မိနစ်ပိုင်းလောက် ဟက်ဟက်ပတ်ပတ် ရယ်မောလိုက်တယ်ဆိုရင်ပဲ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲက ဘဝအမောတွေ အားလုံးမဟုတ်တောင် တချို့တဝက်ကတော့ ပြေလျော့သက်သာ သွားတာပဲ မဟုတ်ပါလား။ အခက်အခဲနဲ့ စိတ်ညစ်စရာတွေကို လောင်မြိုက်စွာနဲ့ ဖြတ်သန်းနေမယ့်အစား ရယ်မောခြင်းနဲ့ ရင်ဆိုင်ဖြတ်သန်း လိုက်တာက ပူပင်စရာတွေကို အကောင်းဆုံး ကျော်လွှားနိုင်မယ့် နည်းလမ်းတစ်ခုပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အမှန်အကန် ခွီချင်တဲ့ ကွီးတို့အတွက် အမှန်အကန် ခွီရမယ့် ရုပ်ရှင်ဇာတ်ကား ကောင်းလေးတွေကို ညွှန်းပေးပါမယ်။

(၁) 50 First Dates

Source : Rotten Tomatoes Classic Trailers

၂၀၀၀ ခုနှစ်တွေဆီ ပြန်လည်ခေါ်သွား ချင်ပါတယ်။ 50 First Dates ဇာတ်ကားလေးကတော့ မင်းသား Adam Sandler နဲ့ မင်းသမီးချော Drew Barrymore တို့အဓိက တွဲဖက်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသ ဇာတ်မြူးလေးပါ။ ပြီးခဲ့တဲ့ရက်က အဖြစ်အပျက်တွေ အားလုံးကို မေ့မေ့သွားတက်တဲ့ ထူးထူးဆန်းဆန်း ရောဂါသည် ကောင်မလေးနဲ့ နေ့ရက်တိုင်းကို အမှတ်တရဖြစ်အောင် ရူးရူးမိုက်မိုက် ဖန်တီးတက်တဲ့ ကောင်လေးတို့ကြားက အချစ်ဇာတ်လမ်းကို ပျော်ရွှင်ရယ်မောဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(၂) The Terminal

Source : Rotten Tomatoes Classic Trailers

The Terminal ကတော့ မင်းသားကြီး Tom Hanks ရဲ့အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ကားပါ။ ဒီဇာတ်လမ်းလေးက ဖြစ်ရပ်မှန်ကို အခြေခံပြီး ပြန်လည်ပုံဖော် အသက်သွင်းထားတာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ အိပ်မက်ကို ဖြည့်ဆည်းဖို့ ယူအက်ကို ရောက်လာချိန် သူ့ရဲ့နိုင်ငံမှာ အာဏာသိမ်းမှုဖြစ်လို့ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို ပိတ်ခံလိုက်ရတဲ့ Viktor Navorski အမည်ရှိတဲ့ အူလည်လည် လူတစ်ဦး။

လေဆိပ်မှာ သောင်တင်နေတဲ့ ရက်တွေမှာ ကြုံရတဲ့ အခက်အခဲတွေ ၊ အသက်ရှင်နေထိုင်ဖို့ ကြိုးစားပုံတွေ ၊ မထင်မှတ်ပဲ ဆုံတွေ့တဲ့အချစ်နဲ့ မထင်မှတ်ပဲ ချစ်မိတဲ့ အချစ်တွေ ဒါတွေအားလုံးကို ဇာတ်လမ်းဇာတ်ကွက် ကောင်းကောင်းနဲ့ ပုံဖော်တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက ကွီးတို့အတွက် ရယ်မောပျော်ရွှင်စရာတွေ ၊ လူတစ်ယောက် ဇွဲလုံလနဲ့ ဖြတ်ထိုးဉာဏ်ရှိမှုတွေ ၊ အချစ်အတွက်နဲ့ သတ္တိရှိပုံတွေ ထူးထူးခြားခြား တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၃) EuroTrip

Source : Rotten Tomatoes Classic Trailers

EuroTrip ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့် ရယ်မောပျော်ရွှင်စရာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ စူးစမ်းလိုတဲ့ လူငယ်တသိုက်ရဲ့ ဥရောပခရီးစဉ်အတွင်းက တလွဲအဖြစ်အပျက်တွေကို ဟာသမြောက်အောင် ရိုက်ကူးပုံဖော် ထားပါတယ်။ ခရီးစဉ်အတွင်းက လူငယ်တသိုက်ရဲ့ စွန့်စားခန်းတွေ ၊ ပေါက်ကရအဖြစ်အပျက်တွေနဲ့ ဆန်းကြယ်တဲ့ အတွေ့အကြုံကို ပျော်ရွှင်ရယ်မောစွာနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။

(၄) Shaun Of The Dead

Source : Rotten Tomatoes Classic Trailers

Shaun Of The Dead ဇာတ်ကားလေးက Zombie ဇာတ်လမ်းကိုမှ အရမ်းကြီး ကြောက်စရာကောင်းမနေပဲ ဟာသဆန်ဆန် ပုံဖော်ရိုက်ကူးထားတဲ့ ဟာသဇာတ်မြူး ရုပ်ရှင်ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ အမေရိကန် ဟာသမင်းသားချော Simon Pegg က အဓိက ဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင် ထားပါတယ်။

Simon က ပျင်းစရာကောင်းတဲ့ အီလက်ထရွန်းနစ် အရောင်းသမား Shaun ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး Zombie တွေ မြို့ထဲရောက်လာချိန်မှာ သူရဲ့အချစ်ရဆုံး သူငယ်ချင်းနဲ့ ချစ်ခင်သူတွေကို Zombie တွေ လက်ကနေ လွှတ်မြောက်အောင် ဘယ်လိုဘယ်ပုံ ကြိုးစားသွားမလဲဆိုတာကို ဟာသဆန်ဆန်နဲ့ ပျော်ရွှင်ဖွယ် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

(၅) Harold & Kumar Go to White Castle

Source : Rotten Tomatoes Classic Trailers

Harold & Kumar Go to White Castle ဇာတ်ကားလေးကတော့ တော်တော်လေးကို အူတက်အောင် ရယ်ရမယ့် ဟာသရုပ်ရှင် ဇာတ်ကားကောင်းတစ်ကားပါ။ Harold နဲ့ Kumar လို့ခေါ်တဲ့ ငစား သူငယ်ချင်းနှစ်ကောင်ရဲ့ ဝေါကိ (Weed) ကွဲပြီး အလွဲလွဲ အချော်ချော် အဖြစ်အပျက်တွေကို ကြည့်ပြီး အူတက်အောင် ရယ်နေရမှာပါ။ တစ်ညသား သူတို့သူငယ်ချင်း နှစ်ယောက် ဝေါကိတွေ ရှယ်သောက်ပြီး ဗိုက်ဆာဆာနဲ့ တီဗီကလာတဲ့ White Castle ဆိုင်ကို ပြဲပြဲနဲ့ရောက်သွား ကြပါတော့တယ်။ ဒါပေမယ့် ချောချောမွေမွေ့နဲ့ ရောက်တာမျိုး မဟုတ်ပါဘူး။ လမ်းမှာဘာတွေ ကြုံရမလဲ ၊ ဘယ်လိုရူးရူးမိုက်မိုက်တွေ လုပ်ကြလဲဆိုတာကို ကွီးတို့ကပဲ ရုပ်ရှင်ဇာတ်ကားလေးထဲမှာ ဆက်ကြည့်ပြီး ခွီလိုက်ပါ။

Featured Photo : Rotten Tomatoes