ညအိပ်ရင် ဟောက်တတ်တဲ့ ကွီးတို့ရှိပါသလား။ ဟောက်ခြင်းဆိုတာ အိပ်နေချိန် ရှူသွင်းတဲ့လေတွေက လည်ချောင်းတစ်ရှူးကို ဖြတ်တဲ့အချိန်မှာ ပျော့ပြောင်းသော တစ်ရှူးများတုန်ခါရာမှ ဖြစ်ပေါ်လာတဲ့ ကြမ်းတမ်းတဲ့ အသံတစ်ခု ဖြစ်ပါတယ်။ လူတိုင်းနီးပါး တစ်ခါတစ်ရံမှာ ဟောက်တတ်ပါတယ်။ သို့သော်လည်း အချို့သော လူတွေမှာ အမြဲတမ်းလိုလိုဟောက်ပြီး ကျယ်လောင်တဲ့ အသံဖြစ်တတ်ပါတယ်။ ကာယံကံရှင် ကိုယ်တိုင်တော့ မသိပေမယ့် ဘေးနားမှာ အိပ်တဲ့သူအတွက်တော့ အချို့သော အခြေအနေတွေမှာ ကြီးမားတဲ့ အနှောင့်အယှက်ပါပဲ။ ဒီလိုဟောက်တာက တစ်ခါတစ်ရံမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ကွီးတို့ ဟောက်သံကြောင့် စကီလေး ငြိုငြင်တာမျိုး မဖြစ်ရလေအောင် ဒီဆောင်းပါးလေးမှာ အိပ်ပျော်နေချိန် ဟောက်တာကို သက်သာဖို့အတွက် ပြုမူနေထိုင်ရမဲ့ လူနေမှုပုံစံနည်းလေးတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
ကိုယ်အလေးချိန်လျှော့ချပါ
Photo : Pharmacy Planet
ခန္ဓာကိုယ်မှာ လိုအပ်တာထက် ပိုပြီး ကိုယ်အလေးချိန်ရှိနေတယ်၊ အဝလွန်နေတယ်ဆိုရင် ကိုယ်အလေးချိန်လျှော့ချဖို့ လိုပါတယ်။ အဝလွန်သူတွေက ဟောက်ခြင်းကို အထောက်အကူဖြစ်စေတဲ့ လည်ချောင်းမှာ အပိုတစ်ရှူးများ ရှိနေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေးချိန်ရှိခြင်းက ဟောက်ခြင်းကို သက်သာစေတဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အနည်းဆုံး နာရီဝက်ခန့် လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
ဆေးလိပ်ဖြတ်ပါ
Photo : InstantScripts
ကွီးတို့က ညဘက်မှာ ဟောက်တတ်သူလည်း ဖြစ်တယ်၊ ဆေးလိပ်လည်း သောက်တတ်တယ်ဆိုရင် ဆေးလိပ်သောက်ခြင်းက ဟောက်ခြင်းကို ဖြစ်စေတဲ အကြောင်းပြချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းက အသက်ရှုလမ်းကြောင်းနဲ့ အဆုတ်တို့အပါအဝင် များစွာသော ကျန်းမာရေး ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းက အခြားသော ကျန်းမာရေးကို အထောက်အကူပြုစေတဲ့အပြင် ဟောက်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။
လုံလောက်အောင် အိပ်ပါ
Photo : SoundOff Sleep Earbuds
အရွယ်ရောက်ပြီးသူတိုင်း တစ်ညလျှင် အနည်းဆုံး ခုနစ်နာရီ အိပ်စက်သင့်ပါတယ်။ အိပ်ရေးဝခြင်းက ကြွက်သားများ ကောင်းမွန်စွာ အလုပ်လုပ်သဖြင့် ဟောက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် အလုံးစုံသော ကျန်းမာရေးအတွက်လည်း ကောင်းမွန်စွာ အိပ်စက်အနားယူမှုက အရေးကြီးပါတယ်။
အိပ်စက်တဲ့ ပုံစံကို ပြောင်းလဲပါ
Photo : Johns Hopkins Medicine
ပက်လက်လှဲအိပ်ခြင်းက လျှာကို လည်ချောင်းအတွင်းသို့ နောက်ပြန်ကျ သွားစေပြီး အသက်ရှူလမ်းကြောင်းကို ကျဉ်းစေကာ လေ၀င်လေထွက်ကို တစ်စိတ်တစ်ပိုင်း ပိတ်ဆို့စေပါတယ်။ ဒါ့ကြောင့် ဘေးစောင်းပုံစံ အိပ်စက်ကြည့်ပါ။ အချို့သော သူများအတွက် ဒီနည်းက အလုပ်ဖြစ်တာ တွေ့ရပါတယ်။ နောက်တစ်နည်းကတော့ ခေါင်းအုံး (၄) လက်မခန့် မြှင့်ပြီး အိပ်ခြင်းကလည်း ဟောက်ခြင်းကို သက်သာစေနိုင်တယ်လို့ ဆိုထားပါတယ်။
အကူကိရိယာ အသုံးပြုပါ
Photo : GoSupps
ကွီးတို့အနေနဲ့ ပြင်ပ အကူကိရိယာတွေ ဖြစ်တဲ့ Nasal Strips ဒါမှမဟုတ် External Nasal Dilator စတာတွေကို အသုံးပြုပြီးလည်း ဟောက်ခြင်းကို လျှော့ချနိုင်ပါတယ်။ နှာခေါင်း၏ ပြင်ပတွင်တပ်ဆင်ခြင်းဖြင့် နှာခေါင်းလမ်းကြောင်းဧရိယာကို တိုးစေပြီး အသက်ရှူမှုကို အားကောင်းစေပါတယ်။ လေဝင်လေထွက်ခုခံမှုကို လျှော့ချပေးတဲ့အတွက် ဟောက်ခြင်းကို သက်သာစေပါတယ်။
ကွီးတို့ ဟောက်သံကြောင့် စကီလေး မငြိုငြင်ရအောင် ဒီနည်းလမ်းတွေက ကူညီပေးပါလိမ့်မယ်။ အကယ်၍ ဒီနည်းလမ်းလေးတွေ ကျင့်သုံးပါလျက် ဟောက်ခြင်းကို မလျှော့ချနိုင်ဘူးဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ကြည့်ပါ။ ကျန်းမာရေးပြဿနာတစ်ခုခု ဖြစ်နိုင်တာကြောင့် ဖြစ်ပါတယ်။
Source : Mayo Clinic
Featured Photo : The Mirror