လုပ်စရာ ထွေထွေထူးထူးမရှိတဲ့ တစ်ချို့ရက်တွေမှာ အိမ်မှာထိုင်ပြီး ဘာလုပ်ရမလဲမသိ ကြောင်ပျောက် နေတယ်ဆိုရင် DIY ပရော့ဂျက်လေးတွေ စမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်။ ကိုယ်တိုင်လုပ်ရတဲ့ DIY ပရော့ဂျက် တွေက အပျင်းပြေစေရုံမကပဲ သင့်ရဲ့ဖန်တီးမှုစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ကဲဒါဆို ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ အရာတွေ ကိုယ်တိုင်ဖန်တီးနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) သစ်သားကျောမှီခုံတန်းရှည်

Sunlounger

Photo : Stuff.co.nz

ရေကူးကန်နဲ့ ကမ်းခြေလိုနေရာတွေမှာ အများဆုံးတွေ့ရတဲ့ Sunlounger ခုံတွေကို ကွီးတို့အိမ်မှာ ကိုယ်တိုင်ဖန်တီးလို့ ရပါတယ်။ အရိပ်ရတဲ့ အိမ်နောက်ဖေး ခြံဝန်းလေးထဲမှာပဲ အေးအေးဆေးဆေး Relax လုပ်မလား ဒါမှမဟုတ် ဝရံတာမှာပဲ လေဖြူးဖြူးနဲ့ သက်တောင့်သက်သာလှဲလျောင်းရင်း စာအုပ်ဖတ်တာ ၊ အပန်းဖြေတာမျိုးလုပ်မလား Sunlounger ခုံလေးတစ်ခု ရှိထားရင် တော်တော်လေး အသုံးဝင်ပါလိမ့်မယ်။ Sunlounger ခုံကိုကိုယ်တိုင်ရိုက်ဖို့ သိပ်တော့ မခက်ပါဘူး။ သစ်သားချောင်းတွေကို အချောသပ်ပြီး အစီအရီရိုက်ကာ ကျောမှီစရာနေရာလေးဖန်တီးပေးရုံပါပဲ။ ဆေးရောင်လေးတွေသုတ်တာ ၊ ပိုပြီးသက်တောင့်သက်သာဖြစ်စေဖို့ ဆိုဖာအခင်းပြားတွေ ကပ်တာမျိုး ကိုယ့်စိတ်ကြိုက် ဖန်တီးလို့ရပါတယ်။

(၂) ဘေ့စ်ဘော မီးအိမ်

Source : Pahjo Designs

အိမ်ရာဘေးမှာ အလှထားဖို့ ညမီးအိမ်လေးတစ်ခု ဖန်တီးချင်တယ်ဆိုရင်တော့ ဘေ့စ်ဘော မီးအိမ်လေးက အမြင်ဆန်းပြီး အထာကျစေမှာ သေချာပါတယ်။ သစ်သားအောက်ခံအပြားလေးတစ်ခုပေါ်မှာ ဘေ့စ်ဘော,ဘောလုံးတွေကို အပေါက်ဖောက်ပြီး အတွင်းက ဝါယာထည့်ကာ မီးအိမ်လေးတစ်ခု လွယ်လွယ်ကူကူ ဖန်တီးလို့ရပါတယ်။ ငွေကုန်ကျနည်းပြီး ဆိုင်တွေမှာ တော်ရုံဝယ်လို့မရနိုင်တဲ့ ဒီဇိုင်းဆန်းဆန်းလေးတွေ ကြိုက်တယ်ဆိုရင် ဘေ့စ်ဘော မီးအိမ်လေးတစ်ခု ကိုယ်တိုင်ဖန်တီးကြည့်ပါ။

(၃) လည်သာပုဆိန်အစွပ်

Source : UglyTent Bushcraft & Survival

Camping သွားရတာ ဝါသနာပါတဲ့သူတွေအတွက်တော့ ပုဆိန်/ရဲဒင်း တို့လို ကိရိယာတွေက တော်တော် အသုံးဝင်ပါတယ်။ ပုဆိန်/ရဲဒင်းတွေကို ထင်းခွဲရာမှာ ဒါမှမဟုတ် မာကျောတဲ့အရာတွေကို ဖြတ်တောက်တဲ့အခါမှာ အသုံးပြုပါတယ်။ အသွားထက်တဲ့ ပုဆိန်/ရဲဒင်းတွေကို သယ်ဆောင်တဲ့အခါ မတော်တဆ ပြတ်ရှဒဏ်ရာတွေမရစေဖို့ ပုဆိန်အသွားကို လည်သာအစွပ်လေး တပ်ပေးဖို့လိုပါတယ်။ အန္တရာယ်ကင်းပြီး အထာလည်းကျစေမယ့် လည်သာပုဆိန်အစွပ်လေးကို ကွီးတို့ကိုယ်တိုင် လွယ်လွယ်ကူကူ ဖန်တီးလိုက်ပါ။

(၄) နက်ကတိုင်ချိတ်စင်

Ties

Photo : Etsy

နက်ကတိုင်/လည်စည်းတွေကို နေရာတကျထားချင်တဲ့ ဖက်ရှင်ချစ်သူ ကွီးတို့အတွက်ကတော့ သစ်သားနဲ့ ဖန်တီးနိုင်မယ့် DIY နက်ကတိုင်ချိတ်စင်လေး ဖန်တီးလို့ရပါတယ်။ သစ်သားပြားပေါ်မှာ နက်ကတိုင်တွေ စီစီရီရီ ချိတ်လို့ရမယ့် သစ်သားငုတ်လေးတွေ ရိုက်လိုက်ရုံပါပဲ။ အရမ်းအရိုးရှင်းပြီး လွယ်ကူပါတယ်။ DIY နက်ကတိုင်ချိတ်စင်လေးက ကိုယ်တိုင်သုံးဖို့အတွက်သာမက လက်ဆောင်ပေးရင်လည်း မျက်နှာပန်းလှတဲ့ အမိုက်စား ပစ္စည်းလေးတစ်ခု ဖြစ်ပါတယ်။

Featured Photo : Stepoutside.org