လူတော်တော်များများက ခရီးသွားခြင်း ကို နှစ်သက်ကြပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှုတွေကနေ ရုန်းထွက်ပြီး နေရာအသစ်တစ်ခု၊ ပတ်ဝန်းကျင်အသစ်တစ်ခုကို သွားရောက်လည်ပတ်ခြင်းက စိတ်လှုပ်ရှားပျော်ရွှင်မှုနဲ့ အတွေ့အကြုံအသစ်တွေကို ရရှိစေပါတယ်။ တစ်ကိုယ်တော်ပဲ ခရီးသွားသွား၊ အုပ်စုလိုက်ပဲ ခရီးသွားသွား ကျေနပ်ပျော်ရွှင်စေမှာတော့ အမှန်ပါပဲ။ ခရီးသွားခြင်းက ပျော်ရွှင်ဖို့၊ စွန့်စားဖို့ထက် ပိုပြီး စိတ်ပိုင်းဆိုင်ရာကို အများကြီး အထောက်အကူပြုစေကာ စိတ်ချမ်းသာစေပါတယ်။ ကွီးတို့ရော ခရီးသွား ရတာက ရည်းစားထားရထက် ပိုစိတ်ချမ်းသာ ဖို့ကောင်းတယ်ဆိုတာ လက်ခံပါသလား။ ခရီးသွားခြင်းကနေ ဘာတွေရရှိနိုင်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်ဗျာ။

ကျန်းမာတဲ့ ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်စေပါတယ်

ခရီးသွား ပိုစိတ်ချမ်းသာ

Photo : Flash Pack

ကျန်းမာခြင်းက လူတစ်ယောက်အတွက် အရေးအကြီးဆုံးပါပဲ။ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမယ်ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ကိုယ့်မှာ ဘယ်လောက်ပဲ ပြည့်စုံမှုတွေရှိရှိ၊ ချစ်ခင်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေပါစေ၊ မကျန်းမာဘူးဆိုရင် ပျော်ရမှာ မဟုတ်ပါဘူး။ ခရီးသွားခြင်းကတော့ ကွီးတို့အတွက် ကျန်းမာကြံ့ခိုင်မှုကို ပေးစွမ်းနိုင်ပါတယ်။ ခရီးသွားနေခြင်းက ကွီးတို့ကို ရုံးထိုင်ခုံပေါ်ထိုင်နေရခြင်းထက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တက်ကြွမှုကို ပိုပြီးပေးစွမ်းပါလိမ့်မယ်။

ခရီးသွားများဟာ ခရီးသွားတဲ့နေရာဒေသအလိုက် တစ်နေ့ကိုခြေလှမ်းပေါင်းများစွာ လမ်းလျှောက်ခြင်း၊ တောင်တတ်ခြင်းအပြင် ပင်လယ်ဘက်သို့သွားတဲ့ ခရီးသွားများဟာ ရေကူးခြင်း၊ လှေလှော်ခြင်း စတဲ့ လှုပ်ရှားမှုတွေကို လုပ်လေ့ရှိပါတယ်။ ထိုလှုပ်ရှားမှုများကြောင့် အရိုးအဆစ်များသန်မာလာပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်တစ်ခုက ပုံသွင်းပြီးသား ဖြစ်စေပါလိမ့်မယ်။ ဒါ့အပြင် အိပ်စက်မှု စက်ဝန်းကိုလည်း ကောင်းမွန်စေပါတယ်။

ခရီးသွားခြင်းက ပိုမိုပျော်ရွှင်လာစေတယ်

ခရီးသွား ပိုစိတ်ချမ်းသာ

Photo : Lifehacker Australlia

လူတိုင်းလူတိုင်းက ပျော်ရွှင်မှုနဲ့ ထိုက်တန်ပါတယ်။ ခရီးသွားခြင်းက ပျော်ရွှင်မှုကို‌ ပေးစွမ်းနိုင်ပါတယ်။ ကွီးတို့ရဲ့ အသက်ရှင်နေထိုင်ဖို့ ရုန်းကန်နေရတဲ့ နေ့စဉ်ဘဝတွေထဲက ရုန်းထွက်ပြီး ကိုယ်မရောက်ဖူးသေးတဲ့ နေရာတွေ၊ ကမ္ဘာပေါ်က ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ နေရာတွေကို ခရီးသွားရခြင်းက ကြည်နူးပျော်ရွှင်မှုကို ခံစားရစေမှာပါ။

ဒါ့အပြင် ခရီးသွားခြင်းကနေ ငွေနဲ့ဝယ်ယူလို့မရတဲ့ အမှတ်တရတွေ၊ အတွေ့အကြုံတွေ၊ အသစ်အသစ်သောအရာတွေကို လေ့လာရခြင်းက ကွီးတို့ရဲ့ စိတ်ခံစားမှုနဲ့ ရှုထောင့်ကို ပြောင်းလဲစေပြီး ပိုမိုပျော်ရွှင်တဲ့ လူတစ်ယောက် ဖြစ်လာစေပါတယ်။

စိတ်ဖိစီးမှုတွေကို ပြေလျော့စေတယ်

Photo : Too Many Adopters

ကျွန်တော်တို့ဟာ ဘက်ပေါင်းစုံကနေ စိတ်ဖိစီးမှုတွေကို တစ်နည်းမဟုတ်တစ်နည်း ကြုံတွေ့နေရပါတယ်။ စိတ်ဖိစီးမှုတွေကို မလျှော့ချဖူးဆိုရင် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုကိုလျှော့ချဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ ခရီးသွားခြင်းပဲ ဖြစ်ပါတယ်။ ခရီးသွားခြင်းက နေ့စဉ် လုပ်ရိုးလုပ်စဉ်များမှ ကွဲထွက်ပြီး ပတ်ဝန်းကျင်အသစ်ဆီသို့ ခေါ်ဆောင်သွားနိုင်ပြီး ခန္ဓာကိုယ်နဲ့ စိတ်ကို Reset ချလိုက်သလိုမျိုး ပြန်လည်လန်းဆန်းစေပါတယ်။

ခရီးစဉ်တစ်ခုကို စတင်စီစဉ်ပြီဆိုတာနဲ့ ပျော်ရွှင်မှုကိုရရှိစေပြီး ကောင်းမွန်တဲ့ခံစားမှုဟာ ခန္ဓာကိုယ်နဲ့စိတ်အပေါ် သက်ရောက်မှုရှိစေပါတယ်။ ခရီးသွားခြင်းကြောင့် လူသစ်များနဲ့တွေ့ဆုံပြီး အခြေအနေသစ်များနဲ့ လိုက်လျောညီထွေအောင် လုပ်ဆောင်ရခြင်းက မတူညီကွဲပြားမှုတွေကို သိရှိလာစေပါတယ်။ ၎င်းက စိတ်ကိုထက်မြက်စေပြီး တီထွင်ဖန်တီးနိုင်မှုသာမက ကိုယ်ရည်ကိုယ်သွေးများလည် တိုးတက်လာစေပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပိုသိလာစေပါတယ်

Photo : Medium

ခရီးသွားခြင်းက တစ်နည်းတစ်ဖုံနဲ့ ကွီးတို့ကို ကိုယ့်အကြောင်းကို ပိုမို သတိပြုလာစေရန် ကူညီပေးပါတယ်။ ခရီးသွားခြင်းဖြင့် မဖြစ်မနေလုပ်ရသောအရာများ၊ အသစ်သစ်သောအရာများကို ကြုံတွေရပြီး ကိုယ့်ကိုယ်ကို လိုက်လျောညီထွေ နေနိုင်ကြောင်း ကွီးတို့ သတိပြုလာနိုင်ပါလိမ့်မယ်။ ထို့အပြင် ခရီးသွားခြင်းက ကွီးတို့ ကိုယ့်ကိုယ်မလုပ်နိုင်ဘူးလို့ ထင်နေတဲ့အရာတွေ၊ ကန့်သတ်ချက်တွေကို တွန်းလှန်နိုင်ပြီး စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဖြေရှင်းနိုင်စွမ်းရှိကြောင်း သိရှိလာပါလိမ့်မယ်။

အမြင်သစ်တွေ အတွေ့အကြုံသစ်တွေလည်း ရရှိလာပါလိမ့်မယ်။ ကွီးတို့ ကိုယ့်ကိုယ်နဲ့ပတ်သတ်ပြီး ပိုမိုသိရှိလာပါလိမ့်မယ်။ အရင်က ကွီးတို့ လုံးဝမကြိုက်ဘူးလို့ ထင်တဲ့အရာတွေကလည်း ကွီးတို့သဘောကျတဲ့ အရာတွေဖြစ်လာတာ တွေ့ရှိနိုင်ပြီး ကိုယ့်ကိုယ်ကို ပိုမိုနားလည်လာနိုင်စေပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေကို ဖတ်ရှုကြည့်ခြင်းဖြင့် ခရီးသွား ရတာ က ရည်းစားထားရတာထက် ပိုစိတ်ချမ်းသာ စေရုံသာမက စိတ်ပိုင်းဆိုင်ရာ အကျိုးများစေတယ်ဆိုတာ တွေ့ရမှာပါ။ ဖြစ်နိုင်ရင်တော့ ရည်းစားလေးနဲ့ အတူတူခရီးသွားရရင် အတိုင်းထက်အလွန်ပါပဲဗျာ။

Source : Goodwall Blog

Featured Photo : Matador