မိတ်ဆွေတို့ရေ ဒီလောကတစ်ခွင်မှာ လူတိုင်းလူတိုင်း ရှင်သန်နေထိုင်ရတဲ့ ဘဝ၊ ပတ်ဝန်းကျင်ပေါ်လိုက်ပြီး ရရှိတဲ့ အခွင့်အရေးတွေ၊ နေထိုင်မှုပုံစံတွေက မတူညီကြပါဘူး။ သို့သော်လည်း ဒီကမ္ဘာပေါ်မှာ လူတိုင်း တန်းတူပိုင်ဆိုင်နိုင်တဲ့ အရာတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ “အချိန်” ပါပဲ။ ကမ္ဘာပေါ်မှာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ အောင်မြင်တဲ့သူဖြစ်စေ၊ သာမာန်လူဖြစ်စေ အကုန်လုံးက တစ်နှစ်မှာ ၃၆၅ ရက်၊ တစ်ရက်မှာ ၂၄ နာရီ တန်းတူ ပိုင်ဆိုင်ကြတာပါ။ ဘယ်သူမှအချိန်ကို ပိုပြီး မပိုင်ဆိုင်ကြပါဘူး။ ဒါပေမဲ့ အချိန် ကို စီမံခန့်ခွဲတတ်မှုနဲ့ အသုံးချမှုပေါ်မူတည်ပြီး လူတွေရဲ့ ဘဝက ၊ အနေအထားက ကွာခြားသွားတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် တန်းတူ သာပိုင်ဆိုင်ခွင့်ရှိသော်လည်း၊ ဘဝအတွက် အကျိုးရှိရှိ အသုံးချလို့ရတဲ့ အချိန်ကို ဘယ်လို ကိုယ်တိုင် စီမံ ခန့်ခွဲနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။

အချိန်နဲ့ပတ်သတ်ပြီး အလေးထားပါ

ကိုယ်တိုင် စီမံ

Photo : Business First Family

အချိန်ကို ကိုယ်တိုင် စီမံ ခန့်ခွဲဖို့ဆိုရင် အရင်ဆုံး အချိန်နဲ့ ပတ်သတ်တဲ့ ကိုယ့်ရဲ့ အမူအကျင့်တွေကို ပြောင်းလဲရပါမယ်။ မိတ်ဆွေတို့ ကိုယ်တိုင် ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ကြည့်ပါ။ အချိန်နဲ့ပတ်သတ်ပြီး လေးစားမှု ရှိတဲ့သူလား၊ အချိန်ဆွဲတတ်တဲ့သူလား၊ လုပ်စရာရှိတာများကို အချိန်မဆွဲပဲ လုပ်တတ်တဲ့သူလား ဒါမှမဟုတ် အချိန်ရှိသေးပါတယ်ဆိုပြီး မလုပ်ပဲ နောက်ဆုံးမှ လုပ်တတ်တဲ့သူလား ဆိုတာ ပြန်လည်သုံးသပ်ပါ။ အကယ်၍ မိတ်ဆွေတို့ကိုယ်တိုင် အချိန်နဲ့ပတ်သတ်ပြီး လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုရင် ပြုပြင်ပါ။ ဘယ်ကိစ္စမဆို အချိန်ကို လေးစားတတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပါ။

တစ်နေ့တာအတွက် လုပ်ဆောင်စရာများကို ချရေးပါ

ကိုယ်တိုင် စီမံ

Photo : Inflow

အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ဆိုရင် အရေးကြီးဆုံးအရာမှ စတင်ပြီး တစ်နေ့တာလုံးအတွက် မိတ်ဆွေတို့ လုပ်ဆောင်စရာရှိတဲ့ အရာများကို ချရေးလိုက်ပါ။ ထို့နောက် လုပ်စရာရှိတဲ့ အလုပ်များကို သူ့အချိန်အလိုက် ဘယ်အချိန်မှာ ဘယ်အလုပ် ပြီးစီးရမယ်ဆိုတာ တစ်ခါတည်း သတ်မှတ်ထားပါ။ အရေးအကြီးဆုံးကို စပြီး အဓိကထား လုပ်ပြီးနောက် ကျန်ရှိနေသေးတဲ့ အလုပ်များကို အစဉ်တိုင်း ပြီးမြောက်အောင်လုပ်ပါ။ ပြီးမြောက်သွားသည့် အလုပ်တစ်ခုစီတိုင်းကို အမှန်ခြစ်ပါ။ ထိုသို့လုပ်ခြင်းဖြင့် ကိုယ့်ရဲ့ အလုပ်ပြီးမြောက်မှုနဲ့ တိုးတတ်မှုကို ကိုယ်တိုင်မြင်ရပြီး စိတ်ကျေနပ် တတ်ကြွလာပါလိ့မ်မယ်။ ဒီနည်းလမ်းကို အောင်မြင်တဲ့သူ တော်တော်များများ အသုံးပြုကြပြီး အလုပ်ပြီးမြောက်မှုနဲ့ အချိန်အသုံးချမှု သိသိသာသာ ထိရောက်ပြီး တိုးတက်လာတာ တွေ့ရပါလိမ့်မယ်။

သေးငယ်သော ပန်းတိုင်များက စတင်ပါ

ကိုယ်တိုင် စီမံ

Photo : Classplus

မိတ်ဆွေတို့အတွက် ကိုယ်တိုင် အချိန်ကို စနစ်တကျ စီမံ ခန့်ခွဲ ပြီး လိုက်နာဆောင်ရွက်ရတာဟာ အစပိုင်းမှာ အနည်းငယ် ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် အရင်ဆုံး ကိုယ်စွမ်းဆောင်နိုင်မဲ့ အလုပ်တွေကို အချိန်တစ်ခု သတ်မှတ်ပြီး ရည်မှန်းချက် ပန်းတိုင်သေးသေးလေးများကို အရင်ထားရှိပါ။ ထိုပန်းတိုင်များ အောင်မြင်လာတဲ့အခါ အချိန်ကို အကျိုးရှိစွာ စီမံခန့်ခွဲခြင်းရဲ့ အကျိုးကျေးဇူးတွေ ခံစားလာပါလိမ့်မယ်။ ထိုမှတဆင့် မိတ်ဆွေတို့ရဲ့ ကြိုးစားချင်စိတ်တွေ၊ စိတ်ဓာတ်တွေ တတ်ကြွလာပါလိမ့်မယ်။ အချိန်နဲ့ပတ်သတ်ပြီး အလေ့အကျင့်ကောင်းများကို ပျိုးထောင်ပြီးသားလည်း ဖြစ်စေပါတယ်။

အချိန်ကန့်သတ်ချက်များ ထားရှိပါ

Time

Photo : Business Builders

ဒီအချက်က လုပ်ငန်းခွင်ဝင်နေသော မိတ်ဆွေများသာမက လူတိုင်းအတွက် အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ အချိန်ကို ကိုယ်တိုင် စီမံ ခန့်ခွဲတဲ့နေရာမှာ လုပ်စရာ အလုပ်တစ်ခုချင်းစီအတွက် ပြီးမြောက်ချိန် သတ်မှတ်ဖို့ လိုပါတယ်။ တစ်နေ့တာ အလုပ်ကိုဖြစ်စေ၊ တစ်ပတ်တာ ပရောဂျက်တွေကို ဖြစ်စေ ပြီးမြောက်စေရန် လိုအပ်တဲ့ အချိန် အတိုင်းအတာအလိုက် ကိုယ်တိုင် အချိန်ကန့်သတ်ချက်များ (Deadline) များကို ထားရှိပါ။ ပြီးလျှင် ထိုကန့်သတ်ချက်ကို ပြည့်မှီရန် ကြိုးစားပါ။ ဒီနည်းလမ်းကို အသုံးပြုခြင်းဖြင့် မိတ်ဆွေတို့ အလုပ်တာဝန်က ကြိုတင်ပြီးစီးပြီး ပြန်လည် ဖြည့်စွက်စရာရှိလျှင်လည်း အချိန်လုံလောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အနားကပ်မှ အမြန်လုပ်ရတဲ့အတွက် အမှားတွေ၊ စိတ်ဖိစီးမှုတွေလည်း ကင်းဝေးပြီး ရလဒ်ကောင်းတွေ ရမှာ ဖြစ်ပါတယ်။

အလျင်စလိုမလုပ်ပါနဲ့

time

Photo : Health Benefits Times

လုပ်စရာရှိတဲ့အရာများကို မြန်မြန်ပြီးအောင် အလျင်စလို လုပ်တာမျိုး၊ တစ်ပြိုက်နက်တည်း အလုပ်အများကြီး ပြီးအောင်လုပ်တာမျိုးကို ရှောင်ပါ။ ဒီလိုလုပ်ခြင်းက မိတ်ဆွေတို့အတွက် အမှားများနိုင်သလို ဘယ်အလုပ်ကိုမှ သေချာမပြီးဘဲ အချိန်ပိုကြာနိုင်ပါတယ်။ ဒီအချက်က အချိန်ကို သေချာမစီမံထားတဲ့ ရလဒ်ပါပဲ။ ဘယ်အရာကို မဆို အလျင်စလိုမလုပ်ပဲ စနစ်တကျနဲ့ အလုပ်တစ်ခုပြီးမှ တစ်ခုလုပ်ခြင်းက အချိန်ကို အကျိုးရှိရှိ အသုံးချရာလည်း ရောက်ပါတယ်။

ကိုယ့်ဘဝကို တိုးတက်အောင်မြင်အောင် ကြိုးစားတဲ့နေရာမှာ လူတိုင်းတန်းတူ ရရှိတဲ့ အချိန်ကို စီမံခန့်ခွဲတတ်တဲ့ အရည်အချင်းကလည်း အရေးပါတာကြောင့် ဒီဆောင်းပါးလေးက မိတ်ဆွေတို့အတွက် အထောက်အကူပြုမယ်လို့ ထင်ပါတယ်။

Featured Photo : Vista Create