လီဗာပူးလ် အသင်းရဲ့ အပြောင်းအရွှေ့တွေကတော့ တကယ်ကို လေးစားစရာကောင်းပါတယ်။ ဒီနွေမှာ ကစားသမားသစ် ခေါ်ယူမှုတွေ မလုပ်သေးပဲ ငြိမ်နေပေမယ့် ဒီရက်ပိုင်းအတွင်းမှာပဲ လျင်မြန်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ရာ ဂျော်ဂျီယာ ဂိုးသမား ဂျော်ဂျီ မာမာဒက်ရှ်ဗီလီနဲ့ အီတလီ တောင်ပံကစားသမား ဖက်ဒရစ်ကို ခီယေဆာတို့ နှစ်ဦးကို ရှေ့ဆင့်နောက်ဆင့်လေးနဲ့ ခေါ်ယူလိုက်နိုင်ခဲ့ပါတယ်။

chiesa italy

Photo Credit: Transfermarket

လီဗာပူးလ်က သူတို့ တကယ် လိုချင်နေတဲ့ စပိန် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို မရလိုက်ပေမယ့်လည်း အသင်းအတွက် တကယ့်ကို အကျိုးရှိစေမယ့် ခေါ်ယူမှု (၂)ခုကိုတော့ ဒီရက်ပိုင်းအတွင်းမှာပဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဗလင်စီယာကနေ ခေါ်ယူလိုက်တဲ့ ဂိုးသမား မာမာဒက်ရှ်ဗီလီကတော့ လာမယ့်ရာသီမှ အသုံးပြုဖို့အတွက် ခေါ်ယူခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ ဗလင်စီယာမှာပဲ အငှားချထားမှာ ဖြစ်ပါတယ်။ ခီယေဆာကတော့ လာမယ့် မန်ယူနဲ့ ရင်ဆိုင်ရမယ့် အင်္ဂလန်ဒါဘီ ပွဲစဉ်မှာပါ အနည်းဆုံး လူစားဝင်လောက်နဲ့တင် စတင် အသုံးပြုလာနိုင်ပါတယ်။

chiesa lfc

Photo Credit: TEAMtalk

အသက် (၂၆)နှစ်သာ ရှိနေသေးတဲ့ အီတလီ လက်ရွေးစင် ဘယ်တောင်ပံကစားသမား ခီယေဆာက ဘယ်တောင်ပံရော ညာတောင်ပံမှာပါ ကစားနိုင်သလို လိုအပ်ရင် နောက်ချန်တိုက်စစ်ပါ ကစားနိုင်ပါသေးတယ်။ လက်ရှိ လီဗာပူးလ် မှာက ဘယ်တောင်ပံနေရာ ကစားတဲ့သူတွေက ပုံနေတာဆိုတော့ ခီယေဆာကို မိုဟာမက် ဆာလာ ကစားနေတဲ့ ညာတောင်ပံဘက်မှာ ပိုမို အသုံးပြုသွားနိုင်ပါတယ်။ လက်ရှိတန်ကြေး ယူရို (၃၅)သန်းလောက် တန်ကြေးရှိနေတဲ့ ခီယေဆာကို ယူရို (၁၃)သန်းတည်းနဲ့ ခေါ်ယူလိုက်နိုင်တာက လီဗာပူးလ်ရဲ့ Transfer ပိုင်း ပိုင်နိုင်မှု ဆရာကျမှုတွေကို မြင်သာစေပါတယ်။

arne slot chiesa

Photo Credit: Opta Analyst

ခီယေဆာဟာ ကစားသမားဘဝမှာ ACL အပါအဝင် ဒဏ်ရာ အခြေအနေဆိုးတွေကြောင့် ရက်ပေါင်း မနည်းမနော အနားယူခဲ့ရတဲ့ ကစားသမားဖြစ်လို့ လီဗာပူးလ်တော့ ဆေးရုံအုပ်ကြီးကို ပေါချောင်ကောင်းနဲ့ ခေါ်လိုက်တာဆိုပြီး ပြောနေကြပေမယ့် ခီယေဆာကို ဘယ်လို ကစားသမားလဲဆိုတာ စီးရီးအေပွဲတွေ ယူရို-၂၀၂၀ ပြိုင်ပွဲတွေ ကြည့်ဖူးသူတိုင်း သိကြမှာပါ။ ဒီကစားသမားဟာ ဒဏ်ရာသာ ကင်းစင်နေမယ်ဆိုရင်တော့ လီဗာပူးလ် အတွက် ဆာလာနေရာမှာ အကောင်းဆုံး အစားထိုးနိုင်မယ့် best replacement တစ်ခုကို ဈေးပေါပေါနဲ့ ရလိုက်တယ်လို့တောင် ဆိုနိုင်ပါတယ်။

Featured Photo: Transfermarket