ရုပ်ရှင်ဆိုရင် အက်ရှင်ဆန်ဆန် ကြမ်းကြမ်းရမ်းရမ်း ဖိုက်တင်ခန်းတွေနဲ့မှ ကြည့်ချင်တဲ့ ရုပ်ရှင်ဝါသနာအိုး ကွီးတို့ အတွက် ဒီတစ်ခေါက်မှာတော့ လုံးဝကို ရှယ်လန်းရှယ်ကြမ်းမယ့် အမိုက်စားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကောင်း အချို့ကို ရွေးချယ်ညွှန်းပေး ချင်ပါတယ်။

(၁) The Town (2010)

Source : Movieclips

The Town (2010) ဇာတ်ကားက မင်းသားကြီး Ben Affleck ကိုယ်တိုင် ဒါရိုက်တာ အနေနဲ့ရော အဓိက ဇာတ်ကောင်အနေနဲ့ပါ ပါဝင်ထားတဲ့ မှုခင်း ဘဏ်ဓားပြ ဇာတ်ကားကောင်း တစ်ကားပါ။ Ben Affleck က မက်ဆာချူးဆက် ပြည်နယ်တစ်ဝိုက်မှာ တကယ့်ကိုပဲ အန္တရာယ်ကြီးလွန်းတဲ့ ရက်စက်ကြမ်းကြုတ်ပါပေ့ဆိုတဲ့ ရာဇဝတ်ကောင်တွေကို ဦးဆောင်တဲ့ Doug MacRay အမည်ရ ဓားပြခေါင်းဆောင် နေရာကနေ ပါဝင်သရုပ်ဆောင် ထားပါတယ်။ F.B.I ရဲ့ အလိုအရှိဆုံး ဖြစ်လာခဲ့တဲ့ ဘဏ်ဓားပြ အဖွဲ့သားတွေရဲ့ ဉာဏ်နီဉာဏ်နက် များလွန်းတဲ့ ရက်စက်ကြမ်းကြုတ်တွေ ၊ ဘဏ်ဓားပြမှုမှာ ဓားစာခံအဖြစ် ဖမ်းခေါ် ခြင်းခံလာရတဲ့ ဘဏ်ဝန်ထမ်းမလေး Claire Keesey နဲ့ ဓားပြခေါင်းဆောင် Doug MacRay တို့ကြားက ချစ်ဇာတ်လမ်းတွေကို ဟန်ချက်ညီညီ အချိုးကျကျ ပုံဖော်ရိုက်ကူး ထားပါတယ်။

(၂) Ocean’s Eleven (2001)

Source : MovieStation

Ocean’s Eleven ဇာတ်ကားက ကွီးတို့ သရုပ်ဆောင်တွေ ကြည့်ရတာနဲ့ကို တန်နေပြီ ပြောရမှာပါ။ George Clooney ၊ Brad Pitt ၊ Matt Damon ၊ ANDY GARCIA ၊ Julia Roberts ၊ Paul L. Nolan ၊ Carol Florence ၊ Lori Galinski နဲ့ Bernie Mac တို့လို တကယ့်ကိုပဲ နာမည်ကြီး ဟောလိဝုဒ် A-list စတားတွေ အများကြီး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီကမှ New Jersey အကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ George Clooney ဦးဆောင်တဲ့ ဆရာကြီးတသိုက်ရဲ့ ကာစီနို ဓားပြတိုက်မှုကို ဇာတ်လမ်းဇာတ်ကွက် ကောင်းကောင်းနဲ့ ပုံဖော်တင်ဆက်ထားပါတယ်။ ဒီဇာတ်ကားကတော့ နာမည်ကြီး အမေရိကန် ဒါရိုက်တာ Steven Soderbergh ရဲ့ လက်ရာ ဖြစ်ပါတယ်။

(၃) Inception (2010)

Source : Rotten Tomatoes Classic Trailers

Inception (2010) ဇာတ်ကားကတော့ သိပ္ပံစိတ်ကူးယဉ် အက်ရှင်ဇာတ်ကားတွေ ကြိုက်တဲ့ ရုပ်ရှင်ဝါသနာအိုး ကွီးတို့ အတွက်ပါ။ ဒီဇာတ်ကားက ဒါရိုက်တာကြီး Christopher Nolan ရဲ့ အပြောင်မြောက်ဆုံး ဖန်တီးမှု လက်ရာတွေထဲကတစ်ခု ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကလည်း Leonardo DiCaprio ၊ Cillian Murphy ၊ Ken Watanabe ၊ Joseph Gordon-Levitt ၊ Marion Cotillard ၊ Elliot Page နဲ့ Tom Hardy တို့လို တကယ့် ဒိတ်ဒိတ်ကြဲ ရှယ်တွေကြီး တစ်စုတစ်စည်းတည်း ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဇာတ်လမ်းပုံစံက တော်တော်လေး ထူးခြားပြီး နားလည်ရခက်တယ်လို့ ထင်ရပေမယ့် စာရေးသူတို့ကြည့်နေကြ သာမန်ဇာတ်လမ်းတွေထဲကနေ သိသိသာသာကြီးကွဲထွက်နေတဲ့ ဖီလင်မျိုး ၊ မတူညီတဲ့ တွေးခေါ်စရာ ၊ စဉ်းစားစရာတွေကို ပေးမယ့် စိတ်ဝင်စားစရာ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၄) Inside Man (2006)

Source : Rotten Tomatoes Classic Trailers

Inside Man (2006) ဇာတ်ကားကတော့ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း စိတ်လှုပ်ရှားဖို့ အကောင်းဆုံးနဲ့ ရင်တထိတ်ထိတ် အဖြစ်ရဆုံး မှုခင်း ဘဏ်ဓားပြ ရုပ်ရှင်ဇာတ်ကား ကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ သည်းထိတ်ရင်ဖို မှုခင်း အက်ရှင်ကားတွေနဲ့ နာမည်ကြီးတဲ့ ဒါရိုက်တာ Spike Lee ရဲ့ လက်ရာမြောက် ရုပ်ရှင်ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပြီး အဓိက သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသားကြီး Denzel Washington နဲ့ Clive Owen တို့ နှစ်ဦးရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဓားပြခေါင်းဆောင်နဲ့ ဓားပြအမှုကို ကိုင်တွယ်တဲ့ စုံထောက်ကြီးတို့ ကြားက ဉာဏ်များတဲ့ အားပြိုင်မှု ၊ ဓားစာခံတွေနဲ့ ဘဏ်ဓားပြတွေရဲ့ ရှုပ်ထွေးတဲ့ အခင်းအကျင်း ၊ တရိပ်ရိပ်မြင့်တက်လာတဲ့ ဇာတ်ရှိန်တွေကြားမှာ ရုပ်ရှင်ပရိသတ် ကွီးတို့ ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

Featured Photo : Movie – webindia123