ကွီးတို့သည် ကိုယ့်ရဲ့ အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာဖို့ အကောင်အထည်ဖော်နေတုန်းမှာပဲ စိတ်အာရုံတွေ ပျံ့လွှင့်ကာ လမ်းပျောက် နေသလို ခံစားရပါသလား။ ဒီလိုခံစားနေရတာက ကွီးတို့တစ်ယောက်တည်းမဟုတ်လို့ အရမ်းလည်း စိတ်ဓာတ်ကျမသွားပါနဲ့။ ကွီး တို့လိုပဲ ဘဝမှာ ခဏ ခဏ လမ်းပျောက် နေတဲ့လူတွေ တစ်ပုံကြီးပါပဲ။ အရေးကြီးကတော့ ဒီလိုမျိုး ကွီး တို့ရဲ့ စိတ်တွေ လေလွင့်ကာ လမ်းပျောက် နေပြီဆိုရင် ချက်ချင်း လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် တည့်မတ်ပေးရမှာ ဖြစ်ပါတယ်။

ဘယ်လိုနည်းလမ်းများဖြင့် လမ်းကြောင်းပြန်တည့်မတ်ပေးနိုင်မလဲဆိုတော့ …

အကြောင်းပြချက်တွေ ချရေးထားပါ

writing notes

အရင်ဦးဆုံး ကိုယ်က ဘာကို လိုချင်သလဲဆိုတာ ချရေးထားပါ။ ထို့နောက် ကိုယ် သွားချင်တဲ့ ရည်မှန်းချက် ပန်းတိုင်၊ အိပ်မက်ဆီသို့ ဘယ်နှပုံ တစ်ပုံလောက် ရောက်ပြီးပြီလဲဆိုတာ ကိုယ့်ဘာသာ ပြန်လည်သုံးသပ်ရပါမယ်။ ထို့နောက် ဘာ့ကြောင့် လမ်းပျောက်သလို ခံစားနေရသလဲဆိုတဲ့ အကြောင်းပြချက်များကို ချရေးရပါမယ်။

ကျွန်တော်တို့တွေသည် လမ်းပျောက်ရတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ပထမတစ်ချက်ကတော့ ကြိုးစားရတာ ခြေကုန်လက်ပမ်းကျလာပြီး ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ မရောက်နိုင်တော့ဘူးဆိုပြီး စိတ်ဓာတ်ကျသွားရခြင်း ဖြစ်ပါတယ်။ ဒုတိယ အကြောင်းအရင်းကတော့ အကျင့်ဆိုးတွေ ပြန်ပေါ်လာလို့ပဲဖြစ်ပါတယ်။ အချိန်ဆွဲတတ်တဲ့ အကျင့်ဆိုး၊ ပျင်းရိတတ်တဲ့ အကျင့်ဆိုးများ ပြန်လည်ပေါ်ပေါက်လာပြီး ငါ ဒါလေးလုပ်ရင် ခဏလေးနဲ့ ပြီးမှာပါ နောက်မှပဲ လုပ်တော့မယ်ဆိုပြီး အချိန်ဆွဲတတ်ခြင်းပဲဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ကြိုးစားမှုက လျော့ကျလာပြီး ကွီးတို့လည်း ပန်းတိုင်နဲ့ ဝေးသထက် ဝေးသွားမှာပဲဖြစ်ပါတယ်။

တတိယတစ်ချက်ကတော့ နည်းစနစ်မကျ ဖြစ်နေလို့ပါ။ ကိုယ်ကတော့ အသည်းအသန်ကြိုးစားပါရဲ့။ ဒါပေမဲ့ ခုတ်ရာတစ်ခြား၊ ရှရာတစ်ခြားဖြစ်နေတာကိုတော့ သတိမမြင်ဖြစ်သွားတာမျိုးကို ဆိုလိုချင်တာပါ။ ကိုယ် ဖြစ်ချင်တာက သိပ္ပံပညာရှင်ကြီးတစ်ယောက်၊ တက်နေတာက သရုပ်ဆောင်သင်တန်းဆိုရင်တော့ ဘယ်လိုမှ ကွီးတို့အိပ်မက်က အကောင်အထည်ပေါ်လာမှာမဟုတ်ပါဘူး။ သိပ္ပံပညာရှင်ကြီးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် သိပ္ပံပညာရှင်တို့ လေ့လာဆည်းပူးတဲ့ ပညာရပ်များကို လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။

ဘဝက တိုတောင်းတယ်ဆိုတာ သတိရလိုက်ပါ

man thinking

လူ့ဘဝကြီးဆိုတာ ရခဲလှပါတယ်။ ရခဲလှတဲ့ လူ့ဘဝကြီးသည်လည်း တိုတောင်းလှပါတယ်။ လူ့ဘဝကြီးမှာ ပျော်ပျော်ပါးပါး ရှင်သန်နေထိုင်ဖို့ဆိုရင် ဘဝမှာ ကြုံတွေ့ရတဲ့ ဝမ်းနည်းစရာများ၊ စိတ်ဖိစီးစရာများကို ခေါင်းထဲက ရှင်းထုတ်ဖို့ လိုအပ်ပါတယ်။ စိတ်ထဲမှာ တစ်သက်လုံး သိမ်းထားမယ်ဆိုရင်တော့ ကွီးတို့ပဲ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်နေမှာပါ။ ဒါ့ကြောင့် စိတ်ဖိစီးစရာများ၊ ဝမ်းနည်းစရာများ ကြုံတွေ့ရတဲ့အခါ ဘာ့ကြောင့် ကြုံတွေ့ရသလဲဆိုတာကို သေချာစဥ်းစားပါ။ ထို့နောက် ကြုံတွေ့ရတဲ့ ပြဿနာများကို အမြန်ဆုံးနည်းနဲ့ ဖြေရှင်းရမှာပဲဖြစ်ပါတယ်။

တကယ်လို့ ထိုပြဿနာကို ကွီးတို့ တစ်ယောက်တည်းအားနဲ့ မဖြေရှင်းနိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။

ထိုအချိန်မျိုးမှာ ကိုယ့်ထက် စီနီယာကျတဲ့သူတွေထဲကနေ အကြံဥာဏ်များ တောင်းခံသင့်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ အခင်မင်ဆုံး မိတ်ဆွေ သူငယ်ချင်းများ၊ တစ်ခုခုဆို ကိုယ့်ဘက်မှာ အမြဲတမ်း ရပ်တည်ပေးတဲ့ ကိုယ့်ရဲ့ မိသားစုဝင်များထံ ရင်ဖွင့်ကာ အကူအညီများ၊ အကြံဥာဏ်များလည်း ရယူနိုင်ပါတယ်။

မကောင်းမြင်စိတ်များကို ဖယ်ရှားပြီး အကောင်းမြင်စိတ်များနှင့် လွှမ်းခြုံထားပါ

ကွီး လမ်းပျောက်

မကောင်းမြင်စိတ်ရှိတဲ့သူတွေသည် လုပ်ဆောင်လိုက်တဲ့ ကိစ္စတိုင်းသည် ဘယ်တော့မှ အဆင်ပြေမှာမဟုတ်ပါဘူး။ မကောင်းမြင်စိတ်များနှင့် ပြည့်နှက်နေသူတွေသည် သူများကို ရန်ရှာတဲ့နေရာမှာ၊ သူတစ်ပါးကို အပြစ်မြင်တတ်တဲ့နေရာမှာ စပယ်ရှယ်လစ်တွေပါပဲ။ ထိုကဲ့သို့သော လူတွေသည် တစ်ဖက်သားက ဘယ်လောက်ပဲ အကောင်းလုပ်ပေးနေပါစေ၊ သူတို့ရဲ့ စိတ်ထဲမှာ ဒေါသများ၊ မကောင်းမြင်စိတ်များနှင့်သာ ဖုံးလွှမ်းနေတာဖြစ်ပါတယ်။ သူတို့ စိတ်ကောင်းဝင်နေလည်း ခဏပါပဲ။ နောက်ပိုင်းမှာတော့ ခွေးမြီးကောက် ကြည်တောက်စွပ်သလို ဒုံရင်းက ဒုံရင်းပဲ ဖြစ်သွားမှာပါ။ ကွီးတို့အနေနဲ့ ထိုကဲ့သို့ မကောင်းမြင်စိတ်များကို အမြစ်ကနေ ရှင်းထုတ်ပစ်ဖို့ လိုအပ်ပါတယ်။

မကောင်းမြင်စိတ်များ ပျောက်ကွယ်သွားတဲ့အခါ လောကကြီးက ပိုမိုလှပလာမှာဖြစ်ပြီး ကံကောင်းခြင်းများလည်း ကွီးတို့ဆီသို့ ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။ အကောင်းမြင်စိတ်များ ပြည့်နှက်နေတဲ့အခါ ကိုယ် စိတ်နှလုံးလည်း အေးချမ်းသွားပြီး မကောင်းမြင်စိတ်များနှင့် ပြည့်နှက်နေသူများကဲ့သို့ ပူလောင်နေရမှာမဟုတ်တော့ပါဘူး။ အရာရာတိုင်းကို ခေါင်းအေးအေးထားပြီး လုပ်ဆောင်နိုင်လာမှာဖြစ်ပြီး ကြံစည်သမျှတွေသည်လည်း ပြည့်ဝအောင်မြင်လာမှာဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ

ကွီး လမ်းပျောက်

တစ်စုံတစ်ရာ စိတ်ညစ်ညူးလာခြင်းသည် မကြာခင်မှာ လမ်းပျောက်တော့မှာဖြစ်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ စိတ်ညစ်ညူးနေတဲ့အခါ ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု ပြုလုပ်ပေးလိုက်ပါ။ ညစ်နေတဲ့စိတ်တွေသည် အဝေးသို့ လွှင့်စင်သွားမှာပဲဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုရှိခြင်းသည် ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့သူတွေထက် စိတ်ကျရောဂါ ခံစားရနိုင်ချေ ရာနခိုင်နှုန်း ပိုနည်းပါတယ်။

သင် ဘယ်ဆီ သွားချင်သလဲဆိုတာ သတိရပါ

ကွီး လမ်းပျောက်

ကွီးတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်က ဘာလဲ။ ဘယ်နှနှစ်၊ ဘယ်နှလမှာ ထိုရည်မှန်းချက်နှင့် အိပ်မက်တွေကို ပြည့်မြောက်ဖို့ ဆုံးဖြတ်ထားပါသလဲ။ ကွီးတို့ လုပ်ချင်တဲ့အရာတွေ၊ ဖြစ်ချင်တဲ့အရာတွေကို အချိန်တစ်ခု သတ်မှတ်ထားပြီး ကြိုးစားကြည့်လိုက်ပါ။ ကွီး တို့ရဲ့ စိတ်အာရုံများ လွှင့်ပါးပြီး လမ်းပျောက် ကာ လေလွင့်နေသလို ခံစားရတဲ့အခါ ထိုအချိန် သတ်မှတ်ချက်များကို ပြန်မြင်ယောင် ကြည့်လိုက်ပါ။ ကိုယ့်ကိုယ်ကို သတိပေးပြီးသား ဖြစ်သွားပါလိမ့်မယ်။

Source: Success4

Featured Image: Freepik