တော့တင်ဟမ်ဟော့ စပါးအသင်းရဲ့ ပိုင်ရှင်ဖြစ်သူ ဂျိုး လူးဝစ်ကတော့ စပါး ဥက္ကဌ ဒန်နီရယ် လီဗီးကို အသင်း အပြောင်းအရွှေ့နဲ့ အမှာစကားပါး လိုက်ပါတယ်။ ဒါကတော့ အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ဟယ်ရီကိန်းကို စာချုပ်သစ် ကမ်းလှမ်းထားမှုအပေါ် ကိန်းဘက်ကသာ လက်မခံခဲ့ရင် အခု ဈေးကွက်ထဲမှာပဲ ကိန်းကို အသင်းကနေပဲ ထွက်ခွာခွင့်ပေးလိုက်ဖို့ လူးဝစ်က လီဗီးကို မှာကြားလိုက်တာပဲ ဖြစ်ပါတယ်။
Photo Credit : The Athletic
တကယ်တော့ လီဗီးဟာ ခေါင်းမာလွန်းတဲ့ အသင်း ဥက္ကဌတစ်ဦးပါ။ သူသာ ခေါင်းမမာနေခဲ့ရင် ဟယ်ရီကိန်းလည်း အခုလောက်ဆို မန်ချက်စတာ စီးတီးအသင်းရဲ့ ကစားသမား ဖြစ်နေလောက်ပြီ။ ဆုဖလားတွေလည်း ပိုင်ဆိုင်နေပါပြီ။ ဒါပေမယ့် လက်ရှိမှာတော့ ကိန်းက စပါးမှာပဲ သူရဲ့ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းနေရပြီး ဆုဖလား အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေဆဲသာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိန်းလို အရည်အသွေးမြင့် အထောင် တိုက်စစ်မှူးမျိုးကို ဈေးကွက်ဖွင့်ချိန်တိုင်းမှာ ကလပ်အသင်းတွေက စိတ်ဝင်တစားနဲ့ ချဉ်းကပ်နေကြတာ ဖြစ်ပါတယ်။
Photo Credit : Goal
အခုလည်း စပါးနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ ဟယ်ရီကိန်းကို မန်ယူနိုက်တက် ချယ်လ်ဆီး ဘိုင်ယန်မြူးနစ် ပီအက်စ်ဂျီတို့လို အသင်းတွေက အပြိုင် စိတ်ဝင်စားနေကြပြီး လက်ရှိမှာလည်း ဘိုင်ယန်က ကိန်းကို အရ ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့်လည်း လီဗီးရဲ့ ထုံးစံအတိုင်း ကိန်းကို ရောင်းချဖို့ တွန့်ဆုတ်နေသေးပြီး လိုချင်ရင်လည်း အနည်းဆုံး ပေါင် သန်း (၁၀၀)နဲ့ ကမ်းလှမ်းမှ လက်ခံမယ်လို့ လေသံပစ်ထားသလို တစ်ဖက်မှာလည်း ကိန်းကို တစ်ပတ် ပေါင် (၄၀၀၀၀၀)နဲ့ပါ စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားခဲ့ပါသေးတယ်။
Photo Credit : Bavarian Football Works
ဒါပေမယ့် လက်ရှိမှာ ကိန်းက စပါးနဲ့ သက်တမ်းတိုးဖို့ထက် အသင်း အပြောင်းအလဲ လုပ်ဆောင်ဖို့ကိုသာ ဆန္ဒရှိနေပြီး စပါးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း ပယ်ချဖို့က များနေပါတယ်။ ဒီလိုသာ ကိန်းဘက်က စာချုပ် ကမ်းလှမ်းမှုကိုသာ လက်မခံခဲ့ဘူး ဆိုရင်တော့ အခု ဈေးကွက်အတွင်းမှာပဲ ကိန်းကို အသင်းကနေ ရောင်းထုတ်လိုက်ဖို့ စပါး ပိုင်ရှင်က ဥက္တဌ လီဗီးကို မှာကြားထားပါတယ်။ ဒါကြောင့် ဒီအကြောင်းက ကိန်းကို လိုချင်နေတဲ့ ဘိုင်ယန်အတွက် သတင်းကောင်း ဖြစ်လာနိုင်ပြီး နောက်တစ်ကြိမ် ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ဖို့ ရှိနေပါတယ်။
Featured Photo : talkSPORT