ကိုယ်ပိုင်လုပ်ငန်း စလုပ်တယ်ဆိုတာ တကယ်တော့ စွန့်စားခန်း ဖွင့်တာပါပဲ။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုဟာ အရင်းအနှီး အလုံအလောက်မရှိသူတွေအတွက်တော့ ပိုပြီးခက်ခဲနိုင်သလို တာဝန်လည်း ပိုကြီးပါတယ်။ ဒါပေမယ့် ကိုယ့်မှာရှိတဲ့ အရင်းအနှီးနည်းနည်းနဲ့ပဲ ကိုယ်ပိုင်လုပ်ငန်းစလုပ်မယ်ဆိုရင် အခုပြောပြမယ့် အချက်လေးတွေကို သိထားဖို့ လိုမှာပါ။

(၁) ငွေကြေးစီမံခန့်ခွဲမှု နိုင်ပါစေ

Photo : Powered by Ceros

ငွေကြေးစီမံခန့်ခွဲမှုက လုပ်ငန်းရပ်တည်ဖို့အတွက် အသက်သွေးကြောပါပဲ။ လုပ်ငန်းတစ်ခု အမြတ်ငွေမဝင်ခင်စပ်ကြားမှာ ငွေအရင်းအနှီး စိုက်ထုတ်ရတဲ့ အရာတွေအများကြီး ရှိပါတယ်။ ဒီလို လုပ်ငန်းအတွက် ငွေကြေးသုံးစွဲရတဲ့အပေါ် ကောင်းစွာစီမံခန့်ခွဲမှု လုပ်နိုင်မှသာ လုပ်ငန်း ရပ်တန်နိုင်မှုနဲ့ လုပ်ငန်းလည်ပတ်နိုင်မှု ကောင်းကောင်းရှိနိုင်မှာပါ။

(၂) တက်နိုင်သမျှ ဝိတ်လျှော့ပါ

Photo : Creative Market

အရင်းအနှီး နည်းနည်းနဲ့စမယ့် လုပ်ငန်းတစ်ခု ဖြစ်တာနဲ့အညီ ငွေကုန်ကျမယ့်အရာတွေအပေါ် တက်နိုင်သမျှ ဝိတ်လျှော့ချပြီး အမြော်အမြင်ရှိရှိနဲ့ ငွေကိုသုံးတက်ဖို့ လိုပါတယ်။ ဥပမာ ပြောရရင် ရုံးသုံးပရိဘောဂတွေကစလို့ ထုတ်လုပ်ရေးပစ္စည်းတွေအထိ အသစ်စက်စက် ပါကင်ပိတ်ကိုဝယ်မယ့်အစား တစ်ပတ်ရစ် ပစ္စည်းတွေပြန်ဝယ်သုံးပြီး စသင့်ပါတယ်။ ဒါဟာ ငွေအကုန်အကျကို တက်နိုင်သမျှ ထိန်းချုပ်လိုက်တာဖြစ်တဲ့အတွက် တခြားဦးစားပေး နေရာတွေမှာသုံးဖို့ ငွေပိုငွေလျှံ ထွက်လာစေမှာ ဖြစ်ပါတယ်။

(၃) အရန် ရံပုံငွေထားရှိပါ

Photo : Debt.com

စီးပွားရေးလုပ်ငန်းတစ်ခုဟာ အောင်မြင်မလား ၊ ကျရှုံးမလား ဘယ်သူမှမသိနိုင်ပါဘူး။ တစ်ကြိမ်တည်းနဲ့ အောင်မြင်သွားတဲ့ လုပ်ငန်းတွေကတော့ ခပ်ရှားရှားပါပဲ။ ဒီတော့အကောင်းဆုံးက အရန် ရံပုံငွေ ထားရှိဖို့ပါပဲ။ အမြတ်ငွေဝင်ဖို့ မျှော်လင့်ထားတဲ့ အချိန်ထက်ပိုကြာတာ ဒါမှမဟုတ် မျှော်လင့်မထားတဲ့ ဆုံးရှုံးမှုတစ်ခုခုနဲ့ ကြုံရတာ စတဲ့အခြေအနေတွေမှာ အရန် ရံပုံငွေ ရှိထားတာဟာ လုပ်ငန်းကို ဆက်လက်အသက်ဆက်ဖို့အတွက် ထောက်တိုင်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ပိုင်လုပ်ငန်း စလုပ်မယ်ဆိုကတည်းက ရင်းနှီးငွေရဲ့ တဝက်ခန့်ပမဏကို အရန် ရံပုံငွေ ထားနိုင်မယ့် လုပ်ငန်းမျိုး စတင်သင့်ပါတယ်။

(၄) လုပ်ငန်းငွေဟာ ကိုယ်ပိုင်ငွေမဟုတ်ပါ


Photo : Pexels

တချို့လုပ်ငန်းရှင်တွေ အလုပ်ဖြစ်နေပါရက် ဘာကြောင့် အရှုံးပေါ်ကုန်တာလဲ စဉ်းစားစရာ ရှိပါတယ်။ ဒါကတော့ ရှင်းရှင်းလေးပါပဲ။ လုပ်ငန်းထဲက ငွေကြေးအမြတ်အစွန်းနဲ့ ကိုယ်ရေးကိုယ်တာ ငွေသုံးစွဲမှုကို ရောထွေးပစ်ကျလို့ပါ။ တကယ်တော့ လုပ်ငန်းအတွက် ဝင်ငွေ/ထွက်ငွေနဲ့  အမြတ်ငွေစာရင်းဆိုတာ တိတိကျကျ သီးသီးသန့်သန့် ရှိဖို့လိုပါတယ်။ လုပ်ငန်းငွေကို ကိုယ်ပိုင်ငွေလို့ သဘောထားပြီး ရောထွေးသုံးစွဲမယ်ဆိုရင် လုပ်ငန်းအပေါ်မှာပါအများကြီး ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်း စလုပ်မယ်ဆိုကလည်းက လုပ်ငန်းငွေစာရင်းနဲ့ ကိုယ်ပိုင်ငွေစာရင်းကို သီးသန့်ခွဲထားဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Pexels