ဘရာဇီးလ် ဘောလုံးလောကရဲ့ legend player ကြီးတစ်ဦးဖြစ်သူ ကာဖူးကိုယ်တိုင် သူရဲ့လက်သစ် ကစားသမားလို့ တင်စားခဲ့ဖူးတဲ့ မထင်မရှား ကစားသမားတစ်ယောက် ရှိခဲ့ဖူးပါတယ်။ သူကတော့ အသက် (၂၉)အရွယ်နဲ့ပဲ ဘောလုံးသမားဘဝကို အနားယူခဲ့တဲ့ လီဗာပူးလ် ကစားသမားဟောင်း ဖြစ်ပါတယ်။ သူ့နာမည်ကတော့ ဂျွန် ဖလာနာဂန်ပါ။
ဂျွန်နသန် ပက်ထရစ် ဖလာနာဂန်ဟာ အင်္ဂလန်နိုင်ငံ လီဗာပူးလ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး လီဗာပူးလ် လူငယ် အကယ်ဒမီမှာပဲ ဘောလုံးပညာရပ်တွေကို လေ့လာ သင်ကြားရင်းနဲ့ လူငယ်အသင်း စီနီယာအသင်းတွေမှာ ဆက်တိုက် နေရာ ရရှိလာခဲ့ပါတယ်။ ၂၀၁၀-၁၁ ဘောလုံးရာသီ ရာသီ ပြီးဆုံးခါနီးလောက်မှာပဲ ဖလာနာဂန်က လီဗာပူးလ်အသင်းအတွက် စတင် ပွဲဦးထွက် ကစားခဲ့ရပြီး လီဗာပူးလ် legend ကြီး ကင်နီ ဒဲလ်ဂလစ်ရှ်ရဲ့ ချီးကျူးမှုပါ ရရှိခဲ့ပါသေးတယ်။
Photo Credit : The Sun
ဖလာနာဂန်အတွက် ၂၀၁၃-၁၄ ဘောလုံးရာသီက သူရဲ့ ဘောလုံးသမားဘဝတစ်လျှောက်လုံး မမေ့နိုင်စရာ အခိုက်အတန့်တွေ ဖြစ်ခဲ့မှာ သေချာပါတယ်။ အဲ့ဒီရာသီမှာ လီဗာပူးလ်အတွက် ပွဲပေါင်း (၂၅)ပွဲအထိ ကစားခွင့် ရရှိခဲ့ပြီး ကစားသမားဘဝရဲ့ တစ်လုံးတည်းသော သွင်းဂိုးကိုပါ အဲ့ဒီရာသီမှာပဲ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီဘောလုံးရာသီအတွင်းမှာ ဖလာနာဂန်တို့ ဘယ်လောက်အထိ တောက်ပခဲ့သလဲဆိုရင် ဘရာဇီးလ် ညာနောက်ခံလူ ဂန္တဝင် ကစားသမားကြီး ကာဖူးကိုယ်တိုင်ကပါ ဖလာနာဂန်ဟာ သူ့နေရာကို ဆက်ခံမယ့်သူဆိုပြီး မှတ်ချက်ပြုခဲ့ရတဲ့အထိပါပဲ။ ဖလာနာဂန်မှာ ကမ္ဘာ့အကောင်းဆုံး full-back တစ်ဦး ရှိထားသင့်တဲ့ အရာတွေအားလုံး ပိုင်ဆိုင်ထားရတယ်လို့ ကာဖူးက ပြောဆိုခဲ့ဖူးပါသေးတယ်။
Photo Credit : The Anfield Wrap
ဒီလို တောက်မယ့် မီးခဲ တရဲရဲလေးကို ဖျက်ဆီးလိုက်တာကတော့ ဒဏ်ရာ ပြသာနာတွေပါပဲ။ ပင်ကို အရည်အသွေးကောင်းပြီးသား ကစားသမားတွေ ရောက်သင့်တဲ့ နေရာအထိ မရောက်နိုင်တာတွေမှာ ဒဏ်ရာတွေရဲ့ နှောင့်ယှက်မှုတွေက အဓိကနေရာကနေ ပါဝင်ပါတယ်။ ၂၀၁၄မှာ အင်္ဂလန် လက်ရွေးစင်အတွက် ကစားခွင့်ရခဲ့ပြီး နောက်ပိုင်း ဒဏ်ရာပြသာနာကြောင့် (၁၈)လလောက်အထိ အနားခဲ့ယူရရင်း လီဗာပူးလ်မှာ ပုံမှန် နေရာပျောက်ဆုံးခဲ့ကာ ကစားသမားဘဝကလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဖလာနာဂန်က သူရဲ့ ဒူးဒဏ်ရာကြောင့်နဲ့ အသက် (၂၉)အရွယ်မှာပဲ ဘောလုံးသမားဘဝကို အဆုံးသတ်သွားခဲ့ပါတယ်။
Featured Photo : The Empire of The Kop