ကိုယ့်ကိုယ်ကို ခေါင်းဆောင် ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားခြင်းသည် ကိုယ့်အသင်းအဖွဲ့အတွက်ရော၊ ကိုယ့်ရဲ့ အဖွဲ့အစည်းတစ်ခုလုံးအတွက်သာ်မက ကိုယ်ကိုယ်တိုင်အတွက်ပါ အောင်မြင်မှုများကို ဆောင်ကျဥ်းပေးနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ အောင်မြင်မှုကို ရယူတဲ့နေရာမှာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားဖို့လည်း လိုအပ်ပါတယ်။ မိမိကိုယ်ကို ခေါင်းဆောင် ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမူအကျင့် များကို ပြုမူဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

လူတိုင်းကတော့ ခေါင်းဆောင်ဖြစ်နိုင်ပါတယ်။ သို့သော် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ကတော့ လူတိုင်း လုပ်ဆောင်နိုင်တဲ့အရာမဟုတ်ပါဘူး။ လောကမှာ ခေါင်းဆောင်ဆိုးတွေ ဒုနဲ့ ဒေး အများကြီးပဲရှိပါတယ်။ ခေါင်းဆောင်ကောင်းတဲ့ လုပ်ကိုင်ရတဲ့ ဝန်ထမ်းများ၊ လက်အောက်ငယ်သားများသည် ပျော်ရွှင်စွာ အလုပ်လုပ်ကိုင်နိုင်ပေမယ့် ခေါင်းဆောင်ဆိုးကိုတော့ ဘယ်သူကမှ မလေးစားသလို၊ သူနဲ့ အလုပ်လုပ်ရတာကလည်း စိတ်ညစ်စရာများလွန်းလှပါတယ်။ ထိုနေရာမျိုးမှာဆိုရင် ဝန်ထမ်း အဝင်အထွက် အရမ်းများပြီး ထိုအဖွဲ့အစည်း၊ ကုမ္ပဏီသည်လည်း အောင်မြင်လေ့မရှိဘဲ ကျရှုံးမှုနှင့်သာ ကြုံတွေ့ရတတ်ပါတယ်။

ကွီးတို့အနေနဲ့ ကိုယ့်ကိုယ်ကို ခေါင်းဆောင် ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားချင်တယ်ဆိုရင်တော့ ဒီ အမူအကျင့် များက အရေးကြီးပါတယ်။

ပွင့်လင်းမြင်သာမှုရှိပြီး ရိုးသားမှုရှိစွာ ပြောဆိုဆက်ဆံပါ

man talking

ခေါင်းဆောင် ကောင်းတစ်ယောက်အတွက် အရေးအကြီးဆုံး အမူအကျင့် ကတော့ ပွင့်လင်းမြင်သာမှုရှိပြီး ရိုးသားမှုရှိတဲ့ အဖွဲ့အစည်းတစ်ခုကို ဖန်တီးခြင်းပဲဖြစ်ပါတယ်။ ပြောစရာ ဆိုစရာ တစ်ခုခုရှိလာပါက မိမိရဲ့ ဝန်ထမ်းများ၊ အဖွဲ့သားများကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံပါ။ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်နားလည်မှုရှိတဲ့ အဖွဲ့အစည်းတစ်ခုကို ပုံဖော်ဖန်တီးနိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်ထားက စစ်မှန်ပြီး အပေါ်ယံ ဟန်ဆောင်ခြင်းကင်းမှသာလျှင် ကောင်းမွန်တဲ့ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။

သင့်ရဲ့ အဖွဲ့သားများကို လေးစားစွာ ဆက်ဆံပါ

colleagues

ငါက ခေါင်းဆောင်ပဲ၊ ငါ အကြီးဆုံးပဲ၊ ငါ ဘာလုပ်လုပ်မှန်တယ်၊ ငါ ပြောတာပဲအကုန် နားထောင်ရမယ်ဆိုတဲ့ အတ္တကြီးတဲ့စိတ်ကိုလည်း ဖယ်ရှားရမှာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ရာထူးက ဘာကြီးပဲဖြစ်နေပါစေ ကိုယ့်ရဲ့အဖွဲ့သားများ၊ ဝန်ထမ်းများကို လေးစားစွာ ဆက်ဆံရမှာပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားစွာ ဆက်ဆံမှသာလျှင် ပျော်ရွှင်စရာကောင်းပြီး လူအများနှင့် ပြေလည်တဲ့ ဆက်ဆံရေးကို ဖန်တီးနိုင်မှာပါ။ အဖွဲ့သားများနှင့် ရင်းရင်းနှီးနှီး ဆက်ဆံဖို့လည်း လိုအပ်ပါသေးတယ်။ ဒါမှ တစ်ယောက်နှင့် တစ်ယောက်သည် ပြောစရာ ဆွေးနွေးတိုင်ပင်စရာများကို လွတ်လွတ်လပ်လပ် ပြောဆို ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ အဖွဲ့သားများနှင့် ရင်းနှီးစွာ ဆက်ဆံဖို့ဆိုရင် တစ်ယောက်ချင်းစီရဲ့ စိတ်နေစိတ်ထား၊ တစ်ယောက်ချင်းစီရဲ့ အားနည်းချက်၊ အားသာချက်များ၊ ဝါသနာနှင့် အကြိုက်များကို လေ့လာထားဖို့လိုအပ်ပါလိမ့်မယ်။ ဒီလို သိရှိထားခြင်းအားဖြင့် အဖွဲ့လိုက် ရည်မှန်းချက်ကို ပြည့်မြောက်အောင် ဆောင်ရွက်တဲ့နေရာမှာ အောင်မြင်မှာပဲဖြစ်ပါတယ်။

မိမိရဲ့ ပင်ကိုအရည်အချင်းနှင့် အရည်အသွေးများ တိုးတက်လာအောင်လည်း စဥ်ဆက်မပြတ် ကြိုးစားပါ

ခေါင်းဆောင် အမူအကျင့်

ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုသည်မှာ ကိုယ့်ရဲ့ အရည်အချင်းများကို အမြဲတစေ တိုးတက်နေအာင် လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ ကိုယ်က အခြားလူများထက် အသိကြွယ်မှသာလျှင် အခြားသူများကို ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ စဥ်ဆက်မပြတ် လေ့လာသင်ယူကာ မိမိကိုယ်ကို စိန်ခေါ်ခြင်းများစွာနှင့် တိုးတက်အောင် ပြုလုပ်ပါ။

အကောင်းမြင်စိတ်ထားပါ

ခေါင်းဆောင် အမူအကျင့်

အလုပ်ကိစ္စနဲ့ ပတ်သက်ရင်ပဲဖြစ်ဖြစ်၊ လူတစ်ဦးတစ်ယောက်ချင်းစီအပေါ် ထားရှိတဲ့အမြင်နဲ့ ပတ်သက်ရင်ပဲဖြစ်ဖြစ် အရာရာတိုင်းမှာ အကောင်းမြင်စိတ် မွေးရမှာပဲဖြစ်ပါတယ်။ အကောင်းမြင်စိတ်သည် ကူးစက်လွယ်ပြီး သင်တို့ရဲ့ အလုပ်ပတ်ဝန်းကျင်တစ်ခုလုံးကို ပျော်ရွှင်ဖွယ်ကောင်းလာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါမှလည်း ကိုယ့်ရဲ့ အဖွဲ့သားများကို စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက် ကောင်းစွာ အထောက်အပံ့ပေးနိုင်ပြီး အဖွဲ့သားများ အားလုံးသည်လည်း သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေ တိုးမြင့်လာမှာပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ ပြီးပြည့်စုံတဲ့ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းနိုင်မှာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဝန်ထမ်းများ၊ အဖွဲ့သားများကို အမိန့်များ ပေးနေမယ့်အစား မသိနားမလည်သည်များကို သင်ကြားပေးပါ။

တစ်ဖွဲ့သားလုံးအတွက် တိကျပြတ်သားတဲ့ ရည်မှန်းချက်ပန်းတိုင်များ ထားရှိပါ

ခေါင်းဆောင် အမူအကျင့်

အဖွဲ့တစ်ခုလုံးအနေနဲ့ ဘယ်ရည်မှန်းချက်ကို ဖန်တီးချင်တာလဲ၊ ဘယ်ကို သွားချင်တာလဲ စသည်ဖြင့် တိကျပြတ်သားတဲ့ ရည်မှန်းချက်တစ်ခုကို ချမှတ်ထားရမှာပဲဖြစ်ပါတယ်။ မပြတ်မသားနဲ့ ဘယ်ဆီ သွားချင်လို့ သွားချင်မှန်းမသိဘဲ မရေမရာဖြစ်နေရင် အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်မှာမဟုတ်ပါဘူး။

အဖွဲ့သားများ၊ ဝန်ထမ်းများရဲ့ တိုးတက်မှုဖြစ်စဥ်နှင့် ပတ်သက်လာပါက တိုက်ရိုက် ပြောဆိုဆွေးနွေးပါ

ခေါင်းဆောင် အမူအကျင့်

ဒီအချက်ကတော့ စောစောက ပြောခဲ့တဲ့ လေးစားသမှုပြုခြင်းနှင့် သက်ဆိုင်ပါတယ်။ သင့်အနေနဲ့ မိမိအနေနဲ့ အသက်အရွယ်အရရော၊ ဝါအရ၊ ရာထူးအရပါ ကြီးရင့်နေပါစေ အဖွဲ့သားများကို အထက်စီးကနေ ဆက်ဆံတာမျိုးကိုတော့ ရှောင်ကြည်သင့်ပါတယ်။ သူတို့လည်း လူသား၊ သင်လည်း လူသား၊ လူ လူချင်းအတူတူမို့ အလုပ်သဘောအရပဲဖြစ်ဖြစ် လေးလေးစားစား ဆက်ဆံဖို့ လိုအပ်ပါတယ်။

အထက်ဖော်ပြပါ အချက်များအပြင် သင့်ရဲ့ ခေါင်းဆောင်မှု အရည်အချင်းနှင့် ပတ်သက်ပြီး သိရှိလိုပါက Feedback များ တောင်းယူခြင်း၊ အိုင်ဒီယာ အသစ်အဆန်းများအား လက်ခံခြင်းနှင့် ကိုယ့်ရဲ့ အောင်မြင်လိုစိတ်ကို လှုံ့ဆော်ပေးတဲ့ Motivation ကိုလည်း ကိုယ်တိုင် ရှာဖွေခြင်းတို့ဖြင့် ခေါင်းဆောင်ကောင်းတစ်ယောက် ပီသအောင် ကြိုးစားနိုင်ပါတယ်။

Source: Businessnewsdaily

Featured Image: Freepik