ပြီး ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ နေမာနဲ့ပတ်သက်ပြီး အခုလိုပဲ မှတ်ချက်ပေးသွားခဲ့ပါတယ်။ “ကျွန်တော်တို့မှာ ယေဘုယျအားဖြင့် စိုးရိမ်စရာရှိပါတယ်။ ဒါပေမယ့် အဝတ်လဲခန်းအတွင်းမှာ အရမ်းကို ရင်းနှီးတဲ့အရာတွေရှိနေပြီး ထူးခြားတဲ့တစ်စုံတရာပါ။ ကျွန်တော် ကစားသမားဘဝတုန်းက ကျွန်တော့်ရဲ့ နည်းပြတွေကသာ ကျွန်တော့်ပြဿနာကို လူသိရှင်ကြားထုတ်ပြောရင် ကျွန်တော် ကန့်ကွက်မှာပါ။ ကျွန်တော့်တုန်းက နည်းပြတွေ လုပ်ခဲ့တဲ့အတိုင်းပဲ ကျွန်တော့်ကစားသမားတွေကို ကျွန်တော် ဆက်ဆံပါတယ်”

Neymar's Ligue 1 action

Photo: L’equipe

“အားကစားသမားတော်တော်များများက သူတို့ရဲ့အသင်းတွေမှာ အဆင်မပြေတာတွေ ရှိခဲ့ပါတယ်။ နေမာလို စူပါစတားကတော့ ပိုပြီး သိသာထင်ရှားတာပေါ့။ ဒါပေမယ့် သူတို့ရဲ့အသင်းမှာ ရှိတဲ့သူအားလုံးက ဖိအားတွေကို ရင်ဆိုင်နေရတာပါ။ ကျွန်တော်တို့မှာလည်း ဖိအားရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ နဂိုကတည်းက ကြီးမားတဲ့တာဝန်ယူထားတဲ့သူကို တခြားလူတွေဆီ ဖိအားတွေ ထပ်ပေးမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ ယခုအပတ်မှာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် ချီလီ၊ ဘိုလစ်ဗီးယားတို့နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

Featured Photo: Sportskeeda