မျိုးပွားမှု ကျန်းမာရေးဟာ ယောကျာ်းတစ်ယောက်အတွက် အရေးကြီးပါတယ်။ ကလေးယူချင်တဲ့ ဖခင်လောင်းတွေအနေနဲ့ ကျန်းမာတဲ့ သားသားမီးမီးလေးတွေ ရနိုင်ဖို့ ဘယ်အချက်တွေ လိုက်နာရှောင်ကြဉ်ရမလဲဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြပေးချင်ပါတယ်။ အဓိကအားဖြင့် ကလေးယူတော့မယ်လို့ ဆုံးဖြတ်ထားတဲ့ စုံတွဲတွေမှာ သန္ဓေတားဆေးဖြတ်ပြီး တစ်ပတ်လျှင် ၂ ကြိမ် သို့မဟုတ် ၃ ကြိမ်ခန့် ပုံမှန် ချစ်တင်းနှော ဖို့ လိုပါတယ်။ ဇနီးဖော်ရဲ့ မမျိုးဥကြွေချိန်မှာ ချစ်တင်းနှောတာက ကိုယ်ဝန်ရနိုင်ခြေကို တိုးစေမှာပါ။ အခုပြောပြမယ့် နေထိုင်မှုပုံစံတွေကို လိုက်နာခြင်းဖြင့်လည်း ကွီးတို့ ကလေးရဖို့ အခွင့်အရေးပိုများပြီး ကိုမျိုးအောင် တစ်ယောက်ဖြစ်စေဖို့ ကူညီပေးပါလိမ့်မယ်။

(၁) သုတ်ပိုး အပူချိန်

Photo : Your Fertility

ကလေးယူဖို့ စဉ်းစားနေတယ်ဆိုရင်တော့ သုတ်ပိုး အပူချိန်ကို ထည့်တွေးဖို့ လိုပါတယ်။ အမျိုးသားတွေမှာ ဝှေးစေ့တွေကို အပူမလွန်ကဲစေပဲ အေးမြအောင် ထားတာက ကျန်းမာတဲ့ သုတ်ပိုးတွေကို ရရှိစေပြီး ကိုမျိုးအောင် ဖြစ်စေဖို့ အထောက်အကူ ဖြစ်စေမှာပါ။ အပူချိန်များတဲ့ နေရာတွေမှာ အလုပ်လုပ်နေရသူတစ်ယောက်ဆိုရင် မကြာခဏ အနားယူပေးပါ။ ကြပ်လွန်းတဲ့ အတွင်းခံတွေ ၊ ဘောင်းဘီတွေဟာ ဝှေးစေ့ အပူချိန်ကို တိုးစေတဲ့အတွက် အဲ့ဒီအစား ပွပွချောင်ချောင်နဲ့ လေဝင်လေထွက်ကောင်းတဲ့ ချည်သားဘောင်းဘီတွေကို ဝတ်ဆင်ပေးဖို့ အကြံပြုချင်ပါတယ်။

(၂) စီးကရက်

Smoking

Photo : Britannica

ဆေးလိပ်သောက်ခြင်းဟာ သုတ်ပိုးအရည်အသွေးကို ထိခိုက်စေနိုင်တဲ့ အဓိက အကြောင်းအရင်းတစ်ခုဆိုတာ သင်သိပါသလား။ အကယ်၍ သင်ဟာ ကလေးယူဖို့ စဉ်းစားနေတဲ့ ဖခင်လောင်းတစ်ယောက်ဆိုရင် ဒါမှမဟုတ် ကိုမျိုးအောင် ဖြစ်ချင်တယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်ဖို့ အဓိက လိုပါတယ်။ ဆေးလိပ်ဟာ သုတ်ပိုးအရည်အသွေးနဲ့ လိင်မှုစွမ်းဆောင်ရည်အပေါ်ပါ ထိခိုက်စေနိုင်တာပဲ ဖြစ်ပါတယ်။

(၃) အရက်နဲ့ မူးယစ်ဆေး

Alcohol And Drugs
Photo : Alcohol Rehab Guide

အရက်အလွန်အကျွံ သောက်သုံးခြင်းဟာလည်း သုတ်ပိုးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ တစ်ပတ်လျှင် အယ်လ်ကိုဟော ပမဏ ၁၄ ယူနစ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ အလားတူ ပါတီဖျော်ဖြေရေး ဆေးဝါးတွေ ၊ ကိုကိန်းနဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲခြင်းဟာလည်း ကလေးရနိုင်ခြေကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

(၄) စားသောက်နေထိုင်မှုပုံစံ

Diet, weight and exercise

Photo : HealthifyMe

ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံနဲ့ ကိုယ်အလေးချိန်ကို ထိန်းထားတာက သုတ်ပိုး ကျန်းမာရေးကို ထိန်းထားပေးပြီး မျိုးအောင်နိုင်ခြေကို တိုးစေမှာပဲ ဖြစ်ပါတယ်။ တစ်နေ့တာအတွင်းမှာ လတ်ဆတ်တဲ့ အသီးအနှံ ၊ ဟင်းသီးဟင်းရွက်နဲ့ အသားငါး စုံလင်မျှတအောင် စားပေးပါ။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ ပဲမျိုးစုံ ၊ ဥအမျိုးမျိုး ၊ အသားနဲ့ အခြားပရိုတင်းဓာတ်ပါတဲ့ အစားအစာတွေကို စားပေးပါ။ Body Mass Index (BMI) ဟာ ၂၉ နဲ့ အထက်မှာ ရှိတယ်ဆိုရင် ကိုမျိုးအောင် ဖြစ်ဖို့ ခက်ခဲနိုင်ပါတယ်။ အကယ်၍ ကိုယ်အလေးချိန် များနေတယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းကို ပေါင်းစပ်ပြီး ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားသင့်ပါတယ်။

(၅) စိတ်ဖိစီးမှု

Stress
Photo : Amber

စိတ်ဖိစီးမှုဟာလည်း လိင်စိတ်ဆန္ဒနဲ့ လိင်မှုစွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ အဓိကတရားခံပါပဲ။ ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေကို ခံစားရခြင်းဟာ သုတ်ပိုးထုတ်လုပ်မှုကို ကျဆင်းစေပြီး ကလေးယူဖို့ ကြိုးစားတဲ့အခါ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးယူမယ့် ဖခင်လောင်းတွေအနေနဲ့ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုတွေကို အကောင်းဆုံး ကိုင်တွယ်လျှော့ချပြီး မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အကောင်းဆုံး ဂရုစိုက်ဖို့ အကြံပေးချင်ပါတယ်။

Source : NHS

Featured Photo : The Dad Tab