အရမ်းပိန်နေလို့ ဝိတ်တင်ချင်ပါတယ်ဆိုတဲ့ ကွီးတို့အတွက် အရေးကြီးဆုံး လိုက်နာရမယ့် အချက်တစ်ခုက နေ့စဉ်စားနေတဲ့ အစားအစာ တွေထဲမှာ ကယ်လိုရီ များတဲ့ အစားအစာတွေကို ထည့်စားပေးဖို့ပါပဲ။ ကယ်လိုရီပါဝင်မှုများတဲ့ အစားအစာတွေဟာ ကိုယ်အလေးချိန် တက်လာစေဖို့ကူညီပေးသလို ကြွက်သားထုတည် ဆောက်ရာမှာလည်း အထောက်အကူပြုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်အလေးချိန် တက်ချင်သူတွေစားသင့်တဲ့ ကယ်လိုရီ မြင့်တဲ့ အစားအစာ ၅ မျိုး ကိုပြောပြပေးပါမယ်။

(၁) မြေပဲထောပတ်

Photo : Women’s Health

မြေပဲထောပတ်ဟာ ကိုယ်အလေးချိန်တက်စေဖို့အတွက် အကောင်းဆုံး အစားအစာ တစ်ခုဖြစ်ပါတယ်။ မြေပဲထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်းမှာ ၁၉၁ ကယ်လိုရီ ၊ ပရိုတင်း ၇ ဂရမ် ၊ အဆီ ၁၆ ဂရမ်နဲ့ ကာဗိုဟိုက်ဒရိတ် ၇ ဂရမ်တို့ ပါဝင်ပါတယ်။ မြေပဲမှာ ပရိုတင်းဓာတ်ကြွယ်ဝပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေကာ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုစွမ်းအားကို တည်ဆောက်ပေးတဲ့ အမိုင်နိုအက်ဆစ်ဓာတ်လည်း ပါဝင်ပါတယ်။

(၂) အာလူးနဲ့ အခြား ကစီဓာတ်ပါဝင်တဲ့ အစားအစာများ

Photo : The Spruce Eats

အာလူးဟာ ကုန်ကျစရိတ်သက်သက်သာသာနဲ့ ကယ်လိုရီ များများပိုစားဖြစ်စေမယ့် အကောင်းဆုံး အစားအစာ တစ်ခုဖြစ်ပါတယ်။ အာလူးနဲ့ အခြားသော ကစီဓာတ်ကြွယ်ဝတဲ့ အစားအစားတွေဟာ ကာဗိုဟိုက်ဒရိတ်ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ လေ့လာမှုများအရ ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးတာဟာ ပရိုတင်းဓာတ်နည်းတူ ကြွက်သားထုထည် တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေပြီး ကိုယ်အလေးချိန်ကို တိုးမြင့်လာစေမှာ ဖြစ်ပါတယ်။

(၃) ထမင်း

Photo : Budget Bytes

ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ အစားအစာတွေထဲက တစ်ခုဖြစ်တဲ့ ထမင်းဟာလည်း ကယ်လိုရီ အရင်းမြစ် ကြွယ်ဝတဲ့အစားအစာ တစ်မျိုးဖြစ်ပါတယ်။ ထမင်း ၁၀၀ ဂရမ်မှာ ၁၃၀ ကယ်လိုရီ နဲ့ အဆီအနည်းငယ်သာရှိတဲ့ ကာဗိုဟိုက်ဒရိတ် ၂၈ ဂရမ် တို့ ပါဝင်ပါတယ်။ ဂျပန်နိုင်ငံက လေ့လာမှုတစ်ခုအရ ထမင်းများများ ပိုစားတာဟာ ၆ လအတွင်း ကိုယ်အလေးချိန် ၃ ကီလိုဂရမ် ကနေ ၇ ကီလိုဂရမ်အထိ တက်လာစေဖို့ ကူညီပေးပါတယ်။

(၄) ထောပတ်သီး

Photo : Eat Smarter

ထောပတ်သီးဟာ ကယ်လိုရီ ကြွယ်ဝတဲ့ အစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ ထောပတ်သီး ၁၀၀ ဂရမ်မှာ ၁၆၀ ကယ်လိုရီ နဲ့ အဆီ ၁၅ ဂရမ် ပါရှိပါတယ်။ မနက်စာအတွက် ပေါင်မုန့်နဲ့ ထောပတ်သီး ဖျော်ရည်တစ်ခွက် ဒါမှမဟုတ် ထောပတ်သီးသုပ်နဲ့ ကြက်ဥတို့ကို တွဲဖက်ပြီး စားပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်တက်လာစေဖို့ အမှန်တကယ် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

(၅) အဆီပြည့်ဒိန်ချဉ်

Photo : Eat This, Not That

ကိုယ်အလေးချိန် တက်ချင်သူတွေအနေနဲ့ Full-Fat Yogurt လို့ခေါ်တဲ့ အဆီပြည့်ဒိန်ချဉ်တွေ စားပေးသင့်ပါတယ်။ ဒိန်ချဉ်မှာ အူလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေ ၊ ကယ်လိုရီ ၊ ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးကာ အရိုးတွေကို သန်မာစေတဲ့အပြင် ခန္ဓာကိုယ်အတွက် စွမ်းအင်ပြည့်ဝနေစေဖို့ ကူညီပေးပါသေးတယ်။ တစ်နေ့ကို ဒိန်ချဉ် ပန်းကန်အသေး ၁-၂ လုံး စားပေးပါ။ အသုပ် ၊ Smoothies နဲ့ Shakes ဖျော်ရည်တွေမှာလည်း ထည့်သွင်းစားသုံးလို့ရပါတယ်။

Featured Photo : Eat This, Not That