အက်စတွန် ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကိုးလ် ပါးမား တစ်ယောက် ချဲလ်ဆီးအသင်း လူစာရင်းမှာ ပြန်လည်ပါဝင်လာမယ်လို့ နည်းပြ ပိုချက်တီနိုက အတည်ပြုပြောကြား လိုက်ပါတယ်။

Palmer

Photo : The Independent

လက်ရှိ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းကောင်းပြနေတဲ့ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ဖျားနာမှုကြောင့် အင်္ဂါနေ့ညက လန်ဒန်ပြိုင်ဘက် အာဆင်နယ်ကို ၅ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်နဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

ကိုးလ်ပါးမား ဟာ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ အသင်းဖော်တွေနဲ့ လေ့ကျင့်ရေးဆင်းနေတဲ့ ဓာတ်ပုံမြင်တွေ့ခဲ့ရပြီး ဖျားနာမှုကနေ ပြန်လည်သက်သာလာပြီလို့ ပိုချက်တီနို က အတည်ပြုပေးခဲ့ပါတယ်။

ဗီလာနဲ့ ပွဲအကြိုသတင်းစာရှင်းလင်းပွဲမှာတော့ ” ပါးမား အသင်းမှာ ပြန်ပါဝင်ခွင့်ရတော့မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဟုတ်ပါတယ်။ သူက ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ ကစားသမားပါ။ ကျွန်တော်တို့အတွက် အဓိက ကစားသမားဆိုလည်း မမှားပါဘူး။ သူမပါဝင်နိုင်တာက ကျွန်တော်တို့ အနည်းငယ်ရုန်းကန်နေရတာကို ပြသနေပါတယ်” လို့ ပိုချက်တီနို က ပြောကြားခဲ့ပါတယ်။

ကိုးလ် ပါးမားဟာ နွေရာသီတုန်းက မန်စီးတီးအသင်းကနေ ပေါင် ၄၂.၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ် ဒီရာသီ ချဲလ်ဆီးအသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနေသလို ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၀ ဂိုးအထိ သွင်းယူထားပါတယ်။

ပါးမား အသင်းမှာ ပြန်လည်ပါဝင်လာနိုင်တော့မှာက သတင်းကောင်းဖြစ်ပေမယ့် ချူကွာမီကာ နဲ့ စတာလင်တို့ကတော့ ဒဏ်ရာပြဿနာကြောင့် အဆိုပါ ပွဲစဉ်နဲ့ လွဲချော်ရဖွယ်ရှိနေပါတယ်။

ချဲလ်ဆီးအသင်းဟာ ယခုရာသီအတွင်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အန်ဇို ဖာနန်ဒက်ဇ် ၊ ရီစီဂျိမ်းစ် နဲ့ ဘန်ချီဝဲလ်တို့အပါအဝင် စုစုပေါင်း ကစားသမား ၁၂ ဦး အထိ အနားယူနေရတာ ဖြစ်ပါတယ်။

 Palmer

Photo : Eurosport

ဖာနန်ဒက်ဇ်ဟာ ကိုပါအမေရိကပြိုင်ပွဲမတိုင်မီ ပေါင်ခြံဒဏ်ရာ ခွဲစိတ်ကုသမှုခံယူပြီးနောက် လက်ကျန်ရာသီတစ်ခုလုံးနဲ့ လွဲချော်မယ်လို့ ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။ အာဂျင်တီးနားအခြေစိုက် Ole သတင်းဌာနရဲ့ဖော်ပြချက်အရ ချဲလ်ဆီးကွင်းလယ် ကစားသမားဟာ အူကျွံဝေဒနာနဲ့ ပေါင်ခြံပြဿနာကို တစ်လကျော်ကြာ ခံစားနေရတာဖြစ်တယ်လို့ သိရပါတယ်။ ဖာနန်ဒက်ဇ်ရဲ့ ချစ်သူကတော့ ခွဲစိတ်မှု ခံယူပြီးနောက် စုံတွဲ ဓာတ်ပုံကို ဆိုရှယ်မီဒီယာပေါ် မျှဝေခဲ့ပါတယ်။

ကြာသပတေးနေ့က ချဲလ်ဆီးအသင်းရဲ့ထုတ်ပြန်ကြေညာချက်မှာ ” ကွင်းလယ်လူရဲ့ ပေါင်ခြံပြဿနာကို အောင်မြင်စွာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး ရာသီကုန်ထိ အနားယူရပါမယ် ” လို့ ဖော်ပြထားပါတယ်။

Featured Photo : Chelsea News