လီဗာပူးအသင်းကတော့ လေဗာကူဆင်နည်းပြ ဇာဘီ အလွန်ဆို ကို အသင်းရဲ့ နည်းပြအသစ်အဖြစ် ခန့်အပ်ဖို့ အစီအစဉ်ဟာ ရပ်တန်းက ရပ်ရတော့မယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

Jurgen Klopp and Xabi Alonso

Photo : SPORTbible

လီဗာပူးအနေနဲ့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် နည်းပြ ယာဂင်ကလော့ပ်နေရာမှာ အစားထိုးခန့်အပ်ဖို့ နည်းပြအသစ်တစ်ဦး ရှာဖွေနေတာပါ။ လီဗာပူးနဲ့ ယာဂင်ကလော့ပ်တို့ လမ်းခွဲတော့မယ် သတင်းထွက်ပေါ်လာပြီး မကြာမီမှာပဲ အသက် ၄၂ နှစ်အရွယ် စပိန်သား နည်းပြ အလွန်ဆို ဟာ လီဗာပူးရဲ့ အနာဂတ် နည်းပြသစ်ရာထူးအတွက် ရေးပန်းအစားဆုံး ဖြစ်လာခဲ့တာပါ။

The Times ရဲ့ ဖော်ပြချက်အရ နည်းပြ ဇာဘီ အလွန်ဆိုဟာ လေဗာကူဆင်အသင်းမှာပဲ အနည်းဆုံး နောက်ထပ်တစ်ရာသီ ဆက်နေဖို့ များနေတယ်လို့ ဆိုထားပါတယ်။ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ရှုံးပွဲတစ်ပွဲမှမရှိသေးတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပြီး ဘွန်ဒက်စ်လီဂါနဲ့ ယူရိုပါလိဂ်ချန်ပီယံဆုတွေကိုပါ သိမ်းပိုက်နိုင်ဖို့ ရည်မှန်းထားပါတယ်။

လာမယ့်နွေရာသီကာလအတွင်း ဇာဘီ အလွန်ဆို ဟာ လေဗာကူဆင်မှာ ဆက်ရှိနေမယ်လို့ မျှော်လင့်ရတဲ့အတွက် ဂျာမန်ဘီလူကြီး ဘိုင်ယန်မြူးနစ်တို့အနေနဲ့လည်း နည်းပြသစ်ခေါ်ယူမယ့် အစီအစဉ်နဲ့ပတ်သတ်ပြီး ပြန်လည်စဉ်းစားရတော့မှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီကုန်မှာ နည်းပြတူဟယ်လ်နဲ့ လမ်းခွဲတော့မှာဖြစ်ပြီး နည်းပြအသစ်အဖြစ် ခန့်အပ်ဖို့ အလွန်ဆိုကို အဓိက ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။

Xabi Alonso

Photo : Sky Sports

လက်ရှိအချိန်မှာတော့ လီဗာပူးအသင်းအနေနဲ့လည်း အလွန်ဆိုကို ယူခေါ်ချင်တဲ့ မျှော်လင့်ချက်ဟာ မှေးမှိန်နေရပြီဖြစ်တာကြောင့် စပို့တင်းလစ္စဘွန်းအသင်းနည်းပြ ရူဘင်အာမိုရီနဲ့ ဘရိုက်တန်နည်းပြ ဒီဇာဘီတို့ကို ပြောင်းလဲပစ်မှတ်ထားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

Featured Photo : The Sun