ကျောက်ကပ် ကျန်းမာရေးက အလွန်အရေးကြီးပါတယ်။ ကျောက်ကပ်ဟာ ခန္ဓာကိုယ်မှာ အရေးကြီးဆုံးသော ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေထဲက တစ်ခုပါပဲ။ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားစစ်ထုတ်ရာမှာ ကျောက်ကပ်ရဲ့ အခန်းကဏ္ဍက အဓိကပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို ဟန်ချက်ညှိမျှအောင် ထိန်းသိမ်းပေးထားတာပါ။ ဒါပေမယ့် လူတော်တော်များများကတော့ ကျောက်ကပ်ကျန်းမာရေးကို လျစ်လျူရှုထားကြပါတယ်။ အခုတစ်ခေါက်ပြောပြပေးချင်တာကတော့ ကျောက်ကပ်ကို တဖြည်းဖြည်းပျက်စီးလာစေနိုင်တဲ့ လူအများစု သတိမထားမိတဲ့ နေ့စဉ်အလေ့အထတွေအကြောင်းပါ။

(၁) ရေဓာတ်လုံလောက်အောင် မသောက်ခြင်း

Photo : Medical News Today

တစ်နေ့တာမှာ ရေလုံလုံလောက်လောက် မသောက်သုံးဘူးဆိုရင် ကျောက်ကပ် ထိခိုက်လာနိုင်ပါတယ်။ ရေဓာတ်မပြည့်ဝရင် ကိုယ်တွင်းအဆိပ်အတောက်တွေကို ကောင်းမွန်စွာ ဖယ်ရှားနိုင်စွမ်းကို အဟန့်အတားဖြစ်စေပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ကျောက်ကပ်ကျောက်တည်ခြင်းနဲ့ ဆီးလမ်းကြောင်းပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် တစ်နေ့တာအတွင်းမှာ ရေဓာတ်ပြည့်ဝစွာသောက်သုံးဖို့ လိုပါတယ်။

(၂) ဆားအလွန်အကျွံ စားသုံးခြင်း

Excessive Salt Consumption

Photo : Health

ဆိုဒီယမ် မြင့်မားတဲ့ အစားအစာတွေဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပြီး ကျောက်ကပ်ရဲ့ အဆိပ်အတောက် စစ်ထုတ်မှုစနစ်ကို ခက်ခဲသွားစေနိုင်ပါတယ်။ အငံများတဲ့ အစားအစာတွေကို အမြဲပုံမှန်စားနေမယ်ဆိုရင် ကျောက်ကပ်ကို ပျက်စီးလာစေပြီး ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို တိုးမြင့်လာစေနိုင်ပါတယ်။ ဆားစားသုံးမှုကို ကန့်သတ်လိုက်တာနဲ့ ကျောက်ကပ် ကျန်းမာရေးကို ကာကွယ်နိုင်ပြီး နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး တစ်ခုလုံးကိုပါ အထောက်အပံ့ကောင်းတွေ ရစေနိုင်မှာ ဖြစ်ပါတယ်။

(၃) သွေးတိုးရောဂါကို လျစ်လျူရှုထားခြင်း

ignoring high blood pressure

Photo : Eye Rx

သွေးတိုးရောဂါဟာ ကျောက်ကပ် ပျက်စီးစေတဲ့ အဓိကအကြောင်းအရင်း တစ်ခုပါပဲ။ သွေးပေါင်ချိန် မြင့်တက်လာတဲ့အခါ ကျောက်ကပ်မှာရှိတဲ့ သွေးကြောတွေကို တင်းကြပ်လာစေပြီး ကျောက်ကပ်ရဲ့လုပ်ဆောင်မှုတွေကို ကမောက်ကမ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးနဲ့ ကျောက်ကပ်ဟာ ဆက်နွယ်မှုရှိတဲ့ ရောဂါအခြေအနေတွေ ဖြစ်တာကြောင့် သွေးတိုးရောဂါကို လျစ်လျူရှုမထားပဲ သေချာကုသမှုခံယူဖို့နဲ့ နေထိုင်မှုပုံစံပြောင်းလဲဖို့ အကြံပေးချင်ပါတယ်။

(၄) အရက်အလွန်အကျွံ သောက်သုံးခြင်း

excessive alcohol consumption

Photo : Passages Malibu Rehab – Medium

အရက် အလွန်အကျွံသောက်ရင် အသည်းထိတယ်လို့ လူသိများပေမယ့် တကယ်တော့ ကျောက်ကပ် အတွက်ပါ စိုးရိမ်ရပါတယ်။ အရက်ကို အလွန်အကျွံသောက်တာနဲ့ ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေ အနှောင့်အယှက်ဖြစ်စေပြီး ကျောက်ကပ်ရောဂါ ဖြစ်လာနိုင်ခြေ ပိုများပါတယ်။ အရက်ဟာ ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်မှုကို ဖြစ်စေနိုင်တာကြောင့် ကျောက်ကပ် ကျန်းမာရေးကို သေချာပေါက် ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။

(၅) ပရိုတင်းအလွန်အကျွံ စားသုံးခြင်း

Excessive Protein Intake

Photo : Healthline

အထူးသဖြင့် တိရစ္ဆာန်တွေကနေရရှိတဲ့ ပရိုတင်းဓာတ်ပမာဏကို အလွန်အကျွံ စားသုံးခြင်းဟာကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အချက်တစ်ခုပါပဲ။ လေ့လာမှုတွေအရ ပရိုတင်းဓာတ် မြင့်မားစွာ စားသုံးမယ်ဆိုရင် ကျောက်ကပ်ရဲ့ အဆိပ်အတောက် ချေဖျက်မှုဆိုင်ရာ လုပ်ဆောင်ချက်နဲ့ ကျောက်ကပ် ရဲ့ အလုပ်ဝန်ကို တိုးစေတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ကျောက်ကပ်ကို ပျက်စီးလာစေနိုင်တာပဲ ဖြစ်ပါတယ်။

Featured Photo : Science Nordic