လူတစ်ယောက်အတွက် အသက်ရှင်သန်ရာ တစ်လျောက်လုံးမှာ အမှီအခိုကင်းကင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ တာဝန်ယူနိုင်တဲ့သူ တစ်နည်းအားဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သူ ဖြစ်ဖို့ အရေးကြီးပါတယ်။ အမှီအခိုကင်းတဲ့ ဘဝက ဘယ်လောက်ထိ ကျေနပ်စရာကောင်းတယ်ဆိုတာ ကိုယ့်ခြေထောက်ပေါ်ကိုယ် စတင်ရပ်တည်လာနိုင်ချိန်မှာ သိလာရမှာပါ။ အခုပြောပြပေးမှာကတော့ ကွီးတို့အနေနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သူ တစ်ယောက်ဖြစ်ဖို့ သိထားသင့်တဲ့ အချက်တချို့ ဖြစ်ပါတယ်။

(၁) ကိုယ့်ကိုယ်ကို နားလည်အောင်လုပ်ပါ

Photo : Unsplash

ဒါက အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး အချက်ပါပဲ။ အမှီအခိုကင်းတဲ့ ဘဝတစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင် ပထမဆုံး သိထားရမှာက သင်ကိုယ်တိုင်ပါပဲ။ ကိုယ်က ဘယ်လိုလူမျိုးလဲ ၊ ကိုယ့်ရဲ့ ထူးခြားချက်က ဘာဖြစ်မလဲ၊ မကောင်းတဲ့ အမှောင်ဘက်ခြမ်းက ဘာဖြစ်မလဲ ၊ ကိုယ့်ကိုဘယ်အရာတွေက ပျော်ရွှင်စေလဲ ၊ ဘယ်အရာတွေက ဝမ်းနည်းစေလဲ စသည်ဖြင့် ကိုယ့်အကြောင်းကို ကောင်းကောင်းသိနားလည်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကို သိခြင်းဟာ ကိုယ့်ရဲ့ အားသာချက် ၊ အားနည်းချက်တွေကို ခွဲခြားသိမြင်နိုင်ပြီး တစ်ကိုယ်တည်း ရပ်တည်နိုင်သူ ဖြစ်ဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်ပါတယ်။

(၂) စိတ်ဓာတ်ကြံ့ခိုင်အောင် လေ့ကျင့်ပါ

Photo : Medium

ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာဖို့ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ရသလို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာဖို့လည်း လေ့ကျင့်ပေးဖို့ လိုပါတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သူ ဖြစ်ချင်တယ်ဆိုရင် စိတ်ဓာတ်ပျော့ညံ့နေလို့ မရရိုး အမှန်ပါ။ လောကဓံရဲ့ အလှည့်အပြောင်း အတိုက်အခိုက်တွေကြားမှာ သန်မာကြံ့ခိုင်နေဖို့ ကိုယ့်ကိုယ်ကို လေ့ကျင့်ထားဖို့ လိုပါတယ်။ ဘဝမှာ ဘယ်လိုအခက်အခဲ အတားအဆီးတွေ ကြုံလာကြုံလာ လွယ်လွယ်လက်မလျော့တက်သူ ဖြစ်အောင် ၊ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရပါစေ စိတ်ဓာတ်မကျသူ ဖြစ်အောင် ၊ ခါးသီးတဲ့ အတိုက်အခိုက်တွေ ကြုံလာပါစေ ဝမ်းနည်းအားငယ်နေသူ မဖြစ်အောင် စိတ်ဓာတ်ကိုအခိုင်မာဆုံး ပြင်ဆင်လေ့ကျင့်ထားဖို့ လိုပါတယ်။

(၃) ကိုယ့်ကိုယ်ကို ယုံကြည်ပါ

Photo : Inc. Magazine

ယုံကြည်မှုဟာ တစ်နည်းအားဖြင့် ခွန်အားပါပဲ။ သင့်ယုံကြည်မှုရဲ့ ခွန်အားတွေကပဲ သင့်ကို တခြားသူတွေနဲ့ ကွဲပြားသွားစေနိုင်ပါတယ်။ ကိစ္စတစ်ခုကို လုပ်တော့မယ်ဆိုရင် အဲ့ဒါကို သင်အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို စွဲစွဲမြဲမြဲ လက်ကိုင်ထားပါ။ စိတ်အားထက်သန်မှုနဲ့ ယုံကြည်ချက်က သင့်စိတ်ကူးထားသမျှ အရာတိုင်းကို ဖြစ်မြောက်အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ တခြားသူတွေရဲ့ အမှီအခိုမပါပဲလည်း သင်တစ်ယောက်တည်း လုပ်နိုင်တယ် ၊ ကျော်ဖြတ်နိုင်တယ်ဆိုတဲ့ စိတ်ကိုမွေးပါ။ ဘဝမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်ဝနေဖို့ အရေးကြီးပါတယ်။

(၄) ကိုယ်စွမ်းကိုယ်စနဲ့ ပိုက်ဆံရှာပါ

Photo : DeptFinance

ပိုက်ဆံဟာ အရာရာကို မပြောင်းလဲနိုင်ဘူးလို့ ပြောကြပေမယ့် ကျွန်တော်တို့ အသက်ရှင်ရာ ဘဝတစ်လျောက်လုံးမှာ ပိုက်ဆံကြောင့် ပြောင်း လဲသွားတဲ့ အရာတွေအများကြီး ရှိပါတယ်။ ပိုက်ဆံဟာ သက်မဲ့အရာတစ်ခုဆိုပေမယ့် သက်ရှိလူသားတိုင်းအတွက် မရှိမဖြစ် အရေးပါတဲ့ အရာတစ်ခုပါ။ ဘဝမှာ တစ်ယောက်တည်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့ ပိုက်ဆံက အများကြီး ထောက်ပံ့ပေးနိုင်ပါတယ်။ ပိုက်ဆံရှိရင် အားရှိတယ် ၊ ပိုက်ဆံရှိတယ် ယုံကြည်မှု ပိုရှိတယ် ၊ ပိုက်ဆံရှိရင် ရပ်တည်ဖို့ ခွန်အားတွေ ပိုရှိစေပါတယ်။ ဒါကြောင့် ဘဝမှာ ပိုက်ဆံရှာပါ။ ကိုယ်စွမ်းကိုယ်စ ကိုယ့်ဉာဏ ၊ ကိုယ့်ခွန်အားကို အသုံးပြုပြီး ရလာတဲ့ သန့်ရှင်းတဲ့ ပိုက်ဆံကို ရှာပါ။

Featured Photo : Unsplash