အာဖရိကတိုက်ရဲ့ အန်ဂိုလာနိုင်ငံက ဒုက္ခသည်စခန်းမှာ တိုဂိုနွယ်ဖွား မိဘနှစ်ပါးက ကာမာဗင်ဂါ ဆိုသူ ကလေးငယ်တစ်ဦးကို ဖွားမြင်ခဲ့ပါတယ်။ အသက်(၂)နှစ်အရွယ်မှာပဲ ပြင်သစ်နိုင်ငံကို ပြောင်းရွှေ့ နေထိုင်ခွင့်ရခဲ့သူ ကာမာဗင်ဂါဟာ သူ့ဘဝရဲ့ ပထမဆုံးသော အားကစား ဝါသနာအဖြစ် ဂျူဒိုကို အချိန်တစ်ခုအထိ သင်ယူခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ဘောလုံးအားကစားကိုပဲ အာရုံစိုက်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။
Photo Credit : AS USA
အသက်(၁၁)နှစ်သား အရွယ်မှာတော့ ကာမာဗင်ဂါတို့ မိသားစုလေးအတွက် ကြမာငင်လာခဲ့ရပါတယ်။ သူတို့ နေအိမ် မီးလောင် ပျက်ဆီးခဲ့ပြီး မိသားစုရဲ့ ပိုင်ဆိုင်သမျှတွေဟာလည်း အကုန် ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒီလို ကြုံတွေ့လာရတာတွေက ကာမာဗင်ဂါကို ဘောလုံး အားကစားနဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်ပြီး သူရဲ့ မိသားစုကို ပြန်လည် ထောက်ပံ့ဖို့အတွက် တွန်းအား ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီကနေ စတင်ပြီး ကြိုးစားလာခဲ့တဲ့ ကာမာဗင်ဂါက ရန်းစ် လူငယ်အသင်းမှာ ဘောလုံးပညာရပ်တွေကို လေ့လာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
Photo Credit : Bleacher Report
ဒီလိုနဲ့ အသက်(၁၆)နှစ်သားအရွယ်မှာပဲ ရန်းစ်အသင်းရဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ကို ရရှိခဲ့ရင်း ရန်းစ် စီနီယာအသင်းမှာလည်း (၁၆)နှစ်အရွယ်နဲ့ ပွဲကစားခွင့်တွေ စတင် ရရှိလာခဲ့ပါတယ်။ ၂၀၁၈-၁၉ ဘောလုံးရာသီကနေ စတင်ပြီး ရန်းစ်အတွက် ကစားပေးခွင့် ရရှိခဲ့တဲ့ ကာမာဗင်ဂါ ဟာ ရန်းစ်နဲ့ (၃)ရာသီ ဖြတ်သန်းခဲ့ပြီးတဲ့နောက် ၂၀၂၁ခုနှစ်မှာပဲ ရီးယဲလ် မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ခွင့် ရခဲ့ပါတယ်။
Photo Credit : FootballTransfers.com
ရန်းစ်ကနေ ရီးယဲလ်လို ကလပ်အသင်းကြီးဆီ ရောက်ရှိလာခဲ့တဲ့ ကာမာဗင်ဂါ ဟာ သူရဲ့ ရီးယဲလ်ကစားသမားဘဝ ပထမဆုံး ဘောလုံးရာသီမှာပဲ စပိန် စူပါဖလား ၊ စပိန် လာလီဂါဖလား နဲ့ ဥရောပ ချန်ပီယံလိဂ်ဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့ရသလို လက်ရှိ ဒီရာသီထဲမှာလည်း ဥရောပ စူပါဖလား ၊ ကလပ် ကမ္ဘာ့ဖလား နဲ့ စပိန် ကိုပါဒယ်ရေး တို့ကိုပါ ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် (၂)နှစ်တာ ကာလအတွင်း ဆုဖလား အားလုံး သိမ်းပ်ိုက်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ရပါတယ်။
Featured Photo : Football Today