နေ့စဉ်အသုံးပြုနေတဲ့ စမတ်ဖုန်းတွေကို အားပြန်သွင်း ပေးရသလိုပါပဲ ကွီးတို့အနေနဲ့ အလုပ်တွေ ရှေ့ဆက်အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ ကွီးတို့ရဲ့ စိတ်နဲ့ခန္ဓာကိုယ်ကို Recharge လုပ်ပေးဖို့ သေချာပေါက် လိုအပ်ပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ အလုပ်တွေကောင်းကောင်း လုပ်နိုင်ဖို့ စွမ်းအင်လိုအပ်တဲ့အတွက် Recharging ဆိုတဲ့ အားပြန်သွင်းခြင်း လုပ်ငန်းစဉ်ကို မလုပ်ဆောင်ဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ စွမ်းအင်လုံးဝ ကုန်ခမ်းလာပြီး အလုပ်လုပ်နိုင်စွမ်းတွေ ကျဆင်းလာတာ ၊ လုပ်သလောက် ရလဒ်ကောင်းမထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။

Recharging တနည်းအားဖြင့် အားပြန်သွင်းခြင်း ဆိုတာဟာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းနဲ့ ကောင်းစွာ အနားယူခြင်းကို ဆိုလိုပါတယ်။ အဓိကကတော့ တစ်နေ့တာကို အလုပ်တာဝန်တွေနဲ့ ပင်ပန်းစွာ ဖြတ်သန်းပြီးတဲ့နောက်မှာ စိတ်ရောကိုယ်ပါ ကောင်းစွာ အနားယူခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး အားပြန်ဖြည့်တင်းရမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ့်ကိုယ်ကိုယ် အားပြန်သွင်းတာက ဘယ်လိုအကျိုးရလဒ်တွေ ရစေလဲဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုတွေ သိသိသာသာ လျှော့ကျစေတယ်

Happy Man

Photo : YourDOST

စိတ်ဖိစီးမှုတွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ စိတ်ပိုင်း/ရုပ်ပိုင်း လည်ပတ်မှု ယန္တရားအားလုံးကို ကမောက်ကမ ဖြစ်စေနိုင်စွမ်းရှိသလို တစ်နေ့တာ အလုပ်လုပ်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ အဓိက တရားခံပါ။ ဒါပေမယ့် စိတ်မပူပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကောင်း မွန်စွာ အနားယူခြင်းဖြင့် အားပြန်သွင်း မယ်ဆိုရင် စိတ်ဖိစီးမှုတွေ သိသိသာသာ လျှော့ကျလာမှာဖြစ်သလို အပြုသဘောဆောင်တဲ့ ခံစားမှုတွေလည်း တိုးပွားလာမှာဖြစ်ကာ နောက်တစ်နေ့ကို ရင်ဆိုင်ဖို့ရန်အတွက် စွမ်းအင်တွေ ပြည့်ဝေနေစေဖို့ ကူညီပေးပါလိမ့်မယ်။

(၂) တီထွင်ဖန်တီးနိုင်စွမ်းကို တိုးစေတယ်

Man

Photo : BetterUp

စိတ်နဲ့ခန္ဓာကိုယ်ကို ပင်ပန်းနွမ်းနယ်နေမယ်ဆိုရင် ဆန်းသစ်တီထွင်မှုတွေ ၊ အတွေးအခေါ်အကြံဉာဏ်ကောင်းတွေလည်း ထွက်မှာမဟုတ်ပါဘူး။ ဒီအတွက်ကြောင့် ကောင်းကောင်းအနားယူပြီး မိမိကိုယ်ကိုယ် အားပြန်သွင်း ခြင်းဖြင့် တောက်ပတဲ့ အတွေးအခေါ်သစ် ၊ ဆန်းသစ်တဲ့ အိုင်ဒီယာတွေ ထွက်ပေါ်လာစေမှာ ဖြစ်ပြီး ကွီးတို့ရဲ့ တွေးခေါ်နိုင်စွမ်း ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကို တိုးတက်ကောင်းမွန်လာစေမှာပဲ ဖြစ်ပါတယ်။

(၃) ခံစားချက်တွေ ပိုကောင်းစေတယ်

Man
Photo : Inner Beauty Challenge

ကိုယ့်ကိုယ်ကိုယ် ကောင်းစွာ ဂရုစိုက် အနားယူခြင်းဟာ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်း တွေကို လျှော့ကျစေပြီး စိတ်ခံစားမှုကို အကျိုးပြုတဲ့ ဟော်မုန်းကောင်းတွေ ပိုထွက်ပေါ်လာစေပါတယ်။ စိတ်ခံစားချက်တွေ ပိုကောင်းလာတာနဲ့အမျှ အားအင်အပြည့် ၊ တက်ကြွလန်းစွာမှုအပြည့်နဲ့ တစ်နေ့တာကို ဖြတ်သန်းဖို့ အဆင်သင့် ဖြစ်နေစေမှာပါ။ ဒါကြောင့် ပိုကောင်းတဲ့ စိတ်ခံစားချက်တွေနဲ့ တစ်နေ့ကို အကောင်းဆုံး ဖြတ်သန်းချင်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အားပြန်သွင်း ဖို့ လုံးဝမမေ့ပါနဲ့။

(၄) သက်ရှည်ကျန်းမာစေတယ်

 Man

Photo : Online Masters in Social Work

ပြင်းထန်တဲ့ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေဟာ သေဆုံးရခြင်းရဲ့ ထိပ်တန်းအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ လေ့လာမှုများစွာက သက်သေအထောက်အထား ပြထားပါတယ်။ နာတာရှည် စိတ်ဖိစီးမှုဟာ အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာများစွာနဲ့လည်း ဆက်စပ်နေတာကြောင့် စိတ်ဖိစီးမှုတွေကို ပြေလျှော့သက်သာစေဖို့နဲ့ တစ်ဆက်တည်းမှာပဲ ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ မိမိကိုယ်ကိုယ် အနားယူခြင်းဖြင့် အားပြန်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အားပြန်သွင်း နိုင်မယ့်နည်းလမ်းကောင်းတွေကတော့………

  • မိမိကိုယ်ကိုယ် အပြည့်အဝ အနားယူစေနိုင်ဖို့ တစ်ပတ်ကို တစ်ရက်ခန့်လောက် နားရက် သတ်မှတ်ထားပါ။
  • ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်းအသုံးပြု‌ခြင်းကို အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ပြီး ရပ်နားထားပါ။
  • စမတ်ဖုန်း ၊ လက်ပ်တော့နဲ့ နည်းပညာ ပစ္စည်းတွေကို ပိတ်ထားပြီး တိတ်ဆိတ်ငြိမ်သက်မှုကို ရှာဖွေပါ။
  • ရေခပ်နွေးနွေးနဲ့ ရေချိုးပေးပါ။
  • မိနစ်အနည်းငယ်ခန့် တရားထိုင်ပါ။
  • အချစ်တော် အိမ်မွေးခွေးလေးတွေနဲ့ လမ်းလျှောက်ထွက်ပါ။
  • သက်တောင့်သက်သာ အိပ်စက်အနားယူပါ။
  • စာအုပ်ဖတ်ပါ။
  • တစ်နေ့တာ အဖြစ်အပျက်တွေကို စာအုပ်မှာ ချရေးပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ။

စတဲ့ နည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး စွမ်းအင်ပြန်လည် ပြည့်ဝလာစေဖို့ အားပြန်သွင်း ပေးနိုင်ပါတယ်။

Source : Select Health

Featured Photo : Greatist