မိနစ်ပိုင်း အတွင်း ပျော်လိုက် ၊ ဝမ်းနည်းလိုက် ၊ ဒေါသထွက်လိုက် စတဲ့ စိတ်ခံစားချက်တွေ အမျိုးမျိုးပြောင်းနေတဲ့ အခြေအနေမျိုး ကွီးတို့ အားလုံး ကြုံဖူးကြမယ် ထင်ပါတယ်။ ဒါကို Mood Swings ဖြစ်တယ်လို့ ခေါ်ပါတယ်။ စာရေးသူတို့ရဲ့ စိတ်ခံစားချက်တွေဟာ အချိန်နဲ့အမျှ တိမ်တွေလို ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲတက်တဲ့ သဘောသဘာဝရှိပေမယ့် ပုံမှန်မဟုတ်တဲ့ စိတ်အတက်အကျ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန်ဖြစ်နေပြီ ဆိုရင်တော့ နောက်ကွယ်မှာ ဆက်စပ်နေတဲ့ အကြောင်းအရင်း တစ်စုံတစ်ရာ ရှိနေလို့ပါ။ ဒီတစ်ခေါက်မှာတော့ ဘာကြောင့် Mood Swings ဖြစ်ပေါ်ရတာလဲဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြပေးချင်ပါတယ်။

(၁) အလွန်အကျွံ စိတ်ဖိစီးနေလို့

Stress

Photo : MedicalNewsToday

စိတ်ဖိစီးမှု များနေချိန်မှာ စိတ်ခံစားချက်တွေကို ထိန်းညှိဖို့ ခက်ပါတယ်။ နေ့စဉ်ဘဝထဲမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုတွေ ၊ စိတ်ပိုင်းဆိုင်ရာ ဖိအားဒဏ်တွေကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့အခါ ကွီးတို့ ရဲ့ စိတ်မှာ ရှုပ်ထွေးမှုတွေ အများကြီး ဖြစ်ပေါ်သွားနိုင်ပြီး ရလဒ် အနေနဲ့တော့ ဒေါသတွေ အလိုလိုထွက်နေတာ ၊ ဘာကိုမှစိတ်မကြည်တာ ၊ ရယ်လိုက်ငိုချင်စိတ်ဖြစ်လိုက် စသည်ဖြင့် စိတ်အတက်အကျ တွေ အရမ်းကို မြန်မြန်ဆန်ဆန်နဲ့ မျိုးစုံပြောင်းလဲ နေတက်ပါတယ်။

(၂) ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုအသစ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ

Emotional Breakdown

Photo : Health

ပတ်ဝန်းကျင် နေရာအသစ်ကို ပြောင်းရွေ့နေထိုင်ရသူတွေ ဒါမှမဟုတ် အလုပ်ခွင်အသစ်ကို ပြောင်းရွေ့လုပ်ကိုင်ရသူတွေမှာ စိတ်အတက်အကျ မြန်ဆန်တဲ့ ပြဿနာ ကြုံရနိုင်ခြေ ရှိပါတယ်။ ကွီးတို့ ဘဝထဲမှာ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လာစေနိုင်ပြီး ပတ်ဝန်းကျင်အသစ် ၊ နေရာအသစ်နဲ့ လိုက်လျောညီထွေမဖြစ်ခင်အထိ စိတ်ခံစားချက်တွေ အပြောင်းအလဲဖြစ်တာ ၊ စိတ်ခံစားမှု အတက်အကျမြန်မြန်ဆန်ဆန် ပြောင်းလဲနေတာတွေ ကြုံတွေ့ရနိုင်တာ ဖြစ်ပါတယ်။

(၃) စိတ်ခံစားချက်တွေကို လျစ်လျူရှုထားလို့

Emotional Breakdown

Photo : Verywell Mind

စာရေးသူတို့ရဲ့ စိတ်အခြေအနေကို ကိုယ်တိုင်ဆန်းစစ် လေ့လာနေဖို့ အရေးကြီးပါတယ်။ စိတ်မှာ ဘာတွေခံစားနေရလဲ ၊ ဘာတွေဖြစ်နေလဲဆိုတာကို သိကိုသိရပါမယ်။ အကယ်၍ ကွီးတို့ရဲ့ စိတ်ခံစားချက်တွေကို သတိမပြုပဲ နေတာ ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လျစ်လျူရှုထားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ ပိုမိုများပြားလာပြီး ကွီးတို့ ကိုယ်တိုင်တောင် သတိမထားမိပါပဲ စိတ်အတက်အကျ အပြောင်းအလဲတွေကို ကြုံတွေ့ရနိုင်ပါတယ်။

(၄) အိပ်ရေးပျက်လို့

Poor Sleep

Photo : Earth.com

အိပ်စက်ခြင်းဟာ စိတ်ခံစားမှုအပေါ် သက်ရောက်မှု ရှိပါတယ်။ အိပ်ရေးမဝရင် စိတ်ကြည်မှာ မဟုတ်သလို စိတ်ရွှင်လန်းမှာလည်း မဟုတ်ပါဘူး။ နေ့စဉ်ရက်ဆက် ရက်ပေါင်းများစွာ အိပ်ရေးပျက်တဲ့ အခြေအနေ ၊ ကောင်းကောင်းအိပ်စက်ခြင်း မရတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေဟာ ထိလွယ်ရှလွယ် ဖြစ်နေတက်ပြီး စိတ်တိုခြင်း ၊ စိတ်ဓာတ်ကျခြင်းနဲ့ ဒေါသထွက်ခြင်း စတဲ့ ခံစားချက်တွေ ကြုံတွေ့ ခံစားရနိုင်ခြေ များပါတယ်။

Source : My Fit Brain

Featured Photo : Northpoint Recovery