ဆယ်ကျော်သက်အရွယ်ကစလို့ လူတိုင်းကြုံရလေ့ရှိတဲ့ အရေပြားဆိုင်ရာ ပြဿနာတစ်ခုက ဝက်ခြံ တွေပါပဲ။ ဝက်ခြံတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး မျက်နှာအရေပြားပေါ်မှာ သာမက ခန္ဓာကိုယ်ရဲ့ မည်သည့်အစိတ်အပိုင်းမှာမဆို ပေါက်နိုင်ပါတယ်။ ဒီထဲမှာမှ ကျော မှာပေါက်တဲ့ ဝက်ခြံ တွေဟာ စိတ်အနှောက်အယှက်ဖြစ်စရာ အကောင်းဆုံးနဲ့ နေရထိုင်ရခက်စေတဲ့ အဆိုးဆုံး ဝက်ခြံအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်က Sebum လို့ခေါ်တဲ့ အဆီတစ်မျိုး ထုတ်ပေးပြီး အရေပြားပေါ်မှာ အဆီပိုနဲ့ ဆဲလ်သေတွေ များလာတဲ့အခါမှာ ဝက်ခြံတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ကျော မှာပေါက်တဲ့ ဝက်ခြံ တွေဟာ မျိုးရိုးဗီဇ ၊ ဆေးဝါး ၊ ဟော်မုန်းအပြောင်းအလဲ ၊ ချွေးနဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ဖြစ်တက်ပါတယ်။ တကယ်လို့ ကွီးတို့ရဲ့ ကျောမှာ ကျောဝက်ခြံလို့ ခေါ်တဲ့ အနီရောင်အဖုလေးတွေ ပေါက်နေလို့ စိတ်အနှောက်ယှက် ဖြစ်နေရတယ်ဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးတွေနဲ့ ကျော မှာပေါက်တဲ့ ဝက်ခြံ တွေကို သက်သာအောင် လုပ်လို့ ရနိုင်ပါတယ်။

(၁) လေ့ကျင့်ခန်း လုပ်ပြီးတိုင်း ရေချိုးပါ

Photo : Unsplash

လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ခန္ဓာကိုယ်အရေပြားပေါ်မှာ ချွေးနဲ့ အညစ်အကြေးတွေ အများကြီး စုံပြုံနေတက်ပါတယ်။ ချွေးနဲ့ အညစ်အကြေးတွေက အရေပြားပေါ်က မွှေးညှင်းပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ခြင်း ကဲ့သို့ ချွေးထွက်များတဲ့ လှုပ်ရှားမှုတစ်ခုခု လုပ်ပြီးချိန်မှာ ရေသေချာလေး ချိုးပေးပါ။ ချွေးထွက်များတဲ့ ချိုင်းကြားနဲ့ နောက်ကျောဘက်နေရာတွေကို ချေးတွန်းရေမြုပ်နဲ့ သေချာပွတ်တိုက် ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။

(၂) Exfoliate လုပ်ပါ


Photo : Unsplash

ကွီးတို့ရဲ့ နောက်ကျောကို အနည်းဆုံး ၂ ပတ် တစ်ကြိမ်လောက် ချေးချွတ်သန့်စင်ပေး ဖို့လိုပါတယ်။ ချေးချွတ်သန့်စင်တဲ့အခါ Salicylic Acid ပါဝင်တဲ့ နူးညံ့တဲ့ Exfoliating Scrub ကို အသုံးပြုပြီး ပွတ်တိုက်သန့်စင်ပေးတာက ကျောဘက်အရေပြားပေါ်က အဆီပိုတွေနဲ့ မွှေးညှင်း ပေါက်တွေ ပိတ်ဆို့စေတဲ့ အရေပြားဆဲလ်သေတွေကို ဖယ်ရှင်းသန့်စင်ပေးတာကြောင့် ကျောဝက်ခြံတွေကို သက်သာစေမှာ ဖြစ်ပါတယ်။

(၃) ချောင်ချောင်ချိချိ အဝတ်အစားများ ဝတ်ဆင်ပါ


Photo : Unsplash

နွေရာသီလို ပူအိုက်တဲ့ ရာသီမျိုးမှာ အဝတ်အစားဝတ်တဲ့အခါ လေဝင်လေထွက်ကောင်းပြီး သက်တောင့်သက်သာဖြစ်စေတဲ့ အဝတ်အစားမျိုးကို ဦးစားပေး ရွေးချယ်ဝတ်သင့်ပါတယ်။ ခန္ဓာကိုယ်နဲ့ တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေက ချွေးထွက်များစေတာကြောင့် ကျောမှာ ဝက်ခြံတွေ ဖြစ်ပေါ်လာစေ နိုင်ပါတယ်။  ဒါကြောင့် ချောင်ချောင်ချိချိနဲ့ လေဝင်လေထွက်ကောင်းတဲ့ ချည်သား အင်္ကျီတွေကို ဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။

(၄) ကျောဘက် အမွှေးအမျှင်တွေ ဖယ်ရှားပါ


Photo : Unsplash

ကျောမှာရှိတဲ့ အမွှေးအမျှင်တွေကို ပုံမှန်ဖယ်ရှားမပေးဘူးဆိုရင် အရေပြားပေါ်မှာ အဆီနဲ့ အညစ်အကြေးတွေ စုလာပြီး ဘက်တီးရီးယားပိုးမွှားတွေ ခိုအောင်းလို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်လာစေမှာ ဖြစ်ပါတယ်။ ဒါက ကျောဝက်ခြံတွေကို ဖြစ်စေနိုင်တဲ့ အခြေအနေတစ်ခုပါ။ ဒါကြောင့်ကျောမှာပေါက်တဲ့ အမွှေးအမျှင်တွေကို ပုံမှန်ဖယ်ရှားရှင်းလင်းပေးတာ ၊ Waxing လုပ်တာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။

(၅) ရှားစောင်းလက်ပတ်ဂျယ် လိမ်းပေးပါ


Photo : Unsplash

ကျောဝက်ခြံတွေကြောင့် အဖုအပိန့်နဲ့ နီမြန်းရောင်ရမ်းခြင်းတွေကို သက်သာပျောက်ကင်းစေဖို့ ဆိုရင် ရှားစောင်းလက်ပတ်ဂျယ် လိမ်းပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်က ဝက်ခြံနဲ့ ရောင်ရမ်းနာကျင်မှုတွေကို ထိထိရောက်ရောက် သက်သာစေနိုင်စွမ်းရှိပြီး အသားအရေကို အေးမြစေပါတယ်။

Featured Photo : Medical News Today