ကွီးတို့ရေ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိခြင်းက လူသားမျိုးနွယ်အတွက် မရှိမဖြစ်လိုအပ်ချက် တစ်ခု ဖြစ်ပါတယ်။ များသော အားဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသူတွေဟာ သူတို့ဘဝရဲ့ Personal နဲ့ Professional ရည်မှန်းချက်တွေကို အောင်မြင်အောင် စွန့်စားနိုင်စွမ်းရှိကြပြီး သူတို့ရဲ့ အနာဂတ်အတွက် အကောင်းမြင်စိတ် ရှိကြပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့သူတွေကတော့ သူတို့ရဲ့ ဘဝကို အောင်မြင်နိုင်စွမ်းမရှိဘူး မလုပ်နိုင်ဘူးဆိုတဲ့ ခံစားချက်များရှိကြပြီး အပျက်သဘောဆောင်တဲ့ အမြင်များရှိကြပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှု (Self Confidence) ဟာ ကိုယ့်ဘဝကိုတိုးတက်စေဖို့ Key တစ်ခုဖြစ်ပြီး တိုးတက်လာစေရန် အတွက်လည်း ကိုယ်တိုင်တည်ဆောက် ဖန်တီးယူလို့ရပါတယ်။ ထို့ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာစေဖို့ တည်ဆောက်ရမှာ အထောက်အကူပြုနိုင်တဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကိုယ်ရဲ့ အပျက်သဘောဆောင်တဲ့ အတွေးတွေကို ဖော်ထုတ်ပါ
Photo : Jerad Hill
ကွီးတို့အနေနဲ့ ကိစ္စတစ်ခုပေါ်မှာဖြစ်စေ ၊ အလုပ်တာဝန်တစ်ခုဖြစ်စေ ၊ အခွင့်အလမ်းတစ်ခုခုအပေါ်မှာဖြစ်စေ သို့မဟုတ် အမြဲတမ်းလိုလို ” ဒါကိုမလုပ်နိုင်ဘူး” “အောင်မြင်အောင် မလုပ်နိုင်ဘူးထင်တယ်” ” ငါကသူ့လိုမတော်ဘူး” စသည်ဖြင့် မိမိကိုယ့်ကို တွေးနေထင်နေမိ ပါသလား။ ဒီလိုအတွေးတွေဟာ အပျက်သဘောဆောင်တဲ့ အတွင်းစိတ်က အတွေးသက်သက်သာ ဖြစ်ကြောင်း ဖော်ထုတ်ပါ။ ဒီလိုအပျက်သဘောဆောင်တဲ့အတွေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းနဲ့ ကိုယ့်ကိုယ်ကိုလေးစားခြင်းကို ဆုတ်ယုတ်လျော့ပါးစေတယ်ဆိုတာ သိရှိပါစေ။
(၂) အပြုသဘောဆောင်တဲ့ အတွေးများများတွေးပါ
Photo : The Odyssey
တစ်နေ့တာကို အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ စတင်လိုက်ပါ။ “ငါမလုပ်နိုင်ဘူး” “ငါမအောင်မြင်နိုင်ဘူး” စတဲ့ အပျက်သဘောဆောင်တဲ့ အတွေးတွေကို “ငါလည်းကြိုးစားရင် ဖြစ်တာပဲ” “ငါလည်းအောင်မြင်အောင်လုပ်နိုင်တယ်” စတဲ့ အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ အစားထိုးပါ။ ကွီးတို့ရဲ့ ဦးနှောက်ထဲမှာ အပျက်သဘောဆောင်တဲ့ အတွေးတွေထက် အပြုသဘောဆောင်တဲ့အတွေးတွေကို နေရာပိုပေးကြည့်ပါ။ အပြုသဘောဆောင်တဲ့ အတွေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်စေရန် အထောက်အကူပြုပါတယ်။
(၃) ကိုယ့်ရဲ့အရည်အချင်းကို ဖော်ထုတ်ပါ
Photo : QuBisa
လူတိုင်းလူတိုင်းဟာ တစ်ခုခုမှာတော့ ထူးချွန်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေကျရင် ကိုယ်ဘာထူးချွန်လဲ ဘယ်နေရာမှာ တော်လဲ စတဲ့ ကိုယ့်ရဲ့အားသာချက်ကို မသိသေးတာမျိူး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်အရည်အချင်းနဲ့ အားသာချက်ကို ကိုယ်တိုင်ရှာဖွေဖော်ထုတ်ပြီး ကိုယ့်ရဲ့အရည်အချင်းကို တိုးတက်အောင် အာရုံစိုက်ပါ။ ၎င်းသည်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ဖို့ အကူအညီပေးနိုင်ပါတယ်။
(၄) ချီးကျူးစကားတွေကို ကျေကျေနပ်နပ်လက်ခံပါ
Photo : Ladders
ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတဲ့အခါ ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှုကလည်း နည်းနေတတ်ပါတယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှုနည်းတဲ့ လူတော်တော်များများက ချီးကျူးစကားကို လက်ခံဖို့ခဲယဉ်းတတ်ပါတယ်။ ကိုယ့်ကို ချီးကျူးနေခြင်းကို မြှောက်ပင့်ခြင်း လိမ်ညာနေခြင်းဖြစ်တယ် လို့ယူဆကြပါတယ်။ ဒီနေ့ကစပြီး အဲ့အတွေးကို ဖျောက်လိုက်ပါ။ ကိုယ့်ကို ချီးကျူးလာခြင်းကို ကျေကျေနပ်နပ် လက်ခံပါ၊ ကိုယ်ဟာ ချီးကျူးခံထိုက်သူဖြစ်ကြောင်း ယုံကြည်ပါ။
(၅) ကိုယ့်ကိုယ်ကို အခြားသူများနဲ့ မနှိုင်းယှဉ်ပါနဲ့
Photo : SlidePlayer
ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးတက်လာစေချင်ရင် တခြားသူများနဲ့ မိမိကိုယ်ကို နှိုင်းယှဉ်နေခြင်းကို ရပ်တန့်လိုက်ပါ။ ကိုယ့်ရဲ့ဘဝကို ကိုယ့်ရဲ့အနီးနားက အောင်မြင်နေတဲ့သူတွေ ၊ ကြီးပွားတိုးတတ်နေတဲ့သူငယ်ချင်းတွေ ၊ TV မှာမြင်ရတဲ့ နာမည်ကြီးတွေနဲ့ နှိုင်းယှဉ်ပြီးအားငယ် စိတ်ပျက်နေရမှာမဟုတ်ဘဲ ကိုယ်ပိုင်ဘဝကို ပိုကောင်းအောင်ပဲ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။ နေရာပေါင်းစုံမှာ ကိုယ့်ထက် အရာရာသာတဲ့သူ သို့မဟုတ် ကိုယ့်လောက်မပြည့်စုံတဲ့သူတွေဟာ ရှိစမြဲပါ။ ဒီသဘောတရားကို လက်ခံနားလည်ပြီး ကွီးတို့ရဲ့ ကိုယ်ပိုင်ဘဝရဲ့ အိမ်မက်နဲ့ပန်းတိုင်တွေကိုယုံကြည်ချက်ရှိရှိမြှင့် တင်လိုက်ပါ။
(၆) ကိုယ့်ရဲ့ အမှားတွေကနေ ပြန်ရုန်းထလိုက်ပါ
Photo : Career Coach MJV
” No One Is Perfect” ဆိုတဲ့ အတိုင်းဘယ်သူတစ်ဦး တစ်ယောက်ကမှ ပြီးပြည့်စုံမှုမရှိဘူးဆိုတာ သတိရပါ။ ဘဝရဲ့ တစ်ချိန်ချိန်မှာ မှားယွင်းခဲ့တာတွေ ရွေးချယ်မှုမမှန်ကန်တာတွေရှိခဲ့နိုင်ပါတယ်။ ဒါဟာဘဝ ဖြစ်ပြီးတော့ ဖြစ်တတ်တဲ့သဘာဝပါ။ ဘဝခရီးလမ်းတွေဟာ ဘယ်တော့မှ တစ်ဖြောင့်တစ်တန်းတည်းမရှိဘဲ အဖုအထစ်တွေနဲ့ ပြည့်နေတယ် ဆိုတာ နားလည်လက်ခံဖို့ ကြိုးစားပါ။ ကိုယ်အမှားလုပ်မိပါက၊ ထိုအမှားကနေ ရုန်းမထွက်နိုင်ဘဲ ယုံကြည်ချက် ပျောက်ဆုံးနေတာမျိုးမဖြစ်သင့်ပါ။ ဒါကြောင့် ကွီးတို့အနေနဲ့ အကောင်းဆုံးလုပ်နိုင်တာ တစ်ခုက ထိုအမှားကိုအသိအမှတ်ပြုပါ၊ တောင်းပန်သင့်သည်ကို တောင်းပန်ပါ ၊ အနာဂတ်မှာ ထိုအမှားမျိုးမလုပ်ဖြစ်အောင် အတတ်နိုင်ဆုံးရှောင်ရှားပါ။ ပြီးတော့ ယုံကြည်ချက်ပြန်လည်တည်ဆောက်ပြီး အကောင်းဆုံးကြိုးစားပါ။
(၇) စိတ်ရှည်ပါ
Photo : 1ZOOM.Me
ကွီးတို့ရေ ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးလာစေရန် တည်ဆောက်ရာမှာ စိတ်ရှည်ဖို့က အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုဟာ နေ့ချင်းညချင်း ဖြစ်မလာပါဘူး။ ကွီးတို့အနေနဲ့ အရင်ဆုံး ဖြစ်နိုင်ခြေရှိတဲ့ ရည်မှန်းချက်သေးသေးလေးတွေ အရင်ထားကြည့်ပြီး အောင်မြင်လာတဲ့အခါ ကိုယ့်ကိုယ်ကိုဂုဏ်ယူပါ၊ ချီးကျူးပါ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ကို ဖြည်းဖြည်းချင်းမြှင့်တင်ပါ။
ဖော်ပြပါ အချက်လေးတွေကို လိုက်နာကျင့်သုံးခြင်းဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်ချက် တိုးတက်လာပြီး ကွီးတို့ရဲ့ Personal Life မှာဖြစ်စေ၊ Professional မှာဖြစ်စေ အောင်မြင်တိုးတက်မှုအတွက် အထောက်အကူပြုပါလိမ့်မယ်။
Featured Photos : Talnettalks