အားလပ်ချိန်တွေမှာ တီထွင်ဖန်တီး မှုတွေကို လုပ်ရတာကြိုက်တဲ့ ကွီးတို့အတွက် အမိုက်စား DIY ပရော့ဂျက် အိုင်ဒီယာလေးတွေ အများကြီးရှိပါတယ်။ အိမ်မှာမသုံးဖြစ်တော့တဲ့ ပစ္စည်းပစ္စရာ အတိုအစလေးတွေနဲ့ အသုံးဝင်တဲ့ ပစ္စည်းအသစ်တွေ ဖန်တီးခြင်းအနုပညာကို DIY လို့ခေါ်ပါတယ်။ ကဲဒါဆို ကွီးတို့ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မကုန်ပဲ အိမ်မှာ ကိုယ်တိုင် တီထွင်ဖန်တီး နိုင်စွမ်းကို မြင့်တင်နိုင်မယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ DIY ပရော့ဂျက် အိုင်ဒီယာလေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) ပန်းအိုးချိတ်ကြိုးကွင်း

DIY

Photo : The Spruce

ပန်းအိုးအသေးလေးတွေကို အိမ်အတွင်းပိုင်း ဒါမှမဟုတ် ဝရံတာ ၊ အိမ်အရှေ့ဝင်ပေါက် မျက်နှာစာလိုနေရာတွေမှာ အလှဆင်ဖို့အတွက်ဆိုရင် ပန်းအိုးချိတ်ကြိုးကွင်းလေးတွေက တော်တော်လေး အသုံးဝင်ပါတယ်။ ပန်းအိုးချိတ် ကြိုးကွင်းလေးတွေကို ပိုက်ဆံ မကုန်ပဲ ကိုယ်တိုင်ပြုလုပ် လို့ရပါတယ်။ ကွီးတို့ရဲ့ အိမ်မှာရှိတဲ့ မသုံးဖြစ်တော့တဲ့ ကြိုးအဟောင်းလေးတွေကိုပဲ ပန်းအိုးအရွယ်အစားနဲ့အညီ ချိန်ကိုက်ထုံးပြီး လွယ်လွယ်ကူကူ တီထွင်ဖန်တီး လို့ရပါတယ်။

(၂) အသေးစား Camp မီးဖို

DIY

Photo : Lifehack

Camp Trip တွေထွက်ရတာ ဝါသနာပါတဲ့ ကွီးတို့အတွက် အသုံးဝင်တဲ့ ပစ္စည်းလေးပါ။ သယ်ဆောင်ရလွယ်ကူတဲ့ အသေးစား Camp မီးဖိုလေး ဖြစ်ပါတယ်။ ပြောမယ့်သာပြောတာ Camping Gadgets တွေရဲ့ ဈေးနှုန်းတွေက မသေးလှပါဘူး။ ဒီအတွက် တက်နိုင်သမျှ စားရိတ်လျော့ချချင်တယ်ဆိုရင် ပိုက်ဆံ တစ်ပြားမှမကုန်တဲ့ Camp မီးဖိုလေးကို ကိုယ်တိုင် တီထွင်ဖန်တီး လို့ရပါတယ်။ လိုအပ်တာကတော့ နို့ဆီဗူးအဟောင်းတစ်လုံးပါပဲ။ နို့ဆီဗူးရဲ့ထိပ်ကိုဖွင့်ထားပြီး အောက်ချေမှာ လေဝင်လေထွက်ပေါက်သေးသေးလေးတွေ ဖောက်ထားရပါမယ်။ ဒါဆိုရင်တော့ ထင်းချောင်းလေးတွေထည့်ပြီး မီးမွှေးလို့ရမယ့် အသေးစား Camp မီးဖိုလေး ရပါပြီ။

(၃) ပုလင်းခွံမီးအိမ်

DIY

Photo : EASY DIY and CRAFTS

ချစ်သူလေးနဲ့ ရိုမန့်တစ်ဆန်တဲ့ ညလေးဖန်တီးဖို့ပဲဖြစ်ဖြစ် ၊ အိမ်တွင်းအလှဆင်မီးလေးတွေ ထွန်းရတာ ကြိုက်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် ပိုက်ဆံ မကုန်ပဲ ဖန်တီးလို့ရမယ့် DIY ပရော့ဂျက်လေး တစ်ခုပြောပြပေးပါမယ်။ ဒါကတော့ ပုလင်းအခွံလေးတွေနဲ့ တီထွင်ဖန်တီး ထားတဲ့ မီးအိမ်လှလှလေးတွေပါ။ ကော်ဖီပုလင်း ၊ နွားနို့ပုလင်းစတဲ့ အသုံးပြုပြီးသား ဖန်ပုလင်းအဟောင်းတွေကို စိတ်ကြိုက်ဆေးရောင်လေးတွေ ခြယ်သပြီး အထဲမှာ ဖယောင်းတိုင် သို့မဟုတ် ဆီမီးထည့်ပြီး ထွန်းလို့ရပါတယ်။ ဒါဆိုရင်တော့ ညဘက်မှာ အရမ်းကိုပဲလှတဲ့ ပုလင်းခွံမီးအိမ်လေးတွေ ရမှာဖြစ်ပါတယ်။

(၄) သစ်သားဓာတ်ပုံဘောင်

DIY

Photo : A Crafted Passion

ကွီးတို့ဘဝထဲက မမေ့နိုင်စရာအမှတ်တရတွေကို ပြန်ပြောင်းပြောပြနေတဲ့ ဓာတ်ပုံလေးတွေအတွက် ချစ်စရာကောင်းပြီး လှပတဲ့ဓာတ်ပုံဘောင်လေးတွေ ကိုယ်တိုင်ဖန်တီးချင်ပါသလား။ ဒါဆိုရင်တော့ အိမ်မှာအသုံးမလိုတော့တဲ့ သစ်သားအတိုအစလေးတွေကို သေချာအချောသပ် ၊ နှစ်သက်ရာ ဆေးရောင်လေးတွေ ခြယ်သပြီး ချစ်စရာကောင်းတဲ့ ဓာတ်ပုံဘောင်လေးကို စိတ်ကြိုက် ဖန်တီးနိုင်ပါတယ်။ ဓာတ်ပုံဘောင်လေးတွေက အိမ်ရဲ့ဧည့်ခံမှာ အလှချိတ်ထားဖို့ ဖြစ်ဖြစ် ၊ လက်ဆောင်ပေးရင်ပဲဖြစ်ဖြစ် မျက်နှာပန်းလှတင့်တယ်တဲ့ ပစ္စည်းလေးတစ်ခုပါပဲ။

အခုပြောပြပေးခဲ့တာကတော့ ပိုက်ဆံ မကုန်ပဲ အိမ်မှာရှိတဲ့ ပစ္စည်းအဟောင်းအမြင်းလေးတွေ ၊ အသုံးမလိုတော့တဲ့ ပစ္စည်းလေးတွေနဲ့ အသုံးဝင်တဲ့ ပစ္စည်းအသစ်တွေလေး ကိုယ်တိုင်ဆန်းသစ်ပြီး တီထွင်ဖန်တီး နိုင်မယ့် အမိုက်စား DIY ပရော့ဂျက် အိုင်ဒီယာလေးတွေ ဖြစ်ပါတယ်။ ကွီးတို့ရော အားလပ်ချိန်တွေမှာ အမိုက်စား DIY ပရော့ဂျက်လေးတွေ ဖန်တီးရတာ နှစ်သက်ပါသလား?

Featured Photo : Vox