ဘဝမှာ ရည်မှန်းချက် ရှိသူတိုင်းက အောင်မြင်မှု ကို ပိုင်ဆိုင်ကြရစမြဲလို့ ပြောကြပါတယ်။ ဒါဆို ရည်မှန်းချက် ဆိုတာ ဘာလဲ။ ရည်မှန်းချက်ကြီးသူတွေရဲ့ အလေ့အကျင့်တွေက ဘာတွေလဲ။ ရည်မှန်းချက်ကြီးအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ လျှို့ဝှက်ချက်တွေက ဘာတွေဖြစ်လဲ။ ရည်မှန်းချက်မရှိတဲ့ ဘဝကို သင်မည်ကဲ့သို့ ကျော်လွှားနိုင်မလဲ။ စသည်ဖြင့် မေးခွန်းပေါင်းများစွာ ထွက်လာပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဘဝမှာ ဘယ်လိုဘယ်ပုံ ရည်မှန်းချက် ကြီးကြီးထားရမလဲဆိုတာနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်နေသူတွေအတွက် လေ့လာအတုယူနိုင်မယ့် ရည်မှန်းချက် ကြီးမားသူတွေရဲ့ အလေ့အကျင့် ကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) တိကျသေချာတဲ့ ရည်ရွယ်ချက်ပန်းတိုင် တစ်ခုချမှတ်ပါ

Photo : Path Ways 2

ရည်မှန်းချက်ကြီးသူဆိုတာ ဘဝမှာဖြစ်ချင်တဲ့ ရည်ရွယ်ချက်ပန်းတိုင်တစ်ခု အခိုင်အမာ ချမှတ်ထားကြသူတွေ ဖြစ်ပါတယ်။ ကိုယ်ရောက်ချင်တဲ့နေရာ ၊ သွားချင်တဲ့လမ်းကြောင်း တစ်ခုအပေါ်ရောက်ဖို့ ကိုယ့်ကိုယ်ကို ရည်မှန်းချက် ခိုင်ခိုင်မာမာ ထားရှိကြပါတယ်။ ပန်းတိုင်းတွေဟာ အမြဲတမ်း ကြီးကျယ်ခမ်းနားနေဖို့ မလိုအပ်ပါဘူး။ သင့်ကို ရှေ့ဆက်လျှောက်လှမ်းဖို့ တွန်းအားကောင်းကောင်းပေးနိုင်တဲ့ တိကျသေချာတဲ့ ရည်ရွယ်ချက်ပန်းတိုင် တစ်ခုဖြစ်ဖို့သာ အရေးကြီးပါတယ်။

(၂) သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ

Photo : Money Crashers

သင်ဟာ သင့်အတွက် တန်ဖိုးအရှိဆုံး ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်ပြီး အမှန်တကယ် သင်ဟာ တန်ဖိုးရှိတယ်ဆိုတာကို သိထားဖို့ အရေးကြီးပါတယ်။ ရည်မှန်းချက်တွေ ပြည့်ဝအောင် လုပ်ဆောင်နိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို အဘက်ဘက်က ပြည့်ဝနေသူတစ်ယောက် ဖြစ်အောင် အဆင့်မြင့်တင် ပြောင်းလဲပေး ရမှာပါ။ သင့်ကိုယ်သင် ရင်းနှီးမြုပ်နှံတာဟာ ငွေသုံးဖို့သက်သက် မဟုတ်ပါဘူး။ ကိုယ့်အတွက် အချိန်ယူပါ။ တစ်နေ့ကို ၈ နာရီအိပ်ပါ။ တစ်ပတ်မှာ ၅ ကြိမ် လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ့်အတွက်ကိုယ် ဦးစားပေးပါ။ ကောင်းမွန်တဲ့ အရာတွေမှာ သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံတာဟာ အောင်မြင်မှုနဲ့ ပိုမိုနီးကပ်စေပါလိမ့်မယ်။

(၃) စွန့်စားပါ

Photo : Pixabay

အောင်မြင်ချင်သူတိုင်း လုပ်ဆောင်ရမယ့် အရေးကြီးဆုံး ခြေလှမ်းတစ်ခုကတော့ စွန့်စားရတာပါပဲ။ စွန့်စားတယ်ဆိုတာ သမားရိုးကျပုံစံခွက်ထဲက ဖောက်ထွက်ခြင်း ဖြစ်ပါတယ်။ ရည်မှန်းချက် ကြီးတဲ့သူတစ်ယောက်ဟာ Comfort Zone ထဲကထွက်ခွာပြီး စွန့်စားမှုနဲ့ ရင်ဆိုင်ဖို့ လက်တွန့်မနေပါဘူး။ စွန့်စားပြီး အမှားလုပ်မိမှာကိုလည်း မကြောက်ကြပါဘူး။ အပြောင်းအလဲတွေကို လိုလားပြီး စွန့်စားဖို့ သတ္တိရှိလေလေ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ နီးကပ်လေလေပါပဲ။ ဒါကြောင့် စွန့်စားပါ။ ဘဝအတွက် ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေ ဖြစ်လာဖို့ အကြောက်တရားနဲ့ ရဲရဲရင်ဆိုင်ပြီး ဆန်းသစ်တီထွင်မှုတွေ ဖန်တီးလိုက်ပါ။

(၄) စောင့်ဆိုင်းမနေပါနဲ့

Photo : Professional Liability Fund

စောင့်ဆိုင်းတယ်ဆိုတာ အချိန်ဖြုန်းခြင်းတစ်မျိုး ပါပဲ။ သင်စောင့်ဆိုင်းနေရင် သင်ရည်ရွယ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဘယ်တော့မှ ပြီးမြောက်အာင်မြင်အောင် ရောက်နိုင်မှာ မဟုတ်ပါဘူး။ မနက်ဖြန်ဆိုတာ သင့်အတွက် အဖြေတစ်ခု မဟုတ်ပါဘူး။ ရည်မှန်းချက်ကြီးခြင်းဆိုတာ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးခြင်း ၊ ကိုယ်လိုချင်တဲ့အရာအတွက် တိုက်ပွဲဝင်ခြင်းပင် ဖြစ်ပါတယ်။ သင့်အနာဂတ်က သင့်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာကို နားလည်ထားပါ။ စောင့်ဆိုင်းတာ ၊ ရွေ့ဆိုင်းတာတွေဟာ သင့်ဘဝတက်လှမ်း ၊ သင့်ရည်မှန်းချက်လမ်းကြောင်းပေါ်က ကြီးမားတဲ့ အတားအဆီး အဟန့်အတားတစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : Unsplash