ကျန်းမာရေးဟာ လူတစ်ယောက်အတွက် အရမ်းကို အရေးကြီးပါတယ်။ ကျန်းမာမှ လုပ်ချင်တဲ့အရာတွေ ၊ စိတ်ကူးအိမ်မက်တွေနောက် လိုက်နိုင်မှာပါ။ ကျန်းမာရေးဆိုတဲ့နေရာမှာ ရုပ်ပိုင်းရော စိတ်ပိုင်းကျန်းမာရေး ၂ မျိုးလုံးကပါ အရေးကြီးတယ်ဆိုတာ သိနားလည်ထားဖို့ လိုပါတယ်။ ကျန်းမာရေးကောင်းတဲ့ လူတစ်ယောက်ဖြစ်ချင်ရင် ကျန်းမာရေး ကို မြှင့်တင်ပေးနိုင်မယ့် အလေ့အကျင့်ကောင်းတွေ မွေးမြူကြရမှာပါ။ ဒီတစ်ခေါက်မှာတော့ အမြဲတမ်း ကျန်းမာရေး ကို အလေးထား လိုက်စားသူတွေဆီကနေ အတုယူသင့်တဲ့ အလေ့အကျင့် ကောင်းတချို့ကို မျှဝေပေးသွားချင်ပါတယ်။

(၁) မနက်စာ ပုံမှန်စားတယ်

Photo : Freepik

ယေဘုယျအားဖြင့် ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ ၃ နပ်စာမှာ မနက်စာက လုံးဝလက်မလွတ်သင့်တဲ့ အစား ၁ နပ် ဖြစ်ပါတယ်။ မနက်စာဟာ ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးပြီး တစ်နေ့တာမှာ အစားအလွန်အကျွံစားခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာစားတဲ့ အရွယ်ရောက်ပြီးသူတွေဟာ အလုပ်မှာ စွမ်းဆောင်ရည်ပိုကောင်းသလို မနက်စာစားတဲ့ ကလေးတွေဟာ စာမေးပွဲမှာ အမှတ်ပိုများတယ်လို့ လေ့လာမှုတွေက ဖော်ပြပါတယ်။ ကျန်းမာရေး ကောင်းတဲ့သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အသားဓာတ် ၊ ကြက်ဥ ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတို့ ပါဝင်တဲ့ အာဟာပြည့်ဝတဲ့ မနက်စာတစ်ခွက် ပုံမှန်စားပေးဖို့ လိုပါတယ်။

(၂) ရေများများသောက်တယ်

Photo : Freepik

ကျန်းမာရေး လိုက်စားသူတွေဟာ ရေများများသောက်ကြသူတွေလို့ပြောရင် မမှားနိုင်ပါဘူး။ ရေဓာတ်ဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွက် အဓိကအခြေခံ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား သူတစ်ယောက်အတွက် တစ်နေ့ကို အနည်းဆုံး ရေ ၆ ခွက် သောက်ဖို့ လိုပါတယ်။ ရေဓာတ်ပြည့်ဝနေမှသာ ခန္ဓာကိုယ်က တက်ကြွလန်းဆန်းပြီး တစ်နေ့တာကို ခွန်အားအပြည့်နဲ့ ဖြတ်သန်းနိုင်မှာပါ။ ကျန်းမာရေးသုတေသီတွေကတော့ ရေပိုသောက်ဖြစ်ဖို့နဲ့ ရေရဲ့အရသာကို ပိုကောင်းစေဖို့ လိမ္မော်သီး ၊ သံပုရာသီး ၊ ဖရဲသီး တို့လို သစ်သီးတွေကို ရေထဲစိမ်သောက်ဖို့ အကြံပြုထားပါတယ်။

(၃) လှုပ်လှုပ်ရှားရှားနေတယ်

Photo : Freepik

ကိုယ်လက်လှုပ်ရှား‌ လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေး အတွက် အထူးကောင်းမွန်တယ်ဆိုတာ လူတိုင်းသိထားပြီ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်ရော စိတ်အတွက်ပါ အကျိုးများစေပါတယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေလုပ်မှ ၊ Gym ကစားမှ မဟုတ်ပါဘူး။ တစ်ပတ်ကို ၅ ကြိမ် ၊ ၁ ကြိမ်ကို မိနစ် ၃၀ ခန့် လမ်းလျှောက်တာ ၊ ပြေးတာစတဲ့ ကိုယ်လက်လှုပ်ရှားမှု တချို့လုပ်ရင်ပဲ လုံလောက်ပါပြီ။ မည်သည့် အားကစားကိရိယာမှ မပါပဲလုပ်နိုင်မယ့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေလည်း ပြုလုပ်ပေးလို့ရပါတယ်။

(၄) ဆိုရှယ်မီဒီယာတွေကို အချိန်နဲ့သုံးတယ်

Photo : Freepik

ဆိုရှယ်မီဒီယာတွေက ယနေ့ခေတ်လူတွေရဲ့ နေ့စဉ်ဘဝထဲက မပါမဖြစ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် နေ့ရောညပါ ဆိုရှယ်မီဒီယာတွေ အလွန်အကျွံ သုံးနေမယ်ဆိုရင်တော့ စိတ်ရောကိုယ်ပါ ကျန်းမာရေး မှာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် အချိန်အတိုင်းအ တာတစ်ခုနဲ့ပဲ ဆိုရှယ်မီဒီယာတွေသုံးပါ။ Screen Time တွေ လျော့ချပြီး သင် စိတ်ဝင်စားတဲ့ ဝါသနာပါရာအရာကို လုပ်ဆောင်တာ ၊ ပြင်ပက မိတ်ဆွေသူငယ်ချင်း မိသားစုဝင်တွေနဲ့ အချိန်ဖြုန်းတာ ၊ စာအုပ်ဖတ်တာ စတဲ့အရာတွေ လုပ်ဆောင်နိုင်ပါတယ်။

(၅) အသစ်သစ်သောအရာတွေ လေ့လာတယ်

Photo : Freepik

အသစ်သစ်သောအရာတွေ လေ့လာခြင်းဖြင့် ဦးနှောက်ရဲ့ ကျန်းမာရေး ကို ပိုမိုကောင်းမွန်စေနိုင်တယ်ဆိုတာ ကျန်းမာရေးလိုက်စားသူတိုင်း ကောင်းကောင်း သိထားကြပါတယ်။ လေ့လာသင်ယူခြင်းဟာ ဦးနှောက်နဲ့ စိတ်ကို အလုပ်ပေးတဲ့ သဘောပါ။ Mental Work က အိုမင်းခြင်းလက္ခဏာတွေကို နှေးကွေးစေပြီး အယ်လ်ဇိုင်းမားရောဂါလို အသက်ကြီးပိုင်းမှာ ကြုံရနိုင်တဲ့ မှတ်ဉာဏ်လျော့ကျမှု ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့ Fun ဖြစ်စေတဲ့ Skill အသစ်တွေ လေ့လာသင်ယူပါ။ တီထွင်ဖန်တီးပိုင်းဆိုင်ရာ ဒါမှမဟုတ် အကသင်ခန်းစာ ၊ ဘာသာစကားလေ့လာမှု စတဲ့ အရာတွေ Try ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၆) တရားထိုင်တယ်

Photo : Freepik

တရားထိုင်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ပါးစေပြီး နာကျင်မှုနဲ့ ဖိအားတွေကို သက်သာစေကာ စိတ်ခံစားချက်ကို ကောင်းမွန်စေကြောင်း လေ့လာမှုများစွာက ဖော်ပြထားပါတယ်။ သုတေသီတွေရဲ့ ၈ ပတ်ကြာ လေ့လာမှုမှာ ပုံမှန်တရားထိုင်ခြင်းက စိတ်ခံစားမှု ၊ သင်ယူမှုနဲ့ မှတ်ဉာဏ်ဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းတွေကို ပြောင်းလဲစေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ တစ်ရက်ကို ၁၅ မိနစ်လောက် တရားပုံမှန်ထိုင်ရုံနဲ့ စိတ်လေးကြည်လင်ပြီး လူကနေလို့ပိုကောင်းတယ်ဆိုတဲ့ ခံစားချက်ကို ခံစားရစေမှာ ဖြစ်ပါတယ်။

အထက်ပါအချက်တွေအပြင် ကျန်းမာရေး ကို အမှန်တကယ် လိုက်စားသူတွေဟာ တစ်နေ့တာအတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ စားသောက်မှုပုံစံကို ထိန်းသိမ်းခြင်း ၊ ဆေးလိပ်နဲ့ အရက်ရှောင်ကြဉ်ခြင်း ၊ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုတွေကို အမြဲစောင့်ကြည့်ခြင်း ၊ ပြင်ပလောကနဲ့ ထိတွေ့ခြင်း ၊ အိပ်ရေးဝဝ အိပ်စက်အနားယူခြင်း စတဲ့ အလေ့အကျင့် ကောင်းတွေကိုလည်း လိုက်နာလုပ်ဆောင်ကြပါတယ်။

Featured Photo : Freepik