ကျန်းမာသန်စွမ်းပြီး ငယ်ရွယ်သော အမျိုးသားတစ်ယောက် အနေနဲ့ လိင်မှုကိစ္စမှာ တတ်ကြွတာ ပုံမှန်ပါပဲ။ တစ်ခါတစ်ရံမှာတော့ အကြောင်းအမျိုးမျိုးကြောင့် လိင်ပိုင်းဆိုင်ရာမှာ ခဏတာ စိတ်ဝင်စားမှု လျော့နည်းတတ်ပါတယ်။ ဒါကလည်း ပြဿနာမရှိသေးပါဘူး။ ဒီလိုမဟုတ်ပဲ အချိန်ကြာမြင့်စွာ ကာမဆန္ဒနည်းပါး လာပြီး လိင်ပိုင်းဆိုင်ရာမှာ မတတ်ကြွ‌တော့ဘူးဆိုရင်တော့ သတိထားသင့်နေပါပြီ။ ဘာကြောင့်လဲဆိုရင် အချို့သော ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်လို့ပါပဲ။ ဒါ့ကြောင့် ကွီးတို့ စိတ်မပါဖြစ်နေပြီဆိုရင် သတိထားဖို့ရာ သိထားသင့်တဲ့ အချက်တွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုများ ခံစားနေရခြင်း

ကွီးတို့ စိတ်မပါဖြစ်နေပြီဆိုရင်

Photo : Psychology Today

စိတ်ဖိစီးမှုတွေက လူတိုင်းကြုံတွေ့နိုင်တာ ဖြစ်သော်လည်း ပြင်းထန်ရင် ပြင်းထန်သလောက် လူတစ်ဦးတစ်ယောက်ရဲ့ ဘဝနဲ့ ရုပ်ပိုင်းပိုင်းဆိုင်ရာအပေါ် ဆိုးကျိုးတွေ သက်ရောက်နိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကနေ တဖြည်းဖြည်းနဲ့ စိတ်ဓာတ်ကျခြင်းကို ကူးပြောင်းသွားပြီး Depression အဆင့်ထိ ဖြစ်လာနိုင်ပါတယ်။

ဒီလို စိတ်ဓာတ်ကျနေသူတွေဟာ လိင်မှုအပါအဝင် တစ်ချိန်က ပျော်ရွှင်စရာကောင်းတဲ့ လှုပ်ရှားမှုတွေကို စိတ်ဝင်စားမှု လျော့နည်းခြင်း သို့မဟုတ် လုံးဝစိတ်မဝင်စားခြင်းတို့ကို ကြုံတွေ့ရပါတယ်။ ဒါ့အပြင် Depression ကြောင့် သောက်နေရတဲ့ ဆေးအချို့ရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုကို လျော့ကျစေပါတယ်။ အကယ်၍ ကွီးတို့က လုံးဝ လိင်မှုကိစ္စမှာ စိတ်မပါဖြစ်နေပြီဆိုရင် Depression ကြောင့် ဖြစ်နိုင်ပါတယ်။

Testosterone နည်းပါးခြင်း

ကွီးတို့ စိတ်မပါဖြစ်နေပြီဆိုရင်

Photo : Men’s Health

Testosterone ဆိုတာကတော့ အရေးကြီးတဲ့ အမျိုးသားဟော်မုန်း တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသားများမှာ များသောအားဖြင့် ထိုဟော်မုန်းကို လိင်အင်္ဂါက ထုတ်လုပ်ပါတယ်။ Testosterone က ကြွက်သားများနှင့် အရိုးထုထည်တည်ဆောက်ရန် လုပ်ဆောင်ပြီး သုတ်ပိုးထုတ်လုပ်မှုကိုလည်း လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် Testosterone ပမာဏက လိင်ဆက်ဆံမှုမှာ အရေးပါပါတယ်။ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက် Testosterone ပမာဏ ကွဲပြားနိုင်သော်လည်း အရွယ်ရောက်ပြီးသူ အမျိုးသားများအတွက် Testosterone ပမာဏ 300 nanograms per deciliter (ng/dL) အောက်သို့ ကျသွားပါက Testosterone နည်းပါးခြင်းလို့ သတ်မှတ်နိုင်ပါတယ်။

Testosterone ပမာဏ ကျဆင်းလာတဲ့အခါ လိင်ဆက်ဆံလိုစိတ်လည်း လျော့ကျလာပါတယ်။ ဒါကြောင့် အမျိုးသားတစ်ယောက်အတွက် ကျန်းမာပါလျက် လိင်ဆက်ဆံချင်စိတ်တွေ လျော့ကျနေတယ်ဆိုရင် Testosterone ပမာဏ လျော့ကျခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဆရာဝန်နဲ့ ဆွေးနွေးပါ။ ဒါ့အပြင် Testosterone ပမာဏကို တိုးမြှင့်ရန်အတွက် ဖြည့်စွက်စာများကို သောက်သုံးနိုင်ပါတယ်။

အိပ်ချိန်လုံလောက်မှု မရှိခြင်း

Photo : Melanin News

အိပ်ရေးပျက်ခြင်း သို့မဟုတ် ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း မရှိတာက အလုံးစုံသော ကျန်းမာရေးပြဿနာအပေါ် သက်ရောက်နိုင်သည်မက လိင်စိတ်ဆန္ဒလျော့နည်းခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ထို့အပြင် လေ့လာမှုတစ်ခုအရ အိပ်ရေးမဝခြင်းသည် အမျိုးသားတစ်ဦးရဲ့ Testosterone ပမာဏကို ကျဆင်းစေနိုင်ပါတယ်။

မကြာသေးမီက ပြုလုပ်သော လေ့လာမှုတစ်ခုမှာ ငယ်ရွယ်ကျန်းမာတဲ့ အမျိုးသားများကို တစ်ညလျှင် ၅ နာရီခန့်သာ အိပ်ချိန်ကန့်သတ်ပြီး တစ်ပတ်တာ စမ်းသပ်မှုကို ပြုလုပ်ခဲ့ရာ Testosterone ပမာဏသည် ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အလုံးစုံသော ကျန်းမာရေးအတွက် သာမာန်လူတစ်ယောက်အနေဖြင့် တစ်နေ့ကို အိပ်ချိန် ၇ နာရီမှ ၈ နာရီကြား ရှိသင့်ပါတယ်။

ကွီးတို့ အနေနဲ့ လိင်ကိစ္စမှာ စိတ်ဝင်စားမှုနည်းလာပြီး စိတ်မပါဖြစ်နေပြီဆိုရင် အပေါ်မှာဖော်ပြခဲ့တဲ့ အချက်များအပြင် ကျန်းမာရေးဆိုင်ရာ ပြဿနာအချို့လည်း ဖြစ်နိုင်တာကြောင့် မပေါ့ဆပဲ သတိထားဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အချိန်မီဆရာဝန်နဲ့ ပြသဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : Healthline

Featured Photo : My Psychiatrist