လူရယ်လို့ ဖြစ်လာရင် သေချာတာတစ်ခုက ဘယ်သူမှ အချစ် နဲ့ မကင်းနိုင်ပါဘူး။ ဒီလိုပါပဲ အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ ယောကျာ်း/မိန်းမ သက်ရှိလူသား အားလုံးဟာလည်း လိင်မှုကိစ္စနဲ့ ကင်းကွာနိုင်ရိုး ထုံးစံမရှိပါဘူး။ ဒါကလည်း လူ့သဘာဝ သာမန်လုပ်ရိုးလုပ်စဉ် ကိစ္စတွေထဲကတစ်ခုပဲ မဟုတ်လား။ ဒါပေမယ့် ကျွန်တော်တို့ ဆန်ကျင်ဘက်လိင်နဲ့ ဖြစ်စေ ၊ လိင်တူချင်းပဲ ဖြစ်စေ ကာမစပ်ယှက်ကြပြီဆိုရင် အရေးကြီးဆုံး သိထားရမယ့် အချက်တစ်ခုက လုံခြုံစိတ်ချမှုရှိတဲ့ လိင်ဆက်ဆံမှုတစ်ခု ဖြစ်ဖို့လိုပါတယ်။ ဒီလိုဖြစ်ဖို့အတွက် အထိရောက်ဆုံး လုပ်ဆောင်နိုင်မယ့် နည်းလမ်းက ကွန်ဒုံးသုံးတာပါပဲ။ လိင်ဆက်ဆံတဲ့အခါ ဘာကြောင့် ကွန်ဒုံးအမြဲသုံးသင့်သလဲ ၊ ကွန်ဒုံးအသုံးပြုမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာ ဒီဆောင်းပါးလေးကနေ တဆင့် မျှဝေပေးချင်ပါတယ်။

(၁) လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်

condoms

Photo : Amsterdam Red Light District Tours

ကွန်ဒုံးသုံးခြင်းရဲ့ အဓိက ကောင်းကျိုးတွေထဲက တစ်ခုကတော့ Sexually Transmitted Infections (STIs) လို့ခေါ်တဲ့ လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်တာပါ။ လျှာ သို့မဟုတ် နှုတ်ခမ်းနဲ့ လိင်အင်္ဂါကို နှိုးဆွတဲ့အခါမှာ ဖြစ်စေ ၊ မိန်းမကိုယ် သို့မဟုတ် စအိုအတွင်းသို့ ထိုးသွင်းဆက်ဆံတဲ့အခါမှာ ဖြစ်စေ ကွန်ဒုံး အသုံးပြုပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။

(၂) မလိုချင်တဲ့ ကိုယ်ဝန်မရအောင် တားဆီးပေးတယ်

positive pregnancy test

Photo : WHYY

ကွန်ဒုံးကို ထိရောက်တဲ့ သန္ဓေတားနည်းတစ်ခုအဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ နည်းမှန်လမ်းမှန်နဲ့ ကွန်ဒုံးကို အသုံးပြုမယ်ဆိုရင် အချိန်မတိုင်ခင် ကိုယ်ဝန်ရခြင်း သို့မဟုတ် မျှော်လင့်မထားတဲ့ ကိုယ်ဝန်မရစေဖို့ ၈၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။

(၃) ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းတယ်

external condom
Photo : Healthline

လေ့လာမှုတွေအရတော့ အမျိုးသား ၁ ရာခိုင်နှုန်းလောက်ကပဲ ကွန်ဒုံးနဲ့ ဓာတ်မတည့်မှုကို ဖြစ်စေတာပါ။ ဆိုလိုတာကတော့ ကွန်ဒုံးတွေဟာ ဘေးထွက်ဆိုးကျိုး မရှိသလောက်ကို နည်းတယ်လို့ ပြောလို့ရပါတယ်။ အဓိကအားဖြင့်တော့ အချို့လူတွေမှာ Latex (ရော်ဘာ) ကွန်ဒုံးတွေနဲ့ ဓာတ်မတည့်တာမျိုး ရှိတက်ကြပါတယ်။ ဒီအတွက် Polyisoprene ၊ Polyurethane သို့မဟုတ် Polyethylene နဲ့ ပြုလုပ်ထားတဲ့ Non-latex ကွန်ဒုံးတွေကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

(၄) လွယ်လွယ်ကူကူ ဝယ်လို့ရတယ်

condoms

Photo : Insider

လိင်မှုဆိုင်ရာ ကျန်းမာရေးအသိ ပွင့်လင်းမြင်သာလာတဲ့ ခေတ်ကြီးထဲရောက်နေပါပြီ။ အခုခေတ်မှာ ကွန်ဒုံးဝယ်ဖို့ ဘာမှရှက်နေစရာမလိုတော့သလို ခက်လည်းခက်မနေတော့ပါဘူး။ စတိုးဆိုင်တွေ ၊ လမ်းဘေးဆေးဆိုင်တွေ ၊ ဈေးဝယ်စင်တာတွေကနေ အွန်လိုင်းစတိုးတွေအထိ ကွန်ဒုံးတွေကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်နေပါပြီ။ နေရာတိုင်း အလွယ်တကူ ဝယ်လို့ရသလို ဈေးနှုန်းအားဖြင့်လည်း ထောင်ဂဏန်းဝန်းကျင်ပဲ ရှိတာမို့ အချစ် နဲ့မကင်းနိုင်သူတွေကတော့ ကွန်ဒုံးဝယ်ဆောင်ထားဖို့ လိုပါမယ်။

(၅) လိင်မှုဆိုင်ရာ ခံစားမှုပိုကောင်းစေတယ်

Photo : FAVO by AsmaraKu

တော်တော်များများပြောကြတာတစ်ခုက အလွှာပါးလေးက ကမ္ဘာခြားစေတယ်ဆိုတာပါပဲ။ တကယ်တော့ ဒါဟာအမှားကြီးပါ။ ကွန်ဒုံးသုံးတာဟာ ရောဂါပိုးမွှားတွေ ၊ မျှော်လင့်မထားတဲ့ ကိုယ်ဝန်တွေကို တားဆီးပေးနိုင်ရုံမက လိင်မှုဆိုင်ရာ ခံစားမှုကိုလည်း ပိုမိုကောင်းစေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ အခုခေတ် ကွန်ဒုံးတွေမှာ လိုင်းတွေ ၊ အဖုလေးတွေ ပါတဲ့ ဆန်းပြားတဲ့ ကွန်ဒုံးဒီဇိုင်းတွေ အများကြီးပေါ်ထွက်လာနေပြီဖြစ်တဲ့အထွက် ထူးခြားတဲ့ အထိအတွေ့အရသာကို ခံစားနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ကွန်ဒုံးအသုံးပြုတာက ရောဂါပိုးနဲ့ ကိုယ်ဝန်အတွက် တွေးပူစရာမလိုတဲ့အတွက် စိတ်ဖိစီးမှုကင်းကင်းနဲ့ အချစ် တွေ နယ်ကျွံနိုင်မှာပဲ ဖြစ်ပါတယ်။ နောက်ပြီး အမျိုးသားတွေမှာဆိုရင် သုက်လွတ်ချိန်ကို ကြာမြင့်စေပြီး အချိန်ကြာကြာ စွမ်းဆောင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

(၆) အထာကျစေတယ်

couples Holding a condom

Photo : San Francisco AIDS Foundation

လိင်မှုကိစ္စမှာ သာယာမှုဆိုတာ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ဘေးကင်းရေးကတော့ ဂရုစိုက်ရမယ့် နောက်ထပ်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကွန်ဒုံးအသုံးပြုတာဟာ ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ပါတနာရဲ့ လိင်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ဂရုစိုက်တယ်ဆိုတာကို ဖော်ပြနေတာပါ။ နောက်ပြီး သင်ဟာ တာဝန်ယူမှုအပြည့်ရှိသူ ၊ သင့်ရဲ့ပါတနာအပေါ် လေးစားမှုရှိသူဆိုတာကို ကွန်ဒုံးအသုံးပြုခြင်းကနေ သိနိုင်ပါတယ်။ ဒီလိုအထာကျတဲ့ အမျိုးသားတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အချစ် နဲ့ တွေ့ဆုံတိုင်းမှာ ကွန်ဒုံးလေး ရယ်ဒီဆောင်ထားဖို့ လိုပါမယ်။

အထက်ဖော်ပြခဲ့တဲ့ အချက်တွေအပြင် ကွန်ဒုံးတွေကို လူတိုင်း လွယ်လွယ်ကူကူ ကိုယ်တိုင်အသုံးပြုနိုင်ရတာကလည်း အားသာချက်တစ်ခုပါပဲ။ ကွန်ဒုံးအသုံးပြုတာဟာ လိင်ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေအပြင် တခြား ကူးစက်ရောဂါပိုးမွှားတွေကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။

ကွန်ဒုံး အသုံးပြုတဲ့အခါ Expiry Date ကိုတော့ မဖြစ်မနေ စစ်ဆေးဖို့လိုပါမယ်။ ကိုယ့်ပါတနာရဲ့ မိန်းမကိုယ် / စအိုတို့နဲ့ ထိတွေ့ဆက်ဆံမှုမရှိခင်မှာ ကွန်ဒုံးကို အရင်ဆုံးဝတ်ထားပါ။ နောက်ပြီး ကွန်ဒုံးနှစ်ထပ်ဝတ်ခြင်းဟာ ပိုမိုစိတ်ချမှုရှိစေမှာ မဟုတ်ပဲ ရော်ဘာအချင်းချင်း ပွတ်တိုက်မှုကြောင့် ကွန်ဒုံးပေါက်ပြဲနိုင်ခြေပိုများတယ်ဆိုတာ သိထားပါ။ ကွန်ဒုံးကို အမျိုးသား (External Condom)ရော အမျိုးသမီး (Internal condom)ရော နှစ်ယောက်စလုံး ပြိုင်တူဝတ်ပြီး ဆက်ဆံခြင်းကို ရှောင်ကြဉ်ရပါမယ်။ တစ်ဦးတည်းကပဲ နည်းမှန်လမ်းမှန် အသုံးပြုပေးရင် လုံလောက်ပါပြီ။ ကွန်ဒုံးတစ်ခုကို လိင်ဆက်ဆံမှု တစ်ကြိမ်အတွက်ပဲ အသုံးပြုပေးပါ။ မိန်းမကိုယ်ကနေ စအိုကို ပြောင်းလဲ ဆက်ဆံတဲ့အခါမှာလည်း ကွန်ဒုံးအသစ်တစ်ခု ပြောင်းလဲအသုံးပြုဖို့ လိုပါတယ်။

ဒီအချက်တွေ လိုက်နာမယ်ဆိုရင်တော့ အချစ် နဲ့ တွေ့ဆုံတိုင်းမှာ လုံခြုံစိတ်ချမှုရှိရှိ ချစ်နိုင်ပြီပေါ့ဗျာ။

Featured Photo : New York Post