အနောက်အရပ်က ခရေပန်းကလေးကို ချစ်ခြင်းဖွဲ့တဲ့အခါ ကိုယ်ဝန် ရနိုင်လားလို့ တော်တော်များများ မေးကြပါတယ်။ ယေဘုယျအားဖြင့် ပြောရရင် Anal Sex လို့ခေါ်တဲ့ စအိုနဲ့ ဆက်ဆံခြင်းဟာ ကိုယ်ဝန်မရနိုင်ပါဘူး။ ဒါပေမယ့် အမျိုးသား သုက်ရည်ဟာ မိန်းမကိုယ်အတွင်းကို ဝင်ရောက်သွားမယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။
ကိုယ်ဝန်ဆောင်တဲ့ ဖြစ်စဉ်ဟာ အမျိုးသားရဲ့ သုက်ရည်အတွင်းမှာပါရှိတဲ့ သုက်ပိုးနဲ့ အမျိုးသမီးရဲ့ သားအိမ် သို့မဟုတ် သားဥပြွန်အတွင်းမှာရှိတဲ့ မျိုးဥတို့ ပေါင်းစပ်မိရာကနေ ဖြစ်ပေါ်လာတာပါ။ American Sexual Health Organization ရဲ့အဆိုအရ Anal Sex လို့ခေါ်တဲ့ စအိုနဲ့ ဆက်ဆံခြင်းဟာ အခြေခံအားဖြင့်တော့ ကိုယ်ဝန်ရနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သုက်ရည်ဟာ စအိုအတွင်းကနေ ယိုစိမ့်ပြီး မိန်းမကိုယ်အတွင်းကိုဝင်ရောက်မယ်ဆိုပါက ကိုယ်ဝန်ရနိုင်ခြေရှိနေပါတယ်။
Photo : FirstCry Parenting
နောက်ထပ်တစ်ချက်မှာ စအိုနဲ့ လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန် ရနိုင်ခြေ နည်းပါးတယ်လို့ သတ်မှတ်ထားပေ့မယ်လည်း လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ကူးစက်ရောဂါ (STIs) တွေတော့ ဖြစ်နိုင်ခြေ ပိုများပါတယ်။ STIs ကူးစက်နိုင်ခြေကို လျှော့ချဖို့အတွက်ဆို အတူနေချိန်တိုင်းမှာ အကာအကွယ် (ကွန်ဒုံး)ကို အမြဲသုံးဖို့လိုပါတယ်။
စအိုဟာ မိန်းမကိုယ်ကဲ့သို့ သဘာဝ ချောဆီ မထုတ်လုပ်နိုင်တဲ့အပြင် ထိလွယ်ရှလွယ်တဲ့ နူးညံ့သိမ်မွေ့တဲ့ အရေပြားဧရိယာတစ်ခုဖြစ်တဲ့အတွက် ဆက်ဆံချိန်မှာ အရေပြားအလွယ်တကူ စုတ်ပြဲနိုင်ပြီး ရောဂါပိုးအလွယ်တကူပဲ ကူးစက်နိုင်ပါတယ်။ စအိုနဲ့ဆက်ဆံခြင်းကနေ ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကတော့
- HIV
- Human Papillomavirus (HPV)
- အသည်းရောင်အသားဝါ (Hepatitis Viruses)
- ဆစ်ဖလစ် (Syphilis)
- ဆီးပူညောင်းကျ (Gonorrhea)
- ရေယုန်ရောဂါ (Herpes Simplex)
- ကလက်မိုင်ဒီးယား (Chlamydia)
- လိင်အင်္ဂါကြွက်နို့ (Genital Warts) တို့ ပါဝင်ပါတယ်။
စအိုလိင်မှတဆင့် STI ကူးစက်ခြင်း သို့မဟုတ် ကူးစက်နိုင်ခြေကို လျှော့ချဖို့အတွက်ဆိုရင် လိင်ကစားစရာအရုပ်များမှာပင် ကွန်ဒုံးကို အချိန်တိုင်းသုံးဖို့ အလွန်အရေးကြီးပါတယ်။ နောက်ပြီး စအို ၊ မိန်းမအင်္ဂါ သို့မဟုတ် ပါးစပ် စသည်ဖြင့်မတူညီတဲ့ နေရာတွေကို ပြောင်းလဲဆက်ဆံပါကလည်း ကွန်ဒုံးအသစ်တစ်ခု ပြောင်းသုံးပေးဖို့ လိုပါတယ်။
Photo : What to Expect
စအိုနဲ့ ဆက်ဆံတဲ့အခါ အရေပြားပွန်းပဲ့ပျက်စီးခြင်းမှ ကာကွယ်နိုင်ဖို့ ချောဆီများများသုံးပေးဖို့လည်း အရေးကြီးပါတယ်။ ကွန်ဒုံးကို ပေါက်ပြဲစေနိုင်တဲ့ ဆီအခြေခံ ချောဆီတွေအစား ရေအခြေခံ ချောဆီကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ Pull-out Method လို့ခေါ်တဲ့ အပြင်မှာပြီးတဲ့ နည်းစနစ်ကရော ကိုယ်ဝန်ရနိုင်ခြေရှိလားဆိုတဲ့ မေးခွန်းကို ပြောပြပေးပါမယ်။ သုက်မလွှတ်မီ လိင်တံကို မိန်းမကိုယ်အတွင်းကနေ အချိန်မှီ ဖယ်ရှားရတဲ့ Pull-out Method ဟာ ယုံကြည်စိတ်ချရတဲ့ သန္ဓေတားနည်းတစ်ခုတော့ မဟုတ်ပါဘူး။ အမျိုးသားတစ်ယောက်အနေနဲ့ အလေ့အကျင့်မရှိပါက သို့မဟုတ် တိုင်ပင်မကိုက်ပါက သုက်လွတ်ခါနီးမှာ အချိန်မှီ လိင်တံကိုဆွဲထုတ်နိုင်ဖို့ ခက်ခဲပြီး သုက်မလွှတ်မီမှာ ထုတ်လွှတ်တက်တဲ့ ရှေ့ပြေးအရည်ကြည် (Precum) မှာလည်း သုက်ပိုးပါဝင်နိုင်တဲ့အတွက် ကိုယ်ဝန်ရနိုင်ခြေ များပါတယ်။ Center for Young Women’s Health ကျန်းမာရေးအဖွဲ့အစည်းရဲ့ လေ့လာမှုစစ်တမ်းတွေအရတော့ Pull-out Method ကိုကျင်းသုံးတဲ့ စုံတွဲတွေအနေနဲ့ ၂၂ ရာခိုင်နှုန်းဟာ တစ်နှစ်အတွင်း ကိုယ်ဝန် ရနိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် အကောင်းဆုံးကတော့ ကိုယ်ဝန်ယူဖို့အဆင်သင့်မဖြစ်သေးရင် ယုံကြည်စိတ်ချရတဲ့ သန္ဓေတားနည်းတစ်ခုခုကို လိုက်နာသုံးစွဲတာ သို့မဟုတ် အတူနေချိန်တိုင်း အကာအကွယ်အသုံးပြုတာမျိုး လုပ်ပေးဖို့ လိုပါတယ်။
တစ်ခါတစ်လေမှာ Foreplay လို့ခေါ်တဲ့ ကြိုတင်နှိုးဆွမှု အဆင့်မှာလည်း ကိုယ်ဝန်ရသွားနိုင်ခြေရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့် နည်းတယ်ဆိုပေမယ့် လိင်အင်္ဂါအချင်းချင်း ထိတွေ့ပွတ်သပ်နှိုးဆွတဲ့အခါ မထင်မှတ်ပဲ ကိုယ်ဝန် ရသွားနိုင်တာပါ။ ထိုးသွင်းဆက်ဆံမှုမရှိတဲ့ အခြေအနေမှာတောင် ကိုယ်ဝန်ရနိုင်ခြေရှိတာကြောင့် လိင်အင်္ဂါအချင်းချင်း နှိုးဆွမှုပြုလုပ်မယ်ဆိုရင် အကာအကွယ်ကို သေချာပေါက် အသုံးပြုပေးဖို့ အကြံပေးချင်ပါတယ်။
Featured Photo : Premom