နေလောင်ကာခရင်မ်များသည် အမျိုးသမီးများသာ လိမ်းကျံရတယ်။ ဒါမှမဟုတ် ကွီးတို့တွေ ကမ်းခြေမှာ သွားရောက်အပန်းဖြေတဲ့အချိန်မှာပဲ လိမ်းကျံရမယ်လို့ ထင်မြင်ယူဆတတ်ကြပါတယ်။ တကယ်တော့ ထိုအယူအဆသည် မှားယွင်းနေတာဖြစ်ပါတယ်။ ကမ်းခြေပဲသွားသွား ဘယ်နေရာပဲသွားသွား၊ အမျိုးသမီးတွေတင်ပဲမဟုတ် ကွီး တို့သည်လည်း နေလောင်ကာခရင်မ် ကို မဖြစ်မနေ လိမ်းကျံသင့်ပါတယ်။
နေပူပြင်းတဲ့နွေရာသီးတစ်ခုတည်းတင်မဟုတ်ပါဘူး။ မိုးအုံတဲ့အချိန်တွေမှာလည်း အပြင်ထွက်တော့မယ်ဆိုတာနဲ့ ကွီး တို့သည် နေလောင်ကာခရင်မ်ကို မိနစ် ၃၀ ခန့် ကြိုတင်ကာ လိမ်းကျံထားသင့်ပါတယ်။
ဘာ့ကြောင့် နေလောင်ကာခရင်မ်ကို လိမ်းကျံသင့်သလဲဆိုတော့
UVA အလင်းတန်းတွေ အန္တရာယ်မှ ကာကွယ်ဖို့ရန်အတွက်

Photo: Allaboutvision
UVA အလင်းတန်းများသည် UVB အလင်းတန်းများထက် အသားထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်မှု ပိုများပါတယ်။ ထိုအလင်းတန်းများသည် အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပြီး အရေးအကြောင်း ပေါ်ခြင်း၊ ပါးရေတွန့်ခြင်း စသည့် အသားအရေ ပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။
ကမ္ဘာ့အိုဇုန်းလွှာက တဖြည်းဖြည်းပါးလျလာသည်နှင့်အမျှ ကွီး တို့ရဲ့ အသားအရေသည် နေလောင်ဒဏ်ကို အလူးအလဲခံရတဲ့အတွက်ကြောင့် နေလောင်ကာခရင်မ်ကို မဖြစ်မနေလိမ်းကျံပေးဖို့ အကြောင်းဖန်လာပါတော့တယ်။ နေပူထဲထွက်တဲ့အခါ ဦးထုပ်ဆောင်းထားရုံ၊ ထီးဆောင်းထားရုံနဲ့ မလုံလောက်ပါဘူး။ ကွီး တို့အနေနဲ့ နေလောင်ကာခရင်မ် ကို မဖြစ်မနေ လိမ်းကျံပေးရမှာပဲဖြစ်ပါတယ်။
အရေပြားကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ချဖို့ရန်အတွက်

Photo: Rmhp.org
အမျိုးသားများသည် အမျိုးသမီးများထက် အရေပြားကင်ဆာ ခံစားရနိုင်ချေ ပိုမိုမြင့်မားတယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။ အရေပြားကင်ဆာသည် ရောဂါကျွမ်းသွားတဲ့အဆင့် ရောက်သွားတဲ့အခါ အသက်သေစေနိုင်တဲ့အထိ ဖြစ်သွားပါလိမ့်မယ်။
ကွီး တို့အနေနဲ့ နေလောင်ကာခရင်မ် ကို အပြင်ထွက်ခါနီးတိုင်း နေ့စဉ်မှန်မှန်လိမ်းကျံပေးမယ်ဆိုရင် အရေပြားကင်ဆာခံစားရနိုင်ချေကို ၅၀ ရာခိုင်နှုန်းခန့် လျော့ချပြီးသွားဖြစ်သွားပါတယ်။
အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ဖို့ရန်အတွက်

ကျွန်တော်တို့ရဲ့အသားအရေ တဖြည်းဖြည်းပါးရေတွေ တွန့်လာခြင်းရဲ့ အကြောင်းအရင်း ၆၀ မှ ၉၀ ရာခိုင်နှုန်းခန့်သည် နေလောင်ဒဏ်ကြောင့်ပဲဖြစ်ပါတယ်။ နေလောင်ဒဏ်ကြောင့် အသားအရေ ကောလဂျင်များနှင့် တင်းရင်းမှုများ ထိခိုက်ပျက်စီးလာပြီး အသားအရေ လျော့တိလျော့ရဲနှင့် ပါးရေတွေ တွန့်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် အရွယ်မတိုင်မှီ အိုမင်းရင့်ရော်မှုကို တားဆီးချင်တယ်ဆိုရင် နေလောင်ကာခရင်မ် ရွေးချယ်တဲ့အခါ SPF 30 နှင့်အထက် ပါဝင်တဲ့ Sunscreen များကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။
အမဲစက်များကို ဖယ်ရှားဖို့ရန်အတွက်
UV အလင်းတန်းများသည် ဘက်တီးရီးယားများကို လူသားတွေရဲ့ အရေပြားပေါ်မှာ ပိတ်မိပြီး ပွားများလာအောင် အားပေးနေတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဘက်တီးရီးယားများသည် ခန္ဓာကိုယ်အဆီထဲတွင် ပိတ်မိနေတာဖြစ်ပြီး UV အလင်းတန်းကြောင့် ဘက်တီးရီးယားများ ပွားများလာတဲ့အခါ ဝက်ခြံပေါက်ခြင်း၊ အမဲစက်များဖြစ်ပေါ်ခြင်း အစရှိသည်တို့ ခံစားရတတ်ပါတယ်။
Sunscreen က ထိုအသားအရေပြဿနာကို ကုသပေးနိုင်ပါတယ်။ Sunscreen သည် ဘက်တီးရီးယားများ အသားထဲသို့ ထိုးဖောက်မဝင်ရောက်သွားအောင် ကူညီပေးမှာဖြစ်ပါတယ်။
အသားအရောင် ညီညာစေဖို့ရန်အတွက်
Photo: Sleepnumber
အင်္ကျီလက်ပြတ်တစ်ထည်လောက်ဝတ်ပြီး နေပူထဲတစ်ရက်လောက် ထွက်ကြည့်လိုက်ပါ။ နေလောင်ဒဏ် တိုက်ရိုက်ခံထားရတဲ့ အသားအရေသည် အဝတ်စခံနေတဲ့အသားအရေထက် ညိုမဲသွားတာကို တွေ့မြင်ရပါလိမ့်မယ်။ ယခုလို ပူလောင်အိုက်စက်တဲ့ နွေရာသီဆိုရင် နေလောင်ဒဏ်ကို ပိုခံရမှာပါ။ ဒါ့ကြောင့် အပြင်ထွက်တော့မယ်ဆိုရင် အင်္ကျီလက်ရှည် အပါးတစ်ထည် ဝတ်ပါ။ အင်္ကျီမဖုံးထားပေးနိုင်တဲ့ မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်ကိုတော့ နေလောင်ကာခရင်မ်လိမ်းကျံပေးဖို့လိုအပ်ပါတယ်။
ကွီး တို့ရဲ့အသားအရေကို ကွီးတို့ကိုယ်တိုင် ဂရုစိုက်ရမှာဖြစ်တဲ့အတွက်ကြောင့် နေလောင်ကာခရင်မ် ကို လိမ်းကျံပေးဖို့ မမေ့လျော့ပါနဲ့။
Source: Clothes-make-the-man.com
Featured Image: Hindustantimes


