Anal Sex လို့ခေါ်တဲ့ စအိုနဲ့ လိင်ဆက်ဆံခြင်းကနေ HIV ရောဂါပိုး ကူးစက်ခံရ နိုင်ပါသလား။ အဖြေကတော့ Yes ပါ။ ဒါဟာ HIV ရောဂါပိုး ကူးစက်နိုင်တဲ့ အန္တရာယ်အရှိဆုံး နည်းလမ်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ လိင်တူချင်းဖြစ်စေ ၊ လိင်ကွဲနဲ့ဖြစ်စေ အနောက်တံခါး ကို ခရီးသွားမယ်ဆိုရင် HIV ကူးစက်ခံရနိုင်ခြေ အများကြီးရှိနေပြီး အကြောင်းကတော့ စအိုအတွင်းနံရံဟာ အလွန်ပါးလွှာလွန်းတဲ့အတွက် လိင်ဆက်ဆံစဉ်အတွင်း HIV ရောဂါပိုးဟာ ခန္ဓာကိုယ်အတွင်းကို အလွယ်တကူ ဝင်ရောက်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

Photo : Multidisciplinary – MIMS

စအိုနဲ့လိင်ဆက်ဆံခြင်းမှာ Receptive Partner လို့ခေါ်တဲ့ ဆက်ဆံခံရသူ (Bottom) ဟာ ထိုးသွင်းဆက်ဆံသူ Insertive Partner (Top) ထက် ရောဂါပိုး ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ စအိုအတွင်း တစ်သျှူးတွေဟာ အလွန်နူးညံ့ပြီး အထိအရှ လွယ်ပါတယ်။ နောက်ပြီး စအိုဟာ မိန်းမကိုယ်ကဲ့သို့ သဘာဝချောဆီ မထုတ်ပေးနိုင်တဲ့အတွက် အကာအကွယ်မဲ့ ဆက်ဆံချိန်မှာ ပွန်းပဲ့ဒဏ်ရာတွေကို ဖြစ်စေနိုင်ပြီး အဆိုပါ ပွန်းရာရှရာ သွေးထွက်ဒဏ်ရာတွေကနေတဆင့် HIV ရောဂါပိုးဟာ သွေးကြောတွေထဲကို အလွယ်ဝင်ရောက် ကူးစက်သွားနိုင်ပါတယ်။  ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ မိန်းမကိုယ်နဲ့ လိင်ဆက်ဆံခြင်း ၊ ပါးစပ်/လျှာနဲ့ လှုံဆော်ဆက်ဆံခြင်းတွေကနေ ရောဂါပိုးကူးစက်ခံရနိုင်ခြေ ရာခိုင်နှုန်းအားဖြင့် နည်းတယ်လို့ သတ်မှတ်လို့ရပေမယ့် စအိုနဲ့ဆက်ဆံခြင်းကနေ တဆင့်တော့ HIV ရောဂါပိုး ကူးစက်ခံရနိုင်နှုန်းဟာ အများကြီး ရှိနေတာ ဖြစ်ပါတယ်။

အလားတူ ထိုးသွင်းဆက်ဆံသူ Insertive Partner (Top) အနေနဲ့လည်း လိင်တံမှာ ပွန်းပဲ့ဒဏ်ရာ တစ်စုံတစ်ရာရှိနေပါက ရောဂါပိုး ကူးစက်ခံရနိုင်ခြေ မြင့်မားစွာ ရှိနေပါတယ်။ လိင်တံဟာ ဆက်ဆံခံရသူရဲ့ စအိုအတွင်း တစ်သျှူးတွေမှာ ဖြစ်ပေါ်လာတဲ့ သွေးထွက်ဒဏ်ရာတွေနဲ့ ထိတွေ့မှုကနေတဆင့် HIV ရောဂါပိုး အလွယ်တကူ ကူးစက်ခံရနိုင်တာ ဖြစ်ပါတယ်။

အကာအကွယ်မဲ့ အနောက်တံခါး ကို ခရီးသွားတာဟာ HIV အပြင် ကလက်မိုင်ဒီးယား (Chlamydia) နဲ့ ဆီးပူညောင်းကျ (Gonorrhoea) တို့လို အခြား လိင်မှတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ (STIs) ကိုလည်း ကူးစက်ခံရနိုင်ပါသေးတယ်။ ဒါ့အပြင် အသည်းရောင် အသားဝါနဲ့ ဘက်တီးရီးယားပိုးတွေဟာ မစင်ကနေတဆင့် ကူးစက်နိုင်တာကြောင့် ကွန်ဒုံးမပါပဲ အကာအကွယ်မဲ့ စအိုနဲ့လိင်ဆက်ဆံမယ်ဆိုရင် အဆိုပါရောဂါအန္တရာယ်တွေကိုလည်း ရနိုင်ခြေ ရှိနေပါတယ်။ 

Condom

Photo : Verywell Health

ကွန်ဒုံးအသုံးပြုသည်တိုင်အောင် အချို့ ကာလသားရောဂါ (Syphilis) နဲ့ မျိုးပွားအင်္ဂါရေယုန် (Genital Herpes) တို့လို STIs ရောဂါတွေဟာ အရေပြားချင်း ထိတွေ့မှုကနေတဆင့် ကူးစက်ခံရနိုင်ခြေ ရှိနေတယ်ဆိုတာကိုလည်း သိထားဖို့လိုပါမယ်။

တကယ်တော့ အကာကွယ်မဲ့ စအိုနဲ့လိင်ဆက်ဆံခြင်းဟာ အလွန်အန္တရာယ်များတဲ့ ဆက်ဆံမှုတစ်ခုပဲ ဖြစ်ပါတယ်။ အနောက်တံခါး ဟာ ခြောက်ခြားစရာ အိပ်မက်ဆိုးတစ်ခု မဖြစ်စေဖို့ဆိုရင် စအိုနဲ့လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးကို မှန်မှန်ကန်ကန် နည်းစနစ်တကျ အသုံးပြုပေးရမှာဖြစ်ပြီး ဆက်ဆံနေစဉ်အတွင်းမှာလည်း ရေ သို့မဟုတ် ဆီလီကွန်အခြေခံ ချောဆီတွေကို အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ လိင်မှုကိစ္စဟာ မှန်ကန်တဲ့ကာကွယ်နည်းတွေကို လိုက်နာမယ်ဆိုရင် ပျော်ရွှင်ဖွယ် ဖြစ်တယ်ဆိုတာကို သတိရစေချင်ပါတယ်။

Featured Photo : Love Matters Africa