စိတ်ကောက်တတ်တဲ့ ကောက်စိန်လေး တစ်ယောက်ကို ချစ်သူတော်ထားရတဲ့ ကွီးတို့ရှိပါသလား။ တစ်ခါတစ်ရံ မိန်းကလေးတွေရဲ့ စိတ်ကို ကျွန်တော်တို့ ယောက်ျားလေးတွေ နားမလည်ဘဲ သူမကို ဝမ်းနည်းအောင်၊ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိတတ်ကြပါတယ်။ ဒီလိုမဟုတ်ဘဲ တစ်ခါတစ်လေ သမီးရည်းစားပုံမှန် ငြင်းခုန်စကားများတာကြောင့်လည်း ကောင်မလေး စိတ်ကောက်သွားတာမျိုးလည်း ကြုံဖူးမှာပါ။ ဒီလို အခြေအနေမျိုးတွေမှာ ပြန်ပြီးပြေလည်အောင် ချော့ရခက်တာမျိုး ဖြစ်နေပါသလား။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ နည်းလမ်းကောင်းတွေ သိရင် ကွီးတို့ ကောက်စိန်လေးကို ပျော့အောင် ချော့ ဖို့ မခက်ခဲပါဘူး။

အရင်ဆုံး ကွီးတို့ရဲ့ အတ္တကို ဘေးဖယ်ပြီး စကားပြောပါ

ကောက်စိန်လေးကို ချော့

Photo : Love Panky

Relationship တိုင်းရဲ့ အကြီးမားဆုံး ပြဿနာက “အတ္တ” ပဲ ဖြစ်ပါတယ်။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ဆိုတာကို ခဏဘေးဖယ်လိုက်ပါ။ ကွီးတို့ အနေနဲ့ ဘာအမှားမှ မလုပ်ခဲ့ဘူးဆိုရင်တောင် သူမနဲ့ ငြင်းခုံရုံနဲ့ ပိုဆိုးတဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် သူမကို တကယ်ချစ်မြတ်နိုးရင် ကိုယ့်ဘက်ကစပြီး စကားပြောဖို့ ပထမဆုံးခြေလှမ်းကို လှမ်းလိုက်လိုက်ပါ။ ကွီးတို့ဘက်က စိတ်ရင်းအမှန်နဲ့ တစ်ထစ်လျော့လိုက်တဲ့အခါ သူမနဲ့ ပြန်ပြေလည်အောင် ချော့ဖို့ လွယ်ကူသွားပါလိမ့်မယ်။

တောင်းပန်ပါ

ကောက်စိန်လေးကို ချော့

Photo : LoveDevani

ကွီးတို့ ကောက်စိန်လေးကို ချော့ဖို့ အကောင်းဆုံးနည်းလမ်းက သူမလက်လေးကို နွေးနွေးထွေးထွေး ဆုပ်ကိုင်ကာ “တောင်းပန်ပါတယ်” လို့ပြောခြင်းပါပဲ။ ဒါဟာ သူမစိတ်ကောက်ရတဲ့ အကြောင်းအရင်းကို တောင်းပန်ပြီးသား ဖြစ်သလို သူမအပေါ် ကိုယ်ထားရှိတဲ့ တန်ဖိုးထားမှုနဲ့ လေးစားမှုကို ပြသရာရောက်တဲ့ အလျော့ပေးခြင်း တစ်မျိုးပါပဲ။ ဒါ့အပြင် ကိုယ့်ဘက်က သူမနဲ့ပြန်အဆင်ပြေချင်တဲ့ စိတ်ရင်းကို ပြသပေးရင် သူမဘက်ကလည်း နားလည်သဘောပေါက်ပြီး ပြန်လည်ရောင်ပြန်ဟပ်ပါလိမ့်မယ်။

ပွေ့ဖက်ပေးပါ

ကောက်စိန်လေးကို ချော့

Photo : Inspiring Tips

မိန်းကလေး တော်တော်များများအတွက် ပွေ့ဖက်ခြင်းနှင့် ချိုမြိန်သော အနမ်းများက ပျော်ရွှင်ကြည်နူးမှုကို ခံစားရစေပါတယ်။ ဒေါသထွက်ပြီး စိတ်ကောက်နေတဲ့အချိန်မှာ ဘာမှမပြောပဲ သူမကို နွေးနွေးထွေးထွေး ပွေ့ဖက်ထားလိုက်ပါ။ ဒီလို ပွေ့ဖက်ထားခြင်းက သူမစိတ်ကို တည်ငြိမ်စေတဲ့အပြင် အကောင်းဆုံး ချော့နည်း တစ်မျိုးလည်း ဖြစ်ပါတယ်။

သူမကို ရယ်မောအောင် ပြုလုပ်ပါ

Photo : Corporate Bytes

ကွီးတို့ ကောက်စိန်လေးကို ချော့ ဖို့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ သူမကို ရယ်မောအောင် ပြုလုပ်တာပါပဲ။ ဟာသ ဆိုတာ ဘယ်လို ပေါင်းသင်းဆက်ဆံရေး အတွက်မဆို အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါက ကွီးတို့ရဲ့ ချစ်သူလေး စိတ်ကောက်နေရာမှ သူ့မရဲ့အာရုံ ကွီးဆီ ပြန်ရောက်ဖို့ အစွမ်းထက်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သူမက ကွီးတို့ကို ဒေါသထွက်နေချိန်မှာတောင် ရယ်စရာကောင်းတဲ့ ဟာသလေးတွေ၊ အမူအရာလေးတွေကို ပြုလုပ်ပါ။ သူမကို ရယ်မောစေပြီး ကွီးတို့ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေဖို့ ကူညီပေးပါလိမ့်မယ်။

သူမကို ဘယ်လောက်ချစ်ကြောင်းပြသပါ

Photo : Proflowers

ကွီးတို့ရဲ့ ကြိုးစားအားထုတ်မှု နဲ့ ဂရုစိုက်မှု အနည်းငယ်လေးမျှက သူမရဲ့ စိတ်ကို ပြေလျော့အောင် ကူညီပေးနိုင်ပါတယ်။ ကွီးတို့အနေနဲ့ သူမကို ဘယ်လောက်ချစ်ကြောင်း ပြောပါ။ ဒါ့အပြင် သူမကို ပျော်ရွှင်သွားစေမဲ့ ပန်းစည်းလေးတွေ လက်ဆောင်ပေးရင်း ချော့တာ၊ သူမကြိုက်တတ်တဲ့ အစားအစာလေးတွေ ဝယ်ကျွေးတာ၊ သူမကြိုက်တဲ့ ရုပ်ရှင်အတွက် လက်မှတ်ဖြတ်ပေးတာ စတဲ့ ဂရုစိုက်မှုလေးတွေနဲ့လည်း သူမကို ဘယ်လောက်တန်ဖိုးထား ချစ်မြတ်နိုးကြောင်း ပြသလို့ရပါတယ်။

ကဲ…………ကွီးတို့ရေ စိတ်ကောက်တတ်တဲ့ ကောင်မလေးကို ဒီနည်းလမ်းတွေ သုံးပြီးချော့ကြည့်ဗျာ။

Featured Photo : Lovedevani