ဘောလုံးရာသီ ပြီးဆုံးခါနီးမှာ ဘောလုံးပွဲတွေကလည်း တစ်ပတ်မှာ တစ်သင်းကို (၂)ပွဲ (၃)ပွဲလောက် ကစားနေရလို့ ဘောလုံးကစားသူတွေရော ဘောလုံးပွဲတွေကို မလွတ်တမ်း အားပေးတဲ့ ပရိသတ်တွေပါ ပွဲပန်းဒဏ်ကို ခံစားနေကြရပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လက်လွတ်လိုက်လို့ မဖြစ်တဲ့ ပွဲစဉ်တွေကလည်း ရှိနေသေးတာကြောင့် ဆက်ပြီး အားပေးရဦးမှာပါပဲ။ ဒီနေ့ညမှာတော့ လီဗာပူးလ် နဲ့ စပါး ပွဲ ရှိနေပါတယ်။
Photo Credit : Sky Sports
ဒီနေ့ တနင်္ဂနွေနေ့ညမှာ ပရီးမီးယားလိဂ်ပွဲတွေက ထူးထူးခြားခြားအဖြစ် ည(၇)နာရီခွဲ ပွဲစဉ်တွေအဖြစ် (၄)ပွဲ တပြိုင်နက်တည်း ကစားသွားမှာဖြစ်ပြီး အဲ့ဒီပွဲတွေ ပြီးရင်တော့ Super Sunday ရဲ့ အကောင်းဆုံး ပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ် နဲ့ စပါးပွဲကို ဆက်လက် ရှုစားရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း အခုလို ထိပ်တိုက် တွေ့ဆုံမှုမှာ စိတ်ဝင်စားဖို့ကောင်းတာက လီဗာပူးလ်ဟာ နောက်ဆုံး ကစားထားတဲ့ (၃)ပွဲဆက်တိုက် နိုင်ပွဲရထားလို့ ချန်ပီယံလိဂ် မျှော်လင့်ချက်လေး ခပ်ယေးယေးလေး ပေါ်လာတဲ့အချိန် စပါးကလည်း သူတို့ရဲ့ ယာယီနည်းပြသစ် ရိုင်ယန်မေဆန် လက်ထက်မှာ အသင်းရဲ့ character ကောင်းတွေကို မန်ယူနိုက်တက်နဲ့ပွဲ ဒုတိယပိုင်း ပွဲချိန်မှာ ပြသထားတာကြောင့်ပါပဲ။
Photo Credit : Sportskeeda
တကယ်ဆိုရင်တော့ အန်ဖီးလ်ကွင်းဆိုတာက စပါးအသင်းအတွက် လုံးဝကို မလွယ်ကူခဲ့တဲ့ နေရာပါ။ အခုလို ရလဒ်တွေ ဆိုးရွားပြီး နည်းပြ အပြောင်းအလဲတွေ လုပ်ဆောင်ထားရချိန်မှာ လီဗာပူးလ်ကို အန်ဖီးလ်ကွင်းထဲ ရင်ဆိုင်သွားဖို့ဆိုတာက ပိုလို့တောင် ခက်ခဲဖွယ် ရှိနိုင်တယ်။ တစ်ခုရှိတာကတော့ ဒီပွဲမတိုင်ခင်မှာ ယူနိုက်တက် နဲ့ ဗီလာပွဲ ရှိနေတာဖြစ်လို့ အဲ့ဒီပွဲမှာ ယူနိုက်တက်သာ ခြေချော်ခဲ့မယ်ဆိုရင် လီဗာပူးလ်ရော စပါးအတွက်ပါ အဆင့်(၄)နေရာ မျှော်လင့်ချက်က အခြေအနေကောင်းလာနိုင်လို့ ပိုပြီး အကြိတ်အနယ် ဖြစ်လာနိုင်ပါတယ်။
Photo Credit : Cartilage Free Captain
လီဗာပူးလ် နဲ့ စပါးတို့က လက်ရှိမှာ Top 4 အပြင်ဘက်ကို ရောက်ရှိနေတာဖြစ်လို့ ဥရောပဝင်ခွင့်မှာ အနိမ့်ဆုံးတော့ ယူရိုပါလိဂ်ဝင်ခွင့်ကို ရရှိထားဖို့ ဒီပွဲကို ရလဒ်ကောင်းဖို့ လိုအပ်ပါလိမ့်မယ်။ ဘရိုက်တန်ကလည်း မနေ့က ဝုလ်ဗ်ကို ဂိုးဒါဇင်ဝင်လောက် သွင်းယူပြီး ယူရိုပါလိဂ် တစ်နေရာစာအတွက် ကြိုးပမ်းနေတာဖြစ်လို့ စပါး ဗီလာ လီဗာပူးလ် နဲ့ ဘရိုက်တန်တို့ကြားက ဥရောပဝင်ခွင့်အတွက် အားပြိုင်မှုဟာ ပိုပြီး အကြိတ်အနယ် ရှိလာနိုင်ပါတယ်။ အခု အန်ဖီးလ်က ပွဲမှာတော့ အိမ်ရှင်ပဲ ရလဒ်ကောင်းလိမ့်မယ်လို့ ယူဆမိပါတယ်။
Featured Photo : This is Anfield