ကွန်ဒုံး သုံးတာဟာ ကြိုတင်မျှော်လင့်မထားတဲ့ မလိုချင်တဲ့ ကိုယ်ဝန်တွေ ၊ လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးပြီး သာယာပျော်ရွှင်တဲ့ လိင်မှုဘဝတစ်ခုကို ပိုင်ဆိုင်နိုင်စေဖို့ အထောက်အကူပြုတဲ့ ကြားခံ ပစ္စည်းတစ်ခုပါပဲ။ ဒါပေမယ့် ကွန်ဒုံးသုံးတိုင်းလည်း အပြည့်အဝစိတ်ချရပြီလားဆိုရင်တော့ မဟုတ်ပါဘူး။ နည်းမှန်လမ်းမှန်နဲ့ ကွန်ဒုံးကို စနစ်တကျ သုံးတက်မှသာလျှင် သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းအပြည့်အဝကို စိတ်ချလက်ချသုံးနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ကွိုင် မတက်ချင်ရင် အခုပြောပြမယ့် ကွိုင်သုံးနည်း အမှန်တွေကိုတော့ မဖြစ်မနေ သိထားဖို့လိုပါလိမ့်မယ်။

(၁) သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးပါ

Condom

Photo : MensXP

ကွန်ဒုံးသုံးတဲ့အခါ ကွန်ဒုံးကိုမဖောက်ခင်ကတည်းက ပထမဆုံးစစ်ဆေးရမယ့် အချက်က သက်တမ်းကုန်ဆုံးရက်ပါ။ သက်တမ်းကုန်ဆုံးနေပြီးဖြစ်တဲ့ ကွန်ဒုံးတွေသုံးမိရင် ကွိုင် တက်နိုင်ခြေအများကြီး ရှိပါတယ်။ ဒီလို ရက်လွန်နေတဲ့ကွန်ဒုံးတွေက ရောဂါကူးစက်မှုနဲ့ ကိုယ်ဝန်ရနိုင်တဲ့အခြေအနေကို တိုးစေတဲ့အတွက် လုံးဝ(လုံးဝ) မသုံးသင့်ပါဘူး။ နောက်တစ်ခုကတော့

(၂) ကတ်ကြေး သို့မဟုတ် အခြားချွန်ထက်တဲ့အရာတွေကိုအသုံးပြုပြီး ဖောက်ခြင်းကို ရှောင်ကြဉ်ပါ

Condom

Photo : MensXP

ကွန်ဒုံးကို မဖောက်ခင်မှာ ကွန်ဒုံးပျက်စီးမှုရှိမရှိကို အလွယ်ဆုံး သိနိုင်မယ့် နည်းလမ်းက အိတ်ကို လက်ညိုးနဲ့လက်မကြားထားပြီး စမ်းကြည့်ပါ။ အတွင်းမှာ လေပူဖောင်းလေးတစ်ခုကို ခံစားရတယ်ဆိုရင် ကွန်ဒုံးမပျက်စီးပဲ အကောင်းတိုင်းရှိနေသေးတယ်လို့ ယူဆလို့ရပါတယ်။ ကွန်ဒုံးကို ဖောက်တဲ့အခါမှာလည်း လက်သည်းမရှိတဲ့ လက်နဲ့ဖောက်တာက အကောင်းဆုံးပါ။ ကတ်ကြေးနဲ့ အခြားချွန်ထက်တဲ့အရာတွေကို အသုံးပြုပြီး ဖောက်မယ်ဆိုရင် အတွင်းက ကွန်ဒုံးရာဘာသားကို ပေါက်ပြဲသွားနိုင်ပါတယ်။ ကွန်ဒုံးမဖောက်ခင် အရင်ဆုံး လက်ကိုသန့်စင်အောင် ဆေးကြောပြီးမှ ကွန်ဒုံးရဲ့ ထောင့်စွန်းနေရာကနေ ဖောက်ပြီး အပြင်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်ပေးရမှာ ဖြစ်ပါတယ်။

(၃) ကွန်ဒုံးထိပ်ဖျားကို လက်ချောင်းထိပ်နဲ့ ဖိထားပြီး ဝတ်ဆင်ပါ

Condom

Photo : MensXP

ကွီးတို့ရဲ့ လိင်တံမှာ ကွန်ဒုံးကို ဝတ်ဆင်တော့မယ်ဆိုရင် ကွန်ဒုံးထိပ်ဖျားကို လက်ညိုး/လက်မနဲ့ ဖိထားပြီးမှ လိင်တံမှာစွပ်ပါ။ ကွန်ဒုံးထိပ်ဖျားမှာ နေရာအလွတ် အနည်းငယ်ချန်ထားဖို့လိုပါတယ်။ သုတ်လွှတ်ချိန်မှာ သုတ်ရည်အတွက် နေရာအလွှတ်အနည်းငယ် ရှိနေရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် ကွန်ဒုံးကွဲထွက်တာ ၊ ပေါက်ပြဲတာတွေ ဖြစ်နိုင်တာကြောင့် ကွိုင် တက်နိုင်ခြေများပါတယ်။

(၄) မှန်ကန်တဲ့ ဆိုဒ်ကို ရွေးချယ်ပါ

Photo : MensXP

ကွီးတို့ရဲ့ လိင်တံအရွယ်အစားနဲ့ ကွန်ဒုံးဆိုဒ်က ကွက်တိကျနေဖို့လည်း အရေးကြီးပါတယ်။ ကွန်ဒုံးဆိုဒ်က အရမ်းကြီးလွန်းနေမယ် သို့မဟုတ် သေးလွန်းနေမယ်ဆိုရင် လိင်ဆက်ဆံနေစဉ်အတွင်းမှာ ကွန်ဒုံးကျွတ်ထွက်တာ ၊ ကွန်ဒုံးကွဲထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကွန်ဒုံးဝတ်တဲ့အခါ လိပ်ထားတဲ့သားရေသား ကုန်သွားတဲ့အထိ ဒါမှမဟုတ် လိင်တံရဲ့အရင်းအထိ ရောက်နိုင်သမျှရောက်အောင် ဆွဲချဝတ်ပေးရမှာ ဖြစ်ပါတယ်။

(၅) ကွန်ဒုံးပြန်ချွတ်တဲ့အခါ လက်နဲ့ထိန်းထားပါ

Condom

Photo : MensXP

သုတ်လွှတ်ပြီးချိန်မှာ လိင်တံရဲ့ထောင်မတ်မှုဟာ လျော့ကျသွားပါတယ်။ ဒီအတွက်ကြောင့် ကိစ္စပြီးလို့ မိန်းမကိုယ် ၊ စအိုနဲ့ ပါးစပ်အတွင်းကနေ လိင်တံကို ပြန်ထုတ်တဲ့အခါ ကွန်ဒုံးကျွတ်သွားတာမျိုး မဖြစ်စေဖို့ ကွန်ဒုံးရဲ့အောက်ခြေကို လက်နဲ့ထိန်းထားပြီးမှ ဖြည်းဖြည်းချင်း ပြန်ဆွဲထုတ်ပေးရပါမယ်။ ထို့နောက် ကွန်ဒုံးအတွင်းက သုတ်ရည်တွေ ယိုစိမ့်မှုမရှိစေဖို့ သေချာချည်နှောင်ထုပ်ပိုးပြီး အမှိုက်ပုံးအတွင်းသို့ စနစ်တကျစွန့်ပစ်ကာ ကိုယ်လက်သန့်စင်မှု ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

အထက်ပါအချက်တွေအပြင် ကွန်ဒုံးသုံးတဲ့အခါ တစ်ကြိမ်လျှင် ကွန်ဒုံးတစ်ခုကိုပဲ သုံးပေးပါ။ ပါးစပ် ၊ မိန်းမကိုယ် ၊ စအို စသည်ဖြင့် ပြောင်းလဲပြီး ဆက်ဆံမယ်ဆိုရင် ကွန်ဒုံးကို နောက်ထပ်အသစ်တစ်ခု ပြန်လဲလှယ်ပြီး သုံးပေးဖို့လိုပါတယ်။ နောက်ပြီး ပိုမိုလုံခြုံစိတ်ချမှုရှိစေဖို့ ကွန်ဒုံး ၂ ထပ် အသုံးပြုတာ ၊ မိမိရော မိမိပါတနာပါ ကွန်ဒုံးပြိုင်တူအသုံးပြုတာ စတဲ့အချက်တွေကို အထူးရှောင်ကြဉ် ပေးရပါမယ်။ ဒါဆိုရင်တော့ ကွိုင် မတက်ပဲ ပျော်ပျော်ပါးပါး အချစ်ပွဲကြီး ဆင်နွဲနိုင်ပါပြီ။

Featured Photo : MensXP