ခရီး တစ်ခုထွက်တယ်ဆိုတာ စိတ်လက်အပန်းပြေမှုနဲ့ လန်းဆန်းမှုကို ရရှိခံစားဖို့ မဟုတ်လား။ ဒါပေမယ့်လည်း ကျွန်တော်တို့ တစ်ခါတစ်လေမှာ ပိုက်ဆံကုန် လူပင်ပန်းသလောက် စိတ်အပန်းမပြေတဲ့ ခရီးတွေ သွားမိတက်ကြပါတယ်။ ကွီးတို့အနေနဲ့ တကယ်ပဲ ငြိမ်းအေးမှုနဲ့ စိတ်လက်အပန်းပြေမှုကို ခံစားချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် နေရာတွေကို သေချာပေါက် သွားကြည့်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။
(၁) Lumahai Beach, Kauai, Hawaii

Photo : Villas at Poipu Kai
ဟာဝိုင်အီမှာ လှပတဲ့ ကမ်းခြေတွေ ဒါဇင်မကရှိပေမယ့် Lumahai ကမ်းခြေကတော့ တမူထူးခြားတဲ့ အတွေ့အကြုံနဲ့ စိတ်လက်အပန်းဖြေ အနားယူချင်သူတွေ သေချာပေါက် သွားသင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ငွေရောင် သဲဖြူသောင်ပြင်ပေါ်မှာ နေပူစာလုံမလား ၊ လှိုင်းလုံးတွေကြား ရေလွှာလျှောစီးမလား ကွီးတို့စိတ်ကြိုက် အနားယူအပန်းဖြေ နိုင်ပါတယ်။ Lumahai ကမ်းခြေမှာ ရေကူးဖို့ ခွင့်ပြုထားပေမယ့်လည်း တစ်ခါတစ်ရံ လှိုင်းထန်တက်တာကြောင့် ရေကူးကျွမ်းကျင်သူ သို့မဟုတ် အတွေ့အကြုံရှိတဲ့ ရေလွှာလျှောစီးသမားတစ်ယောက် မဟုတ်ရင် ရေကူးခြင်းကို ရှောင်ဖို့ အကြံပေးချင်ပါတယ်။
(၂) Cape Elizabeth, Maine

Photo : The Crazy Tourist
ကမ်းရိုးတမ်းတစ်လျှောက် လမ်းလျှောက်ထွက်ရင်း မီးပြတိုက်တွေကို ကြည့်ရတာလောက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ခရီး စဉ်ရှိနိုင်ဦးမလား။ Cape Elizabeth မြို့ဟာ ၁၈၇၄ ခုနှစ်ကတည်းက စတည်ခဲ့တာဖြစ်ပြီး Two Lights မီးပြတိုက်လို့လည်း လူသိများတဲ့ Cape Elizabeth Light တည်ရှိရာ မြို့ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းကြောင်းတွေနဲ့ ဂန္တဝင်နယူးအင်္ဂလန် ဗိသုကာလက်ရာတွေကို လေ့လာနိုင်သလို ပင်လယ်စာကြိုက်သူတွေအတွက် အရသာရှိတဲ့ Lobster တွေရနိုင်တဲ့ အကောင်းဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။
(၃) Lake Louise, Alberta, Canada

Photo : Travel And Leisure
ကနေဒါနိုင်ငံ Alberta မှာရှိတဲ့ Banff အမျိုးသားဥယျာဉ်မှာ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေနဲ့ ရေကန်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် Lake Louise ကတော့ ဒီနေရာတွေ အားလုံးထက်ကို ထူးခြားတဲ့ စိတ်အပန်းဖြေစရာ နေရာတစ်ခုပါ။ Camp ထွက်သူတွေ ၊ တောင်တက်သမားတွေကတော့ မျက်စိတဆုံး ရှုမဆုံးတဲ့ တောင်တန်းအလှတွေကို ငေးမောရင်း လာရောက်အပန်းဖြေလေ့ ရှိကြပါတယ်။ သဘာဝတရားကို ချစ်မြတ်နိုးပြီး စိတ်အေးချမ်းမှုနဲ့ အနားယူမှုကောင်းကောင်း ရချင်တယ်ဆိုရင်တော့ Lake Louise ကိုရောက်အောင် သွားသင့်ပါတယ်။
(၄) Rio Celeste Falls, Costa Rica

Photo : GetYourGuide
ရေတံခွန်တွေဆီ ခရီး ထွက်ချင်ရင်တော့ ကော်စတာရီကာနိုင်ငံကိုသာ သွားရောက်ဖို့ အကြံပေးချင်ပါတယ်။ Rio Celeste Falls ဟာ Tenorio Volcano National Park မှာ ရှိပါတယ်။ ကော်စတာရီကာနိုင်ငံရဲ့ ရေတံခွန်တွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ တခြားသော ရေတံခွန်တွေနဲ့ လုံးဝမတူပဲ ကြည်လင်ပြာလဲ့တဲ့ ရေပြာအိုင်ကြောင့် နာမည်ကြီးပါတယ်။ သဘာဝရဲ့ မှော်ဆန်မှုကို ခံစားရင်း စိတ်အပန်းဖြေလို့ရမယ့် အကောင်းဆုံး နေရာတစ်ခုပါပဲ။
(၅) Nordfjord, Norway
Photo : Travel And Leisure
Nordfjord ဟာ ရင်သပ်ရှုမောဖွယ်ရှုခင်းတွေကြောင့် နာမည်ကြီးတဲ့ နော်ဝေနိုင်ငံရဲ့ ထိပ်တန်းခရီး သွားနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ လာရောက်လည်ပတ်သူတွေအနေနဲ့ Fjord တစ်လျှောက် အပျော်စီးသင်္ဘောစီးကာ လှပတဲ့ ရေခဲမြစ်တွေ ၊ ရှုမဆုံးတဲ့ တောင်တန်းတွေနဲ့ ရင်သပ်ရှုမောဖွယ်ရှုခင်းတွေကို နှစ်နာရီကြာ ခရီး စဉ်အတွင်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ သဘာဝကို ခံစားဖို့အတွက်ဆိုရင် နော်ဝေနိုင်ငံ Nordfjord ဟာ အသွားသင့်ဆုံး နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။
Featured Photo : Travel Lens

