ကွီးတို့ရေ ကိုယ်မောင်းတဲ့ ကားလေးမွှေးနေရင် စိတ်ကို လန်းဆန်းကြည်လင်စေပါတယ်။ ဒီနေ့ခေတ်မှာ ကားအတွင်းခန်းလေးမွှေးနေအောင် ပြုလုပ်ပေးနိုင်တဲ့ မျိုးစုံသော Air Fresher တွေ ရှိသော်လည်းပဲ ခဏခဏ ဝယ်ရတာမျိုး၊ ကိုယ်လိုချင်တဲ့အနံ့နဲ့ ထပ်တူမကျတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ DIY နည်းလေးတွေသုံးပြီး ကားအတွင်းခန်းမွှေးနေအောင် ပြုလုပ်ပေးနိုင်တဲ့ Air Fresher လေးတွေ ကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။ ကွီးတို့အတွက် လွယ်ကူရိုးရှင်းတဲ့ DIY Air Fresher လုပ်နည်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
Wax Air Freshener
Photo : Carfeels PTE LTD
ဒီနည်းလေးကတော့ ရိုးရှင်းပါတယ်။ အိုးလေးတစ်လုံးထဲမှာ ကွီးတို့ကြိုက်တဲ့ ရနံ့ရှိတဲ့ ဖယောင်းတုံးလေးများကို အသုံးပြုပြီး အဆင့်အနည်းငယ်နဲ့ ပြုလုပ်နိုင်ပါတယ်။ အပူပိုင်းရာသီဥတုအတွက် ဒီ Air freshener လေးက တော်တော်လေး အဆင်ပြေနိုင်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့ ၄ အောင်စ ဒါမှမဟုတ် ၈ အောင်စ ရှိပြီး အပေါက်လေးများပါတဲ့ ဖန်ပုလင်းတစ်လုံး၊ ကွီးတို့ စိတ်ကြိုက် အနံ့ရှိတဲ့ ဖယောင်းတုံးလေးများပဲ လိုတာပါ။ ဖန်ပုလင်းထဲကို ဖယောင်တုံးလေးတွေထည့်ပြီး အဖုံးကို သေချာပိတ်ကာ ကားထဲမှာ ထည့်ထားလိုက်ရုံပါပဲ။ ဒါဆိုရင် ကိုယ့်စိတ်ကြိုက်အနံ့နဲ့ ဖယောင်း Air Freshener လေးရပါပြီ။
Essential Oil Air Freshener
Photo : Carfeels PTE LTD
နောက်ထပ်နည်းလေးတစ်ခုကတော့ ပုလင်းလေးထဲမှာ ကိုယ်ကြိုက်တဲ့ အနံ့လေးထည့်ပြီး DIY Air Fresher လုပ်နည်းလေးပါပဲ။ ဒီ DIY နည်းလေးကို လုပ်ဖို့ သစ်သားအဖုံးပါတဲ့ ၁၂ မီလီလီတာ ပုလင်းလေးတစ်လုံး ၊ ၅ မီလီလီတာ Denatured Alcohol ၊ ကွီးတို့ကြိုက်နှစ်သက်ရာ Essential Oil ၅ မီလီလီတာ စတာတို့ လိုအပ်ပါတယ်။
အရင်ဆုံး ပုလင်းလေးထဲကို Denatured Alcohol ၅ မီလီလီတာ ကို လောင်းထည့်လိုက်ပါ။ ပြီးရင် Essential Oil ကို ထပ်လောင်းထည့်လိုက်ပါ။ ဆီတွေကို ရေသမစေဖို့ သေချာလေး မွှေပေးပါ။ ပြီးရင် ပုလင်းကို မပိတ်မှီ ဆီတွေကို သစ်သားအဖုံးလေးမှာ စိုစွတ်နေအောင် လုပ်ပြီးမှာ ပိတ်လိုက်ပါ။ အမွှေးနံ့ကို ကြာရှည်ခံစေဖို့ ပုလင်းလေးကို မှောက်ပြီး သစ်သားအဖုံးလေးကို ပြန်စိုစွတ်အောင် အမြဲပြုလုပ်ပေးပါ။
Clothespin Air Freshener
Photo : Carfeels PTE LTD
ဒီနည်းလေးကတော့ အလွယ်ကူဆုံးနဲ့ မြန်မြန်ဆန်ဆန်လုပ်လို့ရတဲ့ DIY Air Fresher လုပ်နည်းလေးပါပဲ။ ဒီနည်းလမ်းလေးကို လုပ်ဖို့ အဝတ်ညှပ်တဲ့ ကလစ်လေးတွေ (သစ်သား ဒါမှမဟုတ် အဝတ်နဲ့ ပြုလုပ်ထားတဲ့ ကလစ်ကို အသုံးပြုနိုင်ပါတယ်) နဲ့ ကွီးတို့ကြိုက်နှစ်သက်တဲ့ အမွှေးဆီ Essential Oils ပဲ လိုပါတယ်။
လုပ်နည်းလေးကလည်း တော်တော်လေး လွယ်ကူပါတယ်။ Essential Oils ၄ စက် ဒါမှမဟုတ် ၅ စက် လောက်ကို ကလစ်ပေါ်မှာ စိုစွတ်စေလိုက်ပါ။ ပြီးရင် ကွီးတို့ရဲ့ ကားအဲကွန်းပေါက်မှာ ညှပ်ထားလိုက်ရုံပါပဲ။ ဒီနည်းလေးနဲ့ လွယ်လွယ်ကူကူ ကားအတွင်းခန်းလေး မွှေးနေအောင် ပြုလုပ်လို့ရပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ နည်းလေးတွေကို သုံးပြီး ကွီးတို့ ကားအတွင်းခန်း မွှေးနေအောင် ပြုလုပ်နိုင်ပါတယ်။ ကိုယ့်စိတ်ကြိုက်အနံ့လေးတွေနဲ့ ကားမောင်းတိုင်း စိတ်ကိုလန်းဆန်းစေအောင် ဒီနည်းလေးတွေ စမ်းကြည့်ပါဗျ။
Source : Carfeels PTE LTD
Featured Photo : Etsy