ဘဝမှာ ခက်ခဲ ကြမ်းတမ်း တဲ့အချိန်တွေက တစ်ကွေ့မဟုတ်တစ်ကွေ့တော့ ကြုံတွေ့ရမှာဖြစ်ပြီး ထိုအခြေအနေမှာ အကောင်းမြင်စိတ် က အဓိကသော့ချက်တစ်ခုပါပဲ။

ခက်ခဲ ကြမ်းတမ်း ပြီး ပင်ပန်းတဲ့အခြေအနေမျိုးမှာ အကောင်းမြင်စိတ် ရှိမှသာလျှင် ထိုအခြေအနေမှာ ကြံ့ကြံ့ခံနိုင်မှာဖြစ်ပါတယ်။

လူတိုင်းက ဘဝကို ရှုမြင်ပုံချင်းမတူညီကြပါဘူး။ ဒါသည်လည်း သူတို့ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင် အခြေအနေမတူညီကြလို့ပဲဖြစ်ပါတယ်။ ချမ်းသာပြီး ရွှေဇွန်းကိုက်ကာ မွေးဖွားလာခဲ့ရတဲ့သူနဲ့ ကိုယ့်ဒူး ကိုယ်ချွန်ကာ ကြီးပြင်းခဲ့ရတဲ့သူချင်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံသည်လည်း ကွာခြားမှာဖြစ်ပါတယ်။ သို့သော် တူညီတဲ့အချက်ကတော့ အောင်မြင်မှုဆီသို့ လျှောက်လှမ်းရချိန်မှာ ခက်ခဲ ကြမ်းတမ်း ခြင်းတွေကိုတော့ တစ်နည်းမဟုတ် တစ်နည်း ကြုံတွေ့ရမှာဖြစ်ပြီး ထိုအခြေအနေမျိးမှာ အကောင်းမြင်စိတ် ဘယ်လို မွေးရမလဲ။

ဘာ့ကြောင့် ငါချည်းပဲ ဖြစ်နေရတာလဲ

ခက်ခဲ ကြမ်းတမ်း အကောင်းမြင်စိတ်

ဘာ့ကြောင့် ငါ့တစ်ယောက်တည်းကိုပဲ ကွက်ပြီး ဒီအခြေအနေဆိုးတွေ ကြုံတွေ့နေရသလဲ ဆိုတဲ့ စိတ်မျိုးကို ဖယ်ရှားပစ်ဖို့လိုအပ်ပါလိမ့်မယ်။ စောစောကပြောခဲ့သလိုပဲ လူတိုင်းသည် မတူညီတဲ့ ခက်ခဲ ကြမ်းတမ်း မှုတွေကို ကြုံတွေ့ရမှာဖြစ်ပြီး ဒီအခြေအနေမျိုးမှာ ထိုမေးခွန်းမျိုးကို တွေးနေမိမယ်ဆိုရင်တော့ သင့်ရဲ့ အကောင်းမြင်စိတ် များ တဖြည်းဖြည်းပျောက်ကွယ်သွားမှာဖြစ်ပြီး သင်ပဲ ပိုစိတ်ပင်ပန်းရမှာဖြစ်ပါတယ်။

ဒါဆိုရင် ထိုမေးခွန်းမျိုး မတွေးမိအောင် ဘယ်လိုကြိုးစားမလဲ။

အောင်မြင်တဲ့သူတစ်ယောက်ဆိုရင် ဒီအခြေအနေမျိုးမှာ ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ မေးခွန်းဖြင့် ပြောင်းလဲပစ်လိုက်ပါ

ခက်ခဲ ကြမ်းတမ်း အကောင်းမြင်စိတ်

အောင်မြင်တဲ့သူတွေသည် သူတို့ကြုံတွေ့ရတဲ့အခက်အခဲများကို သူတို့အောင်မြင်မှုအတွက် လှေကားထစ်တစ်ခုလို အသုံးချသွားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုအချိန်မှာ အခက်အခဲတစ်ခုလို့ သင် မြင်ကောင်းမြင်နေပါလိမ့်မယ်။ ဒါပေမဲ့ သင် အောင်မြင်သွားတဲ့အချိန်မှာတော့ ထိုအရာကို သင့်အောင်မြင်မှုအတွက် ကူညီပေးတဲ့အရာလို့ အမြင်ပြောင်းသွားပါလိမ့်မယ်။ အဓိကအရေးကြီးတဲ့အချက်ကတော့ သင့်ရဲ့ အကောင်းမြင်စိတ်ကို ထိန်းထားပေးဖို့ပါပဲ။

ဒိုင်ယာရီစာအုပ်လေး သိမ်းထားပါ

ကျေးဇူးတင်ဖွယ်ကောင်းတဲ့အရာများကို ချရေးကာ အမှတ်တရတစ်ခုအဖြစ် သိမ်းထားခြင်းသည် ဝမ်းနည်းတဲ့အချိန်၊ မကောင်းမြင်စိတ်များ အစပျိုးလာချိန်မှာ ဖြေဆေးတစ်ခုဖြစ်နိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပျော်ရွှင်အရာများ၊ ကျေးဇူးတင်စရာကောင်းသော အရာများသည် ဦးနှောက်ရဲ့ ပျော်ရွှင်မှုဟော်မုန်းကို ပိုမိုပွားများလာအောင် လှုံ့ဆော်ပေးလို့ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် နေ့တစ်နေ့ ကုန်ဆုံးသွားတဲ့အခါ ကျေးဇူးတင်စရာကောင်းတဲ့ ကိစ္စသေးသေးမွှားမွှားလေးကအစ ချရေးထားလိုက်ပါ။ အိပ်ခါနီးမှာ တစ်နေ့တာလုံးအတွက် ဘယ်အရာတွေက ကျေးဇူးတင်စရာကောင်းသလဲဆိုတာ ပြန်တွေးကြည့်လိုက်ပါ။ ပြီးရင် ဒိုင်ယာရီစာအုပ်ထဲမှာ ချရေးထားလိုက်ပါ။

ဝမ်းနည်းအားငယ်နေချိန်၊ မကောင်းမြင်စိတ်များ ပြည့်နှက်နေချိန် (သို့) အရှုံးပေးချင်စိတ်များ ဖြစ်ပေါ်နေချိန်မှာ ထိုဒိုင်ယာရီစာအုပ်လေးကို ပြန်ဖတ်ကြည့်လိုက်ပါ။ သင့်ရဲ့စိတ်ခံစားချက်များ ပြောင်းလဲသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

မိမိကိုယ်ကိုယ် ကြင်နာပါ

ခက်ခဲ ကြမ်းတမ်း အကောင်းမြင်စိတ်

ခက်ခဲ ကြမ်းတမ်း နေချိန်မှာ အကောင်းမြင်စိတ် မွေးချင်သူများအတွက် အစွမ်းထက်ဆုံး ဆေးစွမ်းကောင်းတစ်လက်ကတော့ မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းပဲဖြစ်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်အနားယူပါ။ စိတ်ညစ်စရာများကြောင့် အစား စားချင်စိတ် မရှိဘူးဆိုရင်တောင်မှ အရသာရှိမယ့် အစားအစာများ ဝယ်စားပါ။ ကိုယ် ဝါသနာပါတဲ့ အရာများအတွက် အချိန်ပေးပါ။ စာဖတ်ဝါသနာပါပါက စာဖတ်ပါ။ သီချင်းနားထောင်ပါ။ တစ်ပတ်လျှင် တစ်ရက်ခန့် အားလပ်ရက်ရအောင် ယူပါ။ တစ်ခါတစ်ရံမှာ အားလပ်ရက်မရဘဲ နေ့စဉ်ရက်ဆက်အလုပ်လုပ်ရတဲ့အခါ စိတ်ပင်ပန်းလာပြီး ဘာလို့ ငါတစ်ယောက်တည်း ဒီလောက် အသည်းအသန် ကြိုးစားနေရသလဲဆိုတဲ့ မကောင်းမြင်စိတ်များ တဖြည်းဖြည်း ဝင်ရောက်လာနိုင်လို့ပဲဖြစ်ပါတယ်။

ဘယ်လောက်ပဲ အလုပ်များနေပါစေ တစ်ပတ်လျှင် တစ်ရက်ခန့် အနားယူဖြစ်အောင် ယူပါ။ အနားယူတဲ့ရက်မှာ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မစဉ်းစားမိအောင် နေပါ။ ထိုရက်ကုန်ဆုံးသွားမှ အလုပ်ကို ပြန်လုပ်ပေးလိုက်လို့ရပါတယ်။ အလုပ်လုပ်ချိန်မှာ အလုပ်ဖြစ်အောင် ကြိုးစားသင့်ပြီး အနားယူချိန်မှာလည်း သေသေချာချာ စိတ်လွတ်လက်လွတ် အနားယူသင့်တယ်မဟုတ်လား။

ကိုယ့်ရဲ့ပတ်ဝန်းကျင်မှ ကိုယ် ချစ်ခင်ရတဲ့သူများနဲ့ ခြံရံထားပါ

 

sociable

သင့်မိသားစု၊ သင်ချစ်ခင်ရတဲ့ သူငယ်ချင်းများ၊ ချစ်သူ ခင်သူတို့သည် သင် ဝမ်းနည်းအားငယ်ချိန်မှာ သင့်ဘဝထဲသို့ အလင်းရောင် ဆောင်ကျဉ်းပေးမယ့်သူတွေပဲဖြစ်ပါတယ်။ ခက်ခဲပင်ပန်းနေချိန်မှာ တစ်ယောက်တည်း ကြိတ်မှိတ်ခံစားမနေဘဲ သူတို့ထံ ရင်ဖွင့်ပါ။ အကူအညီများ၊ အကြံဉာဏ်များ ရယူလိုက်ပါ။ ဒါဆိုရင် သင် ခက်ခဲ ကြမ်းတမ်း နေချိန်မှာ သင့်ကို အားပေးမယ့်သူတွေ ရှိပါသေးလားဆိုတဲ့ အကောင်းမြင်စိတ် လေး ပေါ်ပေါက်လာပြီး အရှုံးပေးချင်စိတ်များ ကွယ်ပျောက်သွားပါလိမ့်မယ်။

တစ်ခုသတိထားရမယ့်အချက်ကတော့ သင့်ရဲ့ မိတ်ဆွေသည် သင် တကယ် ချစ်ခင်ရတဲ့အပြင် ယုံကြည်ရတဲ့သူဖြစ်ဖို့လည်း လိုအပ်ပါတယ်။ သင့်ရဲ့နောက်ကျောကို ဓားနဲ့ထိုးမယ့် မိတ်ဆွေမျိုးကိုတော့ ယောင်လို့တောင် သွားမပြောမိပါစေနဲ့။ သူတို့သည် သင့်ရဲ့အရှေ့မှာတော့ သင့်ကို အားပေးသယောင်နဲ့ ဟန်ဆောင်နေမှာဖြစ်ပြီး သင့်နောက်ကွယ်မှာတော့ သင့်ရဲ့အခြေအနေဆိုး၊ သင် ခံစားနေရတဲ့ နာကျင်မှုတွေကြောင့် ဝမ်းသာနေမှာဖြစ်ပါတယ်။

မကောင်းတဲ့ရက်တစ်ရက်သည်လည်း တစ်ရက်တာကုန်ဆုံးသွားတဲ့အခါ ပြီးသွားပါပြီ

smiley face

တစ်ရက်လျှင် ၂၄ နာရီကြာမြင့်တယ်ဆိုတာကိုတော့ သင် သိပြီးသားဖြစ်ပါလိမ့်မယ်။ မကောင်းတဲ့ရက်တစ်ရက်ပါလားလို့ ခံစားရတဲ့အခါမှာလည်း ၂၄ နာရီကျော်သွားရင် ပြီးသွားပြီမဟုတ်လား။ ဘာ့ကြောင့် စိတ်ညစ်ခံနေမှာလဲ။ မေ့မေ့ပျောက်ပျောက်နဲ့ နောက်နေ့သစ်တစ်ရက်အတွက် အားမွေးလိုက်ပါ။

ဘဝမှာ ပျော်ရွှင်ဖွယ် ခံစားချက်တစ်ခုတည်းကိုသာ ခံစားနေရမယ်ဆိုရင် အဓိပ္ပာယ်ပြီးပြည့်စုံမှာမဟုတ်ပါဘူး။ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ ဒေါသထွက်စရာ၊ စိတ်လှုပ်ရှားစရာ အစရှိတဲ့ စိတ်ခံစားချက်များအားလုံးကို ခံစားဖူးမှသာလျှင် အဓိပ္ပာယ်ပြီးပြည့်စုံတဲ့ ဘဝမျိုးကို ခံစားနိုင်မှာမဟုတ်လား။

Source: Selecthealth

Featured Image: Telegraph.co.uk