လူရဲ့ခန္ဓာကိုယ်မှာ ကျောက်ကပ် များက ကျောရိုးနှစ်ဖက်လုံးရှိ နံရိုးလှောင်အိမ်ရဲ့ အောက်ခြေတွင်ရှိသော လက်သီးအရွယ်အင်္ဂါများ ဖြစ်ပါတယ်။ ကျောက်ကပ်က ကွီးရဲ့ခန္ဓာကိုယ်မှ အညစ်အကြေး များနှင့် အပိုအရည်များကို ဖယ်ရှားပေးပါတယ်။ ကျောက်ကပ်များက သင့်ခန္ဓာကိုယ်ဆဲလ်များမှ ထုတ်လုပ်သော အက်ဆစ်များကို ဖယ်ရှားပြီး သွေးထဲတွင် ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်နှင့် ပိုတက်စီယမ်ကဲ့သို့သော ကျန်းမာရေးနှင့်ညီညွတ်သော ရေ၊ ဆားနှင့် သတ္တုဓာတ်များကို ဟန်ချက်ညီအောင် ထိန်းသိမ်းထားပေးပါတယ်။

ကျောက်ကပ်က ဘာကြောင့် အရေးကြီးတာလဲ

ကျောက်ကပ် ကျန်းမာရေး

Photo : Froedtert

ကျောက်ကပ်က ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများနှင့် အဆိပ်အတောက်များကို ဖယ်ရှားရန် အတွက် အလွန်ထိရောက်သော စစ်ထုတ်မှုများအဖြစ် လုပ်ဆောင်ကာ ဗီတာမင်များ၊ အမိုင်နို အက်ဆစ်များ၊ ဂလူးကို့စ်၊ ဟော်မုန်းများနှင့် အခြားအရေးကြီးသော အရာများကို သွေးကြောထဲသို့ ပြန်လည်ရောက်ရှိစေပါတယ်။ ကျောက်ကပ်က မြင့်မားသော သွေးစီးဆင်းမှုကို ရရှိပြီး  အထူးပြု ထားသော သွေးကြောများဖြင့် စစ်ထုတ်ခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်ပေးတဲ့ အရေးကြီး အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါများကို ကာကွယ်ကာ ကျောက်ကပ် ကျန်းမာရေး ကောင်းဖို့ နေထိုင်စားသောက်ဖို့ လိုပါတယ်။

ကွီးတို့ရဲ့ ကျောက်ကပ် ကျန်းမာရေး ကောင်းမွန်နေစေဖို့ လုပ်ဆောင်နိုင်သည့်အရာများစွာထဲက အောက်ကအချက်တွေကို လုပ်ဖို့ အကြံပေးပါရစေ။

(၁) ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပါ

ကျောက်ကပ် ကျန်းမာရေး

Photo : Vecteezy

ခန္ဓာကိုယ် ရေဓာတ်ဖြည့်ပါ၊ သို့သော် အလွန်အကျွံ မဖြစ်ပါစေနှင့်။ “ကျောက်ကပ် လုပ်ငန်းဆောင်တာကို မြှင့်တင်ရာတွင် ထိရောက်သော အလေ့အကျင့်တစ်ခုအဖြစ် ရေအလွန်အကျွံသောက်တာ အကျိုးရှိတယ်လို့ ဘယ်လေ့လာမှုကမှ  သက်သေမပြနိုင်ခဲ့ပါဘူး”။ ဒါပေမဲ့  ရေကို လုံလောက်အောင်သောက်ဖို့ လိုပါတယ်။ တချို့သော ကျန်းမာရေးကိစ္စများတွင် ဆရာဝန်ညွှန်ကြားချက်အရ ရေကို သောက်သင့်ပါတယ်။

(၂) ကျန်းမာသော အစားအစာများစားပါ

ကျောက်ကပ် ကျန်းမာရေး

Photo : City Spidey

ကျောက်ကပ်ပြဿနာအများစုက သွေးတိုး၊ ဆီးချိုနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ မိသားစုမျိုးရိုးလိုက်တဲ့ ကျောက်ကပ်ရောဂါရှိတာမျိုးလို ကျန်းမာ ရေးအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်နဲ့ သွေးဖိအားကို ထိန်းထား နိုင်ဖို့  ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုအလေ့အထများကို လိုက်နာဖို့  ကျန်းမာရေးပညာရှင် တွေက အကြံပြုထားပါတယ်။ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါကို ကာကွယ်ခြင်းက ကျောက်ကပ်ကို ကောင်းမွန်သော အခြေအနေတွင် ရှိနေစေရန် ကူညီပေးပါတယ်။

(၃) လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

Kidney

Photo : Men’s Journal

မျှတသော အစားအသောက်ကို စားသုံးခြင်းကဲ့သို့ပင်၊ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုတွေက ကိုယ် အလေးချိန်တိုးခြင်းနှင့် သွေးတိုးခြင်းတို့ကို ရှောင်ရှားနိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းဘယ်လို လုပ်လဲဆိုတာကို သတိထားပါ။ “ ခန္ဓာကိုယ် ကြံ့ခိုင်မှုမရှိဘဲ ဥပမာ နှလုံးရောဂါဖြစ်နိုင်ခြေရှိသူ ဖြစ်နေ မယ်ဆိုရင် လွန်လွန်ကဲကဲ လေ့ကျင့်ခန်းလုပ်ခြင်းက ပြင်းထန်တဲ့ အခြားကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်” လို့ ဆရာဝန်များက ဆိုပါတယ်။ လိုအပ်ရင် လေ့ကျင့်ခန်းအစီအစဉ်အသစ် မစတင်မီ သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။

(၄) ဆေးဝါးများ အလွန်အကျွံသောက်ခြင်းကို ရှောင်ပါ

Kidney

Photo : Health Care Daily Online

အချို့သော ဗီတာမင်ဖြည့်စွက်စာများနှင့် အချို့ဆေးဖက်ဝင်အပင်များ ထုတ်ယူထားသော ဆေးများကို အလွန်အကျွံ သောက်ပါက ကျောက်ကပ်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ သောက်ရန် စီစဉ်ထားသည့် ဗီတာမင်နှင့် ဆေးဖက်ဝင်အပင်များအကြောင်း ဆရာဝန်နှင့် ဆွေးနွေးပြီး သောက်သင့်ပါတယ်။

(၅) ဆေးလိပ်နဲ့ Vaping ရှောင်ပါ

Kidney

Photo : Punk Juice Vape Store

ဆေးလိပ်သောက်ခြင်းက ကျောက်ကပ် သွေးကြောများကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်အတွင်း သွေးစီးဆင်းမှုကို လျော့ကျစေပါတယ်။ လုံလောက်သော သွေးစီးဆင်းမှု မရှိသော အခါ ကျောက်ကပ်က အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။ ဆေးလိပ်သောက်ခြင်းက သွေးတိုး ရောဂါဖြစ်နိုင်ခြေကို တိုးစေပြီး ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ Vaping ကြောင့် နီကိုတင်းက ခန္ဓာကိုယ်ထဲမှာ တင်ကျန်နေစေပါတယ်။ ထို့အပြင် Vaping Solutions များတွင် ဓာတုပစ္စည်းများစွာပါရှိတဲ့အတွက် ကျောက်ကပ် ကျန်းမာရေး ကို ထိခိုက်စေပါတယ်။

(၆) ဆရာဝန်နဲ့ တိုင်ပင်ပါ

kidney

Photo : Trust Care

ကွီးတို့ရဲ့ ကျောက်ကပ် တစ်ခုခု မူမမှန်တာမျိုး ခံစားရတာပါက ကျောက်ကပ်ဆိုင်ရာ စစ်ဆေးမှုကိုခံယူဖို့ လိုပါတယ်။ ဥပမာ ဆီးချို၊ သွေးတိုး ဒါမှမဟုတ် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ရှိရင်၊ အဲဒီ အခြေအနေတွေကို ပုံမှန် စောင့်ရှောက်ရင်း  တစ်စိတ်တစ်ပိုင်းအနေနဲ့ ကွီးရဲ့ ဆရာဝန်နဲ့  ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်ကို စစ်ဆေးသင့်ပါတယ်။ ဒါအပြင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်များများစားတာ၊ အရပ်အမြင့်နဲ့ လျော်ညီတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားတာ၊ အငန် (ဆား) လျော့စားတာ၊ အိပ်ရေးဝဝအိပ်တာမျိုးလို ရိုးရှင်းတဲ့ နေထိုင်စားသောက်မှုကို လိုက်နာနေထိုင်ခြင်းကလည်း ကျောက်ကပ် ကျန်းမာရေး ကို အထောက်အကူ ပြုတဲ့အတွက် အမျိုးသားတို့ ကျောက်ကပ် ကျန်းမာရေးကို ထိန်သိမ်းပြီးသား ဖြစ်စေမှာပါ။

Source : Cleveland Clinic

Featured Photo : The Blog Fathers