ခရီးသွား ခြင်းကို ကွီးတို့ ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုပါသလဲ။ တကယ်တော့ ခရီးတစ်ခုသွားတယ်ဆိုတာ ငွေကုန်ရကျိုးနဲ့အညီ စိတ်လက်ပေါ့ပါး လန်းဆန်းမှုတွေကို ရရှိမှသာ ဒီခရီးကို သွားရတာ တန်တယ်လို့ ပြောရမှာပါ။ ဒီနေရာမှာ တစ်ခုပြောချင်တာက မီလျံနာတစ်ယောက်လို ဇိမ်ခံဟိုတယ်တွေတည်းမှ ၊ ကြယ်ငါးပွင့်အဆင့် စားသောက်ဆိုင်တွေမှာ သွားစားမှ အပန်းပြေတဲ့ ခရီးစဉ်တစ်ခု ဖြစ်မှာမဟုတ်ပါဘူး။ Budget နည်းနည်းနဲ့လည်း ပျော်ရွှင်စရာ အမှတ်တရတွေ ထင်ကျန်ရစ်စေတဲ့ ခရီးစဉ်တစ်ခု ဖန်တီးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ငွေသိပ်မကုန်ပဲ ပျော်စရာကောင်းတဲ့ ခရီးတစ်ခု အထာကျကျ သွားနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ခရီးစဉ်ကို သေချာစီစဉ်ပါ

Trip Planning

Photo : Going Awesome Places

အစီအစဉ်မဲ့ ခရီးသွား ခြင်းက စိတ်လှုပ်ရှားဖို့ကောင်းတာမှန်ပေမယ့် Budget နဲ့ချိန်ပြီး ခရီးသွားရမယ်ဆိုရင်တော့ သေချာအစီအစဉ်ဆွဲသွားတာ ကောင်းပါတယ်။ ကိုယ်သွားမယ့်နေရာ ၊ ဘယ်နှစ်ရက်နေမယ် စသည်ဖြင့် ခရီးစဉ်အသေးစိတ်ကို တိတိကျကျ ကြိုတင် Plan ချသွားပါ။ ဒါဆိုရင် ခရီးစဉ်တစ်လျှောက်ကုန်ကျမယ့် ငွေကြေးပမဏကအစ ချိန်ဆလို့ရမှာဖြစ်ပြီး ကိုယ့်စိတ်ကြိုက် လိုတိုးပိုလျှော့ လုပ်နိုင်မှာပါ။

(၂) ခရီးသွားရာသီတွေ ရှောင်ပါ

Photo : People Ops at Status

ပိတ်ရက်တွေ ၊ ခရီးသွားရာသီတွေမှာ များသောအားဖြင့် တည်းခိုစရိတ်တွေ ၊ သယ်ယူပို့ဆောင်ရေး စရိတ်စကတွေက သာမန်အချိန်တွေထက် ပိုများနေတက်ပါတယ်။ ဒီလို အချိန်တွေကို ရှောင်ပြီး ကြားရက်/ကြားကာလတွေမှာ ခရီးသွားမယ်ဆိုရင် ကုန်ကျစရိတ်က သိသိသာသာ လျော့နည်းတာ တွေ့ရပါလိမ့်မယ်။

(၃) တည်းခိုစရိတ်သက်သာတဲ့ နေရာထိုင်ခင်းတွေကို ရှာပါ

Hotel Room

Photo : Bayut

ခရီးသွားတဲ့အခါ တည်းခိုမယ့် နေရာထိုင်ခင်းက အရေးကြီးဆုံးပါပဲ။ ဟိုတယ်တွေက များသောအားဖြင့် ဈေးကြီးတက်တာမို့ ဈေးသက်သာတဲ့ မိုတယ်နဲ့ တည်းခိုခန်းတွေ ဒါမှမဟုတ် ဈေးအရမ်းမကြီးတဲ့ ဟိုတယ်တွေကို ခရီးမသွားခင် တစ်လလောက်အလိုကတည်းက ကြိုတင်ရှာဖွေချိတ်ဆက်ထားပါ။ သူငယ်ချင်းတွေနဲ့ အတူတူ ခရီးသွားမယ်ဆိုရင် တည်းခိုစရိတ်ကို မျှဝေခံရမှာ ဖြစ်တဲ့အတွက် စရိတ်စက ပိုသက်သာနိုင်ပါတယ်။ တကယ်လို့ တစ်ယောက်တည်း ခရီးသွားပါကလည်း ယုံကြည်စိတ်ချရတဲ့ ခရီးသွားဖော် ၊ ခရီးသွား မိတ်ဆွေတွေနဲ့ အခန်းကို မျှဝေသုံးစွဲတာက စရိတ်ပိုသက်သာနိုင်ပါတယ်။

(၄) စားသောက်စရိတ်ကို ကန့်သတ်ပါ

Photo : Travel For Teens

ခရီးသွား တဲ့အခါ အမြဲတမ်း ဆိုင်ကောင်းကောင်းမှာ စားတာက Budget သက်သာစေမယ့် အကြံကောင်းတစ်ခု မဖြစ်နိုင်ပါဘူး။ ဒီအစား ဈေးသက်သာတဲ့ ဒေသတွင်း အစားအစာတွေ ၊ အသေးစား စားသောက်ဆိုင်လေးတွေကနေ အစားအစာတွေကို ဝယ်ယူစားသောက်နိုင်ပါတယ်။ မလိုအပ်ပဲ အချိုရည်နဲ့ အဆာပြေမုန့်တွေကိုလည်း ဝယ်မစားပါနဲ့။ ခရီးစဉ်တစ်လျှောက် အန္တရာယ်ကင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေနဲ့ သောက်ရေသန့်ကိုသာ ဦးစားပေး ရွေးချယ်စားသောက်ပါ။ တကယ်လို့ တည်းခိုတဲ့နေရာမှာ ကိုယ်တိုင်ချက်ပြုတ်စားနိုင်တယ်ဆိုရင် အရသာရှိတဲ့ အစားအစာတွေကို လတ်လတ်ဆတ်ဆတ် ကိုယ်တိုင်ချက်ပြုတ်စားနိုင်ပါတယ်။

(၅) ခရီးသွား အာမခံရယူပါ

TRAVEL INSURANCE

Photo : Free Spirit Travel Insurance

ခရီးသွား အာမခံဝယ်ယူတာက ဈေးကြီးပေမယ့် တန်ပါတယ်။ ခရီးစဉ် တစ်လျှောက်လုံးမှာ ထင်မှတ်မထားတဲ့ ငွေကြေးဆုံးရှုံးစရာ ကိစ္စတွေရှိလာနိုင်/မလာနိုင်ကို ဘယ်သူမှ အတိအကျတပ်အပ် မပြောနိုင်ပါဘူး။ ကံမကောင်းလို့ ဒီလိုအခြေအနေတွေနဲ့ ကြုံလာရပြီဆိုရင် ခရီးသွား အာမခံထားတာက တော်တော်လေးအသုံးဝင်နိုင်ပြီး ခရီးသွားကာလအတွင်း ဘဏ္ဍာရေးထိခိုက်နိုင်မယ့်အန္တရာယ်တွေကို ကြိုတင်ကာကွယ်လျှော့ချပြီးသား ဖြစ်သွားပါလိမ့်မယ်။

ဒါကတော့ ငွေသိပ်မကုန်ပဲ ပျော်စရာကောင်းတဲ့ ခရီးတစ်ခု အထာကျကျ သွားနိုင်မယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ ကွီးတို့ရော ခရီးသွားရတာကို ကြိုက်နှစ်သက်ပါရဲ့လား?

Featured Photo : BSR