ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ အဆိုအရ တစ်ကမ္ဘာလုံးမှာ လူပေါင်း (၄၆၂) သန်းခန့်ဟာ ကိုယ်အလေးချိန် နည်းပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေကြရပါတယ်။ ကိုယ်အလေးချိန်လွန်ကဲတာသို့မဟုတ် အဝလွန်ခြင်းဟာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးများစွာသက်ရောက်စေသလို ကိုယ်အလေးချိန်နည်းပါးခြင်းဟာလည်း ဆိုးရွားတဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများစွာကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန် နည်းပါးခြင်း ပြဿနာဟာ ခန္ဓာကိုယ် ဇီဝဖြစ်ပျက်မှု အလွန်မြင့်ခြင်း ၊ မျိုးရိုးဗီဇ ၊ ကျန်းမာရေးပြဿနာ ၊ ကိုယ်လက်လှုပ်ရှားမှုအပြင်းအထန် ပြုလုပ်ခြင်း ၊ စိတ်ဖိစီးမှု ၊ စိတ်ကျရောဂါနဲ့ မူမမှန်တဲ့ စားသောက်မှုပုံစံတွေနဲ့ ဆက်စပ်နေပါတယ်။

လူတစ်ယောက်မှာ ပုံမှန်ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက် လျော့နည်းနေသလား ၊ ပိုများနေသလားဆိုတာကို BMI (Body Mass Index) တွက်ချက်နည်းနဲ့ သိနိုင်ပါတယ်။ ယေဘုဘျအားဖြင့် BMI ၁၈.၅ ထက် နည်းနေပါက ကိုယ်အလေးချိန်မပြည့်မီဘူးလို့ သတ်မှတ်နိုင်ပါတယ်။ BMI ၁၈.၅ ကနေ ၂၄.၉ ကြားမှာရှိနေပါက ပုံမှန် သို့မဟုတ် ကျန်းမာသော ကိုယ်အလေးချိန်လို့ သတ်မှတ်လို့ရပြီး BMI ၂၅.၀ ကနေ ၂၉.၉ နဲ့ အထက်ဆိုရင်တော့ အဝလွန်နေတဲ့ ကိုယ်အလေးချိန်လို့ သတ်မှတ်လို့ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်အလေးချိန်အလွန်နည်းပါးတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ကွီးတို့အိမ်မှာပဲ သဘာဝအတိုင်း ကိုယ်အလေးချိန်တက်စေမယ့် ထိပ်တန်းနည်းလမ်းကောင်း တစ်ချို့ကို မျှဝေပေးချင်ပါတယ်။

(၁) ကာဗိုဟိုက်ဒရိတ်နဲ့ ကျန်းမာတဲ့ အဆီဓာတ် စားပေးပါ

Photo : Medical News Today

ကာဗိုဟိုက်ဒရိတ်နဲ့ ကျန်းမာတဲ့ အဆီဓာတ်တွေပါတဲ့ အစားအသောက်တွေကို စားတာဟာ ကျန်းမာရေးနဲ့ ညီညွတ်စွာ ကိုယ်အလေးချိန်တက်စေဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကျန်းမာတဲ့ အဆီဓာတ်မှာ ကယ်လိုရီသိပ်သည်းစွာပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်ကတော့ စွမ်းအင်ကိုဖြစ်စေပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ ကျန်းမာတဲ့အဆီဓာတ်ကို တွဲစားပေးမယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ ဖြည်းဖြည်းချင်း ကိုယ်အလေးချိန် တက်လာမှာ ဖြစ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ ကျန်းမာတဲ့ အဆီဓာတ်ပါတဲ့ အစားအစာတွေကတော့ ထမင်း ၊ အစေ့အဆန်များ ၊ ပြည့်ဝဆီဒိန်ချဉ် ၊ Oats ၊ ဒိန်ခဲ ၊ ထောပတ်သီး ၊ အုန်းဆီ ၊ ဥအမျိုးမျိုး ၊ရွှေဖရုံသီးနဲ့ နေကြာစေ့ တို့ပဲ ဖြစ်ပါတယ်။

(၂) ကယ်လိုရီ များများစားပါ

Photo : Men’s Health

လေ့လာတွက်ချက်မှု သီအိုရီတွေအရ တစ်နေ့လျှင် ကယ်လိုရီ ၅၀၀ ခန့် ပိုစားပေးတာဟာ တစ်ပတ်အတွင်း ကိုယ်အလေးချိန် တစ်ပေါင်နှုန်း တိုးစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တစ်နေ့တာအတွင်းမှာ ကယ်လိုရီနဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို များများစားပေးပါ။ ကယ်လိုရီပါဝင်တဲ့ အဆာပြေအစားအစာတွေနဲ့ Snack တွေလည်း စားနိုင်ပါတယ်။ အစေ့အဆန် သို့မဟုတ် ဒိန်ခဲလို အစားအစာတွေကို ကွီးတို့ရဲ့ နေ့စဉ်အစားအစာတွေထဲမှာ ထည့်သွင်းစားမယ်ဆိုရင် ကယ်လိုရီစားသုံးမှုကို တိုးမြှင့်နိုင်ပါလိမ့်မယ်။

(၃) ပရိုတင်းဓာတ် လုံလောက်အောင်စားပါ

Photo : Men’s Health

ပရိုတင်းက ကိုယ်အလေးချိန်တက်ဖို့အတွက် အရေးအကြီးဆုံး အာဟာရဓာတ် ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြွက်သားတည်ဆောက်ရာမှာ အဓိကအားဖြင့် ပရိုတင်းဓာတ်ကအရေးပါတာကြောင့် ပရိုတင်းအလုံအလောက်စားသုံးမှသာလျှင် ကြွက်သားတက်ပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေမှာဖြစ်ပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်ကို စားသုံးတဲ့အခါ ပိုလျှံနေတဲ့ကယ်လိုရီအများစုကို ကြွက်သားတွေအတွင်း သိမ်းလှောင်ပေးတဲ့အတွက် ကြွက်သားများ ကျစ်လစ်သန်မာစေဖို့ အထောက်အကူ ပြုပါတယ်။ အဆီများတဲ့ငါး ၊ အနီရောင်အသား ၊ ဥအမျိုးမျိုး ၊ အစေ့အဆန်များ ၊ ပဲမျိုးစုံ ၊ နို့ထွက်ပစ္စည်းများနဲ့ Whey Protein Powder စတဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို စားနိုင်ပါတယ်။

(၄) အလေးမပါ

Photo : Men’s Health

ကိုယ်အလေးချိန်တက်ချင်ရင် အစားအသောက်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လေ့ကျင့်ခန်းလည်း မဖြစ်မနေ လုပ်ပေးဖို့ လိုပါတယ်။ အဓိအားဖြင့် ခန္ဓာကိုယ်ရှိ အဆီတွေကို ကြွက်သားအဖြစ်သို့ ပြောင်းလဲပေးနိုင်မယ့် အလေးမ လေ့ကျင့်ခန်းတွေဟာ ကိုယ်အလေးချိန်တက်ချင်သူတွေ ကစားပေးရမယ့် အားကစားနည်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ ကြွက်သားထုတက်လာစေဖို့ တစ်ပတ်လျှင် အနည်းဆုံး ၄ ကြိမ်မှ ၅ ကြိမ် ကစားပေးပါ။ ကိုယ်အလေးချိန် တက်ချင်သူတွေအတွက် Cardio လေ့ကျင့်ခန်းတွေအစား Strength Training တွေကို ဦးစားပေး ကစားသင့်ပါတယ်။

(၅) ရေဓာတ်ပြည့်ဝအောင်ဖြည့်တင်းပါ


Photo : Man of Many

ရေသောက်များများသောက်တာဟာ ဗိုက်ပြည့်အင့်စေပြီး အစား စားသုံးမှုပမာဏကို လျှော့ချပေးဖို့ ကူညီပေးတာကြောင့် ကိုယ်အလေးချိန်ကျချင်သူတွေ အဓိကလုပ်ဆောင်ရတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရေဓာတ်ပြည့်ဝအောင်သောက်ခြင်းဟာ ကိုယ်အလေးချိန်တက်စေဖို့ တိုက်ရိုက်မကူညီပေမယ့်လည်း ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ပေးပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ တစ်ခုသတိထားရမှာက ကိုယ်အလေးချိန် တက်ချင်သူတွေအနေနဲ့ အစာမစားမီမှာ ရေများများ မသောက်မိဖို့ ရှောင်ကြဉ်ရပါမယ်။ ရေဓာတ်ပြည့်ဝစေပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရရှိဖို့ ပရိုတင်းဖျော်ရည်တွေကိုလည်း သောက်သုံးပေးနိုင်ပါတယ်။

Featured Photo : Skeptical Fitness