ကိုယ်အလေးချိန်ကျဖို့အတွက် ကယ်လိုရီ စားသုံးမှုကို လျှော့ချရမယ်လို့ လူအများ သိနားလည်ထားပါတယ်။ ဒါပေမယ့် ကယ်လိုရီစားသုံးမှု လျှော့လိုက်ရုံနဲ့တော့ အမြဲတမ်းအလုပ်မဖြစ်နိုင်ပါဘူး။ ကယ်လိုရီများများ လောင်ကျွမ်းစေမယ့် လေ့ကျင့်ခန်းတွေကိုလည်း လုပ်ဖို့လိုပါတယ်။ သိပ္ပံပညာအရ အဆီတစ်ပေါင်ကျဖို့အတွက်ဆိုရင် ကယ်လိုရီ (၃၅၀၀) ခန့်လောင်ကျွမ်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကယ်လိုရီများများ လောင်ကျွမ်းအောင် လုပ်နိုင်မယ်ဆိုရင် ကိုယ်အလေးချိန်လည်း မြန်မြန်နဲ့ ထိထိရောက်ရောက် ကျလာမှာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ တစ်နေ့ကို မိနစ် ၃၀ ခန့် အချိန်ပေးရုံနဲ့ ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်း တွေကို ပြောပြပေးချင်ပါတယ်။

(၁) Zumba

 ကယ်လိုရီ ၅၀၀ လေ့ကျင့်ခန်း

Photo : ForeverFit

ဝိတ်လည်းကျ ပျော်ပျော်ပါးပါးလည်း ပြုလုပ်လို့ရမယ့် အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခုကတော့ Zumba သို့မဟုတ် ကခုန်ခြင်း လေ့ကျင့် ခန်းတွေပါပဲ။ Zumba လေ့ကျင့်ခန်း Session တစ်ခုအတွင်း အနာယူချိန်နည်းနည်း ( ၁ မိနစ်ကနေ ၂ မိနစ်ခန့်) သာယူပြီး ဆော့ကစားမယ်ဆိုရင် ကယ်လိုရီ ၄၀၀ ကနေ ၅၀၀ ကြား လောင်ကျွမ်းစေနိုင်ပါတယ်။ Zumba လေ့ကျင့်ခန်းဟာ ကစားဖော်တွေနဲ့အတူ တွဲဖက်ပြီး ပျော်ပျော်ပါးပါး ကစားရတဲ့အတွက် ပေါင်းသင်းဆက်ဆံရေးကို တိုးတက်စေရုံမက အဆီကျလှပပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာစေမှာပဲ ဖြစ်ပါတယ်။

(၂) ကစ်ဘောက်ဆင်

 ကယ်လိုရီ ၅၀၀ လေ့ကျင့်ခန်း
Photo : CKO Kickboxing

ကစ်ဘောက်ဆင်ကတော့ အဆီလောင်ကျွမ်းမှုများပြီး ခန္ဓာကိုယ်အလုံးစုံကြံ့ခိုင်မှုကို တိုးစေမယ့် အကောင်းဆုံး တိုက်ခိုက်ရေးအားကစားနည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ၊ သက်လုံစွမ်းအား ၊ ဟန်ချက်ညီမှုနဲ့ Mobility တို့ကို တိုးတက်ကောင်းမွန်စေဖို့ကူညီပေးပါတယ်။ ကစ်ဘောက်ဆင် လေ့ကျင့်ခန်း ဟာ ကိုယ်အလေးချိန်နဲ့ ကစားအားပေါ်မူတည်ပြီး တစ်ရက်ကို မိနစ် ၃၀ ခန့် ကစားမယ်ဆိုရင်ပဲ ကယ်လိုရီ ၄၀၀ ကနေ ၅၀၀ ကြား လောင်ကျွမ်းစေနိုင်ပါတယ်။

(၃) သဲထဲပြေးခြင်း

 ကယ်လိုရီ ၅၀၀ လေ့ကျင့်ခန်း

Photo : OriGym

သဲမြေပြင်မှာ အပြေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးအပေါ် အေရိုးဗစ် သို့မဟုတ် Cardio လေ့ကျင့်ခန်းတွေလို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ခန္ဓာကိုယ်အလေးချိန် ၊ အကွာအဝေး (မိုင်/ကီလိုမီတာ) ၊ အမြန်နှုန်းနဲ့ အချိန်ပေါ်မူတည်ပြီး ပျှမ်းမျှအားဖြင့် ကယ်လိုရီ ၅၀၀ နဲ့ ၅၀၀ အထက်ကို လောင်ကျွမ်းစေပါတယ်။ အကယ်၍ ကွီးတို့က ပေါင် ၁၂၀ ကိုယ်အလေးချိန်ရှိသူတစ်ယောက်ဆိုရင် ၁ နာရီ ၁၂ မိုင်နှုန်းနဲ့ ပြေးမယ်ဆိုပါက မိနစ် ၃၀ အတွင်း ကယ်လိုရီ ၅၅၀ နီးပါး လောင်ကျွမ်းမှာ ဖြစ်ပါတယ်။

(၄) Outdoor အားကစားနည်းများ

 ကယ်လိုရီ ၅၀၀ လေ့ကျင့်ခန်း
Photo : Sportsmatik

ဘောလုံးကန်တာ ၊ ဘက်စကတ်ဘော ကစားတာ ၊ ခြင်းလုံးခတ်တာအပြင် ကြက်တောင်ရိုက်ခြင်းနဲ့ တင်းနစ်တို့လို ရက်ကက်ကစားနည်းတွေဟာ မိနစ် ၃၀ အတွင်းမှာ ကယ်လိုရီ ၅၀၀ နီးပါးခန့် လောင်ကျွမ်းစေနိုင်တဲ့ အံ့ဖွယ် Outdoor အားကစားနည်းတွေပဲ ဖြစ်ပါတယ်။ Outdoor အားကစားနည်းတွေ ကစားပေးတာဟာ မှတ်ဉာဏ်စွမ်းရည်ကို တိုးမြင့်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးကာ ညဘက်မှာ ပိုမိုကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့လည်း အထောက်အကူ ပြုပါတယ်။

(၅) Body Weight လေ့ကျင့်ခန်းများ

 ကယ်လိုရီ ၅၀၀ လေ့ကျင့်ခန်း
Photo : Men’s Health

အားကစားကိရိယာ ပစ္စည်းတွေမလိုပဲ ခန္ဓာကိုယ်အလေးချိန်အတိုင်း ကစားရတဲ့ Body Weight လေ့ကျင့်ခန်း တွေဟာလည်း ကယ်လိုရီလောင်ကျွမ်းစေဖို့အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ မိနစ် ၃၀ ခန့်ကစားပေးရုံနဲ့ ကယ်လိုရီ ၅၀၀ ဝန်းကျင် လောင်ကျွမ်းစေမှာပါ။ Jump Squats ၊ Plank Toe Taps ၊ Crawling ၊ Push-Ups ၊ Mountain Climbers ၊ Spider Climbers ၊ Burpees ၊ High Knees ၊ Jumping Crossbody Leg Kicks ၊ Leg Drops ၊ Crunches ၊ Jumping Lunges ၊ Skater Lunges စသည်ဖြင့် အံ့သြစရာကောင်းလောက်အောင် ကယ်လိုရီလောင်ကျွမ်းစေမယ့် Body Weight လေ့ကျင့်ခန်းတွေ အများကြီးရှိတဲ့အတွက် နှစ်သက်ရာကို ရွေးချယ်ကစားနိုင်ပါတယ်။

အထက်ပါ လေ့ကျင့်ခန်းနည်းတွေအပြင် စက်ဘီးနင်းတာ ၊ ရေကူးတာ ၊ Rowing ဆွဲတာ ၊ လှေကားတက်တာ ၊ ကြိုးခုန်တာနဲ့ ဝိတ်,မ ကစားနည်းတွေဟာလည်း ကယ်လိုရီများများလောင်ကျွမ်းစေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

တစ်နေ့ကို ကယ်လိုရီ ၅၀၀ ခန့်လောင်ကျွမ်းခြင်းက ကိုယ်အလေးချိန်ကျဖို့ လုံလောက်ပါသလား

ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ လုံလောက်ပါတယ်။ တစ်နေ့ကို ကယ်လိုရီ ၅၀၀ ခန့် လောင်ကျွမ်းမှုရှိတာက တစ်ပတ်တာနဲ့ တိုင်းတာမယ်ဆိုရင် ကယ်လိုရီ ၃၅၀၀ ခန့် လောင်ကျွမ်းစေမှာပါ။ အပေါ်မှာပြောခဲ့သလိုပါပဲ အဆီတစ်ပေါင်ကျဖို့အတွက်ဆိုရင် ကယ်လိုရီ ၃၅၀၀ ခန့်လောင်ကျွမ်းဖို့ လိုတဲ့အတွက် တစ်ရက်ကို ပုံမှန် ကယ်လိုရီ ၅၀၀ နှုန်း လောင်ကျွမ်းမယ်ဆိုရင် တစ်ပတ်မှာ အဆီတစ်ပေါင်နှုန်း ကျလာမှာ ဖြစ်ပါတယ်။ အဆီချတယ်ဆိုတာဟာ အချိန်ယူဖို့လိုသလို ပြင်းပြင်းထန်ထန်နဲ့ ရက်တိုအတွင်း အဆီချနည်းထက် ဖြည်းဖြည်းနဲ့ မှန်မှန်လေး အဆီကျအောင် လုပ်ဆောင်သွားတာက ပိုပြီး ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့အတူ အစားအသောက်ထိန်းသိမ်းမှုကိုလည်း စနစ်တကျ လိုက်နာမယ်ဆိုရင် သင်ရဲ့ ကိုယ်အလေးချိန်လျှော့ချရေး ခရီးစဉ်ဟာ ထိရောက်အောင်မြင်မှုရှိမှာပဲ ဖြစ်ပါတယ်။

Featured Photo : NFT News Today