ကျွန်တော်တို့ဘဝမှာ အခက်အခဲ အတားဆီးတွေကို ရှောင်လွဲလို့မရတာ အမှန်ပါ။ လူတိုင်းလူတိုင်းဟာ အခက်အခဲဆုံး အခြေအနေတွေနဲ့ ကြုံလာတိုင်းမှာ Give Up လုပ်ဖို့ ကိုယ့်ကိုယ်ကို မသိစိတ်က တွန်းအားပေးတက်ကြပါတယ်။ လက်လျော့ချင်တဲ့စိတ်ကို အနိုင်ပေးလိုက်တာနဲ့ ကွီးတို့ဘဝထဲက ရည်မှန်းချက်ပန်းတိုင်တွေ အားလုံးဟာ သုညဆိုတဲ့ အခြေအနေကို ရောက်ရှိသွားမှာပါ။ ဒီတော့ လက်လျှော့ချင်စိတ်ကို အမြတ်ဖြတ် အနိုင်တိုက်ဖို့ လိုပါတယ်။ အခုပြောပြပေးမှာကတော့ ကွီးတို့ဘဝမှာ လက်လျှော့ချင်စိတ် တွေ ဖြစ်လာတိုင်း ကိုယ့်ကိုယ်ကို လမ်းမှန်ပေါ်ပြန်ဆွဲတင်နိုင်ဖို့ လိုက်နာရမယ့် အချက်တွေအကြောင်းပါ။

(၁) ကိုယ့်ကိုယ်ကို ယုံကြည်ပါ

Photo : SelfHack

ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်ဟာ ပန်းတိုင်တွေဆီ အရောက်သွားနိုင်ဖို့ ခွန်အားတစ်ခုပါပဲ။ ပန်းတိုင်တစ်ခုအစပျိုးချိန်မှာ ရှိထားခဲ့တဲ့ တက်ကြွမှုနဲ့ ထက်သန်မှုမျိုးကို ပြန်လည်ရနိုင်ဖို့ သော့ချက်က ကိုယ့်ကိုယ်ကို ယုံကြည်မှုမြှင့်ထားတာပါပဲ။ ဒါကြောင့် ကွီးတို့လုပ်နိုင်တယ် ၊ ကျော်ဖြတ်နိုင်တယ်ဆိုတဲ့ စိတ်ကို အပြည့်အဝသွင်းထားပါ။ ယုံကြည်မှုနဲ့ ပန်းတိုင်ဟာ အမြဲဆက်နွယ်နေတယ်ဆိုတာကို သတိပြုမိဖို့ လိုပါတယ်။

(၂) အခိုက်အတန့်လို့ မှတ်ယူထားပါ

လက်လျှော့ချင်စိတ်
Photo : Pexels

အခက်အခဲ အတားအဆီးတွေဟာ အမြဲတမ်း တသတ်မှတ်တည်း ဖြစ်မနေပါဘူး။ ကွီးတို့ရဲ့ ခံနိုင်ရည်နဲ့ စိတ်အားထက်သန်မှုကို စမ်းသပ်နေတဲ့ စိန်ခေါ်မှုတွေသာ ဖြစ်ပါတယ်။ အခက်အခဲတွေ ကြုံရတိုင်း လက်လျှော့ချင်စိတ် ဖြစ်နေရင် အောင်မြင်မှု ဆိုတာလည်း ရှိမလာနိုင်ပါဘူး။ အချိန်တစ်ခုကို တောင့်ခံကျော်ဖြတ်လိုက်တာနဲ့ ပန်းတိုင်ဆီ သွားရာလမ်းကြောင်းပေါ်မှာ ကောင်းကောင်းကြီး ဆက်လက်လျှောက်လှမ်းသွားနိုင်မှာ ဖြစ်ပါတယ်။

(၃) ဝမ်းစာ ဖြည့်တင်းပါ

လက်လျှော့ချင်စိတ်

Photo : Indeed

အောင်မြင်မှုဆိုတာ တကယ်တော့ ကြမ်းတမ်းတဲ့ ခရီးရှည်ကြီးကို ဖြတ်ကျော်ရတာပါ။ ခရီးလမ်းတစ်လျှောက်မှာ ကြုံတွေ့ရတဲ့ အခက်အခဲအတားအဆီးတွေကို အကောင်းဆုံးကျော်ဖြတ်သွားနိုင်ဖို့ ကွီးတို့မှာ ဝမ်းစာကောင်းကောင်း ပြည့်ဝနေမှရမှာပါ။ ကိုယ့်ကိုယ်ကို တိုးတက်စေမယ့် လိုအပ်သမျှဝမ်းစာတွေကို ဖြည့်တင်းရင်း လျှောက်လှမ်းတာဟာ ပန်းတိုင်ဆီ ချီတက်ရာခရီးလမ်းကို ပိုပြီးတွင်စေပါတယ်။

(၄) ပန်းတိုင်ကိုပဲ အာရုံစိုက်မနေပါနဲ့

လက်လျှော့ချင်စိတ်

Photo : The Aspiring Gentleman

ပန်းတိုင်ကို အာရုံစိုက်တာ ကောင်းပါတယ်။ ဒါပေမယ့် ပန်းတိုင်တစ်ခုတည်းကိုပဲ အစဉ်တစိုက်အာရုံစိုက်နေပြီး လက်ရှိလုပ်နေတဲ့ အရာတွေအပေါ် လစ်ဟင်းတာမျိုးတော့ မဖြစ်ပါစေနဲ့။ အဓိက ကွီးတို့ ဘာလုပ်ခဲ့ပြီးပြီလဲ ၊ နောက်ထပ်လုပ်ရမယ့်အရာကဘာလဲ ဆိုတာကိုပါ အာရုံစိုက်ထားဖို့ လိုပါတယ်။ ကွီးတို့ ရရှိခဲ့တဲ့ အသေးစားအောင်မြင်မှုလေးတွေကို အသိအမှတ်ပြုခြင်းဟာလည်း ပန်းတိုင်ကိုဆက်လျှောက်ဖို့ ခွန်အားများစွာ ရစေပါတယ်။ ဒါကြောင့် ပန်းတိုင်ကိုပဲ အာရုံစိုက်နေတာမျိုးမဖြစ်စေပဲ လက်ရှိအခြေအနေမှာ လုပ်နေတဲ့အရာတွေကို အကောင်းဆုံး အာရုံစိုက်လုပ်ဆောင်သွားဖို့ အကြံပေးချင်ပါတယ်။

(၅) ခဏတဖြုတ် အနားပေးပါ

လက်လျှော့ချင်စိတ်

Photo : NZ Herald

တစ်ခါတစ်လေမှာ ကျွန်တော်တို့အတွက် အားသစ်ပြန်မွေးဖို့ အနားယူချိန်ဆိုတာ လိုအပ်ပါတယ်။ ခွန်အားအသစ် ၊ တက်ကြွမှုအပြည့်နဲ့ ပန်းတိုင်တွေဆီ ဆက်လက်ခရီးဆက်နိုင်ဖို့ လမ်းခရီးတစ်လျှောက်မှာ တထောက်တခဏ နားပေးရမှာပါ။ ကွီးတို့ကို စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွပြီး အားအင်သစ်တွေ ပြန်လည်ရရှိစေဖို့ ကိုယ့်ကိုယ်ကို အချိန်ပေးဂရုစိုက်တာ ၊ ခရီးတစ်ခု ထွက်လိုက်တာမျိုး စသည်ဖြင့် လုပ်ပေးပါ။ အနားယူချိန်အတွင်းမှာ အားလုံးကို ခဏမေ့ထားပြီး ပြည့်ပြည့်ဝဝ အနားယူဖို့လိုပါတယ်။ ဒါမှလည်း တက်တက်ကြွကြွနဲ့ အကောင်းဆုံး ရည်မှန်းချက်ပန်းတိုင်တွေဆီ ဆက်လျှောက်လှမ်းနိုင်မှာပါ။

 

Featured Photo : Forbes