စပို့တင်း လစ္စဘွန်းနည်းပြ ရူဘင် အာမိုရင် ကတော့ လာမယ့်ရာသီမှာ အန်ဖီးလ်ကို ပြောင်းရွေ့ဖို့ ကြိုးကြာနီ တို့နဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီဆိုတဲ့ ကောလာဟလသတင်းတွေအပေါ် ပြတ်ပြတ်သားသား ငြင်းဆိုသွားခဲ့ပါတယ်။

Ruben Amorim

Photo : BeSoccer

အစောပိုင်းတုန်းက လီဗာပူးအသင်းဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် နည်းပြ ကလော့ပ်နေရာမှာ လေဗာကူဆင်နည်းပြ အလွန်ဆိုနဲ့ အစားထိုးမယ်လို့ သတင်းကြီးခဲ့ပေမယ့် စပိန်သားနည်းပြက လေဗာကူဆင်မှာပဲ နောက်တစ်ရာသီ ထပ်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အာမိုရင် ဘက်မြှားဦးလှည့်သွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ် စပို့တင်း နည်းပြ အာမိုရင်ဟာ ကြိုးကြာနီ တို့ ပစ်မှတ်ထားနေတဲ့ ဘရိုက်တန်အသင်းနည်းပြ ရောဘတ်တို ဒီဇာဘီနဲ့ ဂျာမနီလက်ရွေးစင် နည်းပြ ဂျူလီယန် နာဂယ်စမန်း တို့ထက်ကျော်လွန်ပြီး လီဗာပူးအသင်းရဲ့ အနာဂတ် နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားလာခဲ့တာပါ။

Sky Germany ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ပေါ်တူဂီသား နည်းပြအာမိုရင်ကို ၃ နှစ် စာချုပ်နဲ့ခေါ်ယူဖို့ အကြို သဘောတူညီမှု ရရှိခဲ့ပြီဆိုတဲ့ သတင်းတွေ အခုရက်ပိုင်းအတွင်းမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြအာမိုရင် ကိုယ်တိုင်ကတော့ ဒီကောလဟာလသတင်းတွေနဲ့ ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အခုလို တုန့်ပြန်ရှင်းလင်း သွားခဲ့ပါတယ်။

Ruben Amorim

Photo : This Is Anfield

” ကျွန်တော် ဘယ်ကလပ်အသင်းနဲ့မှ ဆွေးနွေးမှု မလုပ်ခဲ့သလို ဘယ်အသင်းနဲ့မှလည်း သဘောတူညီမှု မရှိခဲ့ပါဘူး။ ဒါက ကျွန်တော်ရဲ့ အနာဂတ်အကြောင်းနဲ့ ပတ်သတ်ပြီး နောက်ဆုံးပြောပြခြင်းပါ။ ကျွန်တော်တို့ အားလုံးလိုချင်တာက စပို့တင်းနဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ဖို့ပါပဲ။ ဒီအတွက် ဘာမှပြောင်းလဲမှာ မဟုတ်ပါဘူး ” လို့ ပြောကြားသွားခဲ့ပါတယ်။

Featured Photo : Anfield Watch